သတင်း

ရခိုင်ဒေသခံများ  ဧရာဝတီတိုင်းဘက်သို့ ငွေလမ်းခင်းပြီး ထွက်ပြေးနေရ  

လဆန်းကတည်းက ပြန်လည်ပြင်းထန်လာသော ရခိုင်ဒေသအစွန်ဆုံးမြို့ ဂွတိုက်ပွဲများကြောင့် ဒေသခံတို့ ဧရာဝတီတိုင်းဘက် တိမ်းရှောင်စဉ် စစ်ကောင်စီဂိတ်များက ငွေပေးမှ ဖြတ်ခွင့်ပြုသည်ဟု ဆိုသည်။

ယခုလဆန်းမှ စ၍ တိုက်ပွဲ ပြန်လည်ပြင်းထန်လာသော ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ဘက်မှ တိမ်းရှောင်လာသူ အများအပြား ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်စဉ်  အုပ်ချုပ်ရေးဌာန ထောက်ခံစာမပြနိုင်သူများကို စစ်ကောင်စီစစ်ဆေးဂိတ်များက ကျပ်သိန်းဂဏန်းအထိ  တောင်းခံနေကြောင်း သိရသည်။ 

ဂွမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေရာ  သြဂုတ် ၁၀ ရက်နေ့တွင် တိုက်ပွဲ အစပြုခဲ့ရာ ထိုမြို့နယ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပျက်သွားပြီဖြစ်သောကြောင့် ထောက်ခံစာ မရရှိနိုင်ကြောင်း  ဂွဒေသခံတစ်ဦးက ဆိုသည်။

“ဂွမှာကလည်း အုပ်ချုပ်ရေးပိုင်းကသူတွေ မရှိတော့ဘူး၊ ဝန်ထမ်းတွေလည်း ပြေးကုန်ပြီ။ ခု ထောက်ခံချက် လုပ်ဖို့က ခက်ခဲနေတော့ ဖြတ်သန်းဖို့ဆိုရင် စစ်ကောင်စီကို ပိုက်ဆံပေးရတယ်” ဟု စက်တင်ဘာ နောက်ဆုံးအပတ် တွင် စစ်ဘေးရှောင်လာသူ အထက်ပါ ဒေသခံက ပြောသည်။

“မှတ်ပုံတင်မရှိတဲ့သူ၊ လိုအပ်ချက်များတဲ့သူတွေ ဆိုရင် သုံးသိန်းလောက်အထိ ပေးရတယ်” 

စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “စီမံစာ” ဟု ခေါ်သည့် တံဆိပ်တုံးပါသော စာရွက် စာတမ်း ပြသနိုင်မှ  ဧရာဝတီတိုင်းဘက်ကို ဖြတ်သန်းသွားလာခွင့်ပေးခြင်းဖြစ်သည်။ 

တိုက်ပွဲများပြင်းထန်နေသဖြင့် ဩဂုတ်လ ဒုတိယပတ်တွင် ဂွဒေသခံများ တိမ်းရှောင်ခဲ့ကြပြီး ထိုစဉ် ကတည်းက ဧရာဝတီတိုင်းအဝင်တွင် တင်းကျပ်ထားသည်။ 

ဂွမြို့နယ်နှင့်ကပ်လျက် တည်ရှိပြီး AA တပ်ဖွဲ့ သိမ်းထားသည့်၊  မိုင် ၄၀ ဝေးကွာသည့် သံတွဲမြို့နယ်တွင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲနေသဖြင့် ဒေသခံအများစုသည် အဝင်တင်းကျပ်သော ဧရာဝတီတိုင်း ဘက်သို့ ထွက်ခွာနေကြသည်။ 

ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့ စစ်ရှောင်လာရာလမ်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၄ ခု ထက်မနည်း ရှိကြောင်း သိရသည်။

တချို့ကလည်း စစ်ကောင်စီဂိတ်များကို ဖြတ်သန်းရန် မလိုသည့်  ရခိုင်ရိုးမပေါ်ရှိ တောလမ်းကို အသုံးပြုသည်ဟု ဆိုသည်။

ဂွမြို့နယ်အတွင်း ပိုမိုလုံခြုံမည့်နေရာများတွင် တိမ်းရှောင် ကျန်ရစ်သူများလည်း ရှိသည်ဟု ဧရာဝတီရောက် စစ်ဘေးရှောင် ဂွဒေသခံအမျိုးသမီးတစ်ဦးလည်း ပြောသည်။

“ငွေလည်းမရှိ၊ မပြေလည်၊ အခက်ခဲရှိပြီး  နေရပ်လည်းမစွန့်ခွာရဲတဲ့သူတွေကတော့ လက်နက်ကြီးပစ်လို့၊ တိုက်ပွဲ ဖြစ်ရင်တော့ ရွာနဲ့နီးတဲ့နေရာ လွတ်ကင်းတဲ့အနီးကနေရာကိုပဲ ပြောင်းရွှေ့နေနေကြတာပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဂွဒေသခံအများစု ရေကြည် ၊ ငါးသိုင်းချောင်း၊ အသုတ်၊ ကျုံပျော်၊ ပုသိမ်၊ ဟင်္သာတနှင့် သာပေါင်းမြို့နယ် များသို့  သွားရောက်ခိုလှုံကြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရသော ရခိုင်ပြည်နယ် ပေါက်တောမြို့ စစ်ရှောင်များ။ (ဓာတ်ပုံ- Aye Myint Wai)

ဂွမြို့နှင့်ကျိန္တလီမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ကျိန္တလိမြို့ကို AA ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီက မကြာခဏလက်နက်ကြီးဖြင့်လှမ်းပစ်နေကြောင်း   AA ပြောခွင့်ရ ဦးခိုင်သုခက အောက်တိုဘာ ၁ ရက်နေ့တွင်  Myanmar Now ကို ပြောထားသည်။

“ကျိန္တလီကတော့ ကျွန်တော်တို့သိမ်းပိုက်ထားတဲ့မြို့ပဲ။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုတာ၊ လေယာဉ်နဲ့ ပစ်တာတွေတော့ရှိနေသေးတယ်” ဟု သူက ဆိုသည်။

ဧရာဝတီတိုင်းမြို့ကြီးများသို့ ရောက်ရှိလာပါကလည်း အိမ်ငှားစရိတ်ကြီးမြင့်ခြင်း၊ စစ်ဆေးစောင့်ကြည့် ခံရခြင်းတို့ကို ရင်ဆိုင်ရသည်၊ အခြားဒေသများကဲ့သို့ပင် နေရာသစ်တွင် ဧည့်စာရင်းတိုင်ကြားနေရသည်။

“ဧည့်စာရင်း မတိုင်လို့ကတော့၊ ဒေသခံလည်း မဟုတ်ဘူးဆိုလို့ကတော့ အစစ်ဆေးမရှိ အဖမ်းခံရပြီပဲ” ဟု အထက်ပါစစ်ရှောင်အမျိုးသမီးက ပြောသည်။

စစ်ကောင်စီဘက်ကလည်း ဂွမြို့နယ်ကို AA တပ်များ အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်း ထက်မနည်းကို ယခုနှစ် ဇူလိုင်လအတွင်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း ရခိုင်သတင်းဌာနများက ဖော်ပြကြသည်။

လက်ရှိတွင်လည်း ဂွမြို့မြောက်ပိုင်း ကျိန္တလီမြို့ဘက်မှ ထိုးစစ်ဆင်လာသည့် AA ကို တားဆီးနိုင်ရန် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ မြို့လက်မလွှတ်ရရေး ပြင်ဆင်နေကြောင်း သတင်းများ တွင် ဖော်ပြထားသည်။

စစ်ဆေးရေးဂိတ်များက စာရွက်စာတမ်း မပြည့်စုံသူတို့ကို ငွေတောင်းသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို သတင်းအမှောင်ချထားသည်။ စစ်တပ်၏ သတင်းထုတ်ပြန်ရေး အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက် ၃၀ အတွင်း ရခိုင်ပြည်နယ်သတင်း ၃ ပုဒ် ဖော်ပြထားသော်လည်း ရာသီဥတုသတင်းများသာ ဖြစ်နေသည်။

ရခိုင်ဒေသတိုက်ပွဲများတွင် အရှုံးနှင့်သာရင်ဆိုင်နေရသည့် စစ်ကောင်စီသည် AA ထိန်းချုပ်ထားသော မြို့၊ရွာများကို လေကြောင်းဖြင့်နေ့စဥ်ရက်ဆက်ဗုံးကြဲနေသောကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာ ရရှိမှု များပြားနေသည်။

ကျိန္တလီမြို့ကို စက်တင်ဘာ ၄ နှင့် ၅ ရက် လေကြောင်းမှ ဗုံးကြဲခဲ့သလို သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၃ ၊ ၇ ၊ ၁၆ ၊ ၂၂ ၊ ၂၆ ရက် တို့တွင် ဗုံးကြဲခဲ့ရာ အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။ 

အောက်တိုဘာ ၁၂ ရက်နေ့က  ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာအနီး တောင်တန်းများပေါ်တွင်  တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေချိန် အရပ်သားများနေထိုင်သည့်နေရာကို ဗုံးကြဲခဲ့သည့်အတွက်  အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ သုံးဦး သေဆုံးခဲ့ကြောင်း  ဒေသသတင်းများ တင်ဆက်နေသည့် နိရဉ္စရာသတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

သေဆုံးသူများမှာ ကူးတို့လေးကျေးရွာမှ ဦးဝင်းဗိုလ် (၄၅)နှစ်၊ ဒေါ်ခင်မာကြည် (၆၂)နှစ်၊ ကိုပေါက်စီ (၃၃) နှစ်တို့ဖြစ်ကြသည်။

လက်ရှိတွင် AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

ဂွမြို့နယ်တွင် ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိပြီး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ အစိုးရစာရင်းများအရ စုစုပေါင်းလူဦးရေမှာ ၆၅,၀၀၀ ကျော်ဖြစ်သည်။

သံတွဲ-ဂွ-ငါးသိုင်းချောင်း-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင်ရှိသော ဂွမြို့နယ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ်လည်း ဖြစ်ဖြစ်သည်။

Show More

Related Articles

Back to top button