သတင်း

အထွေထွေသပိတ်စစ်ကြောင်းများကို နေပြည်တော်၌ ကြမ်းတမ်းစွာကိုင်တွယ်နေ

ပျဉ်းမနားမြို့တွင်းမှထွက်လာသည့် လူဦးရေသိန်းချီရှိသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းများကို အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဧရိယာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိစေရန် ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းကတည်းက ရဲနှင့် စစ်တပ်က တားဆီးခဲ့ကြသလို ဆန္ဒပြသူတို့ လူစုကွဲ၍ အင်အားနည်းသွားသည်နှင့်တစ်ပြိုင်နက် ဖမ်းဆီးမှုများပြုလုပ်နေသည်။

ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ အထင်ကရ ရှမ်းကန်ရှေ့လမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူတို့ကို ရဲယူနီဖောင်းဝတ်ဆင်ထားသူတို့က လိုက်လံဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့ပြီး ဆန္ဒပြပြည်သူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ကြမ်းတမ်းစွာပြုမှု ဖမ်းဆီးခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါဗီဒီယိုဖိုင်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတို့ကို ရိုက်နှက်တွန်းထိုးရုံသာမက စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကိုပါ ဆွဲလှဲသည်အထိ ပြုမူခဲ့ကြောင်း တွေ့ရသည်။

သတင်းများအရ ဥတ္တရသီရိမြို့နယ်အတွင်းလှည့်လည်ဆန္ဒပြနေသည့် ပြည်သူ ၁၀ဦးကျော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ ၅ဦးကျော်၊ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်ရှေ့တွင် ၅ ဦးခန့် ယနေ့ မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရပြီးဖြစ်ကြောင်း သိရသည်။



နံနက် ၁၁ နာရီခန့်က ပျဉ်းမနားမြို့မှ နေပြည်တော်မြို့တွင်းသို့သွားရာ အဓိကလမ်းမကြီးပေါ်ရှိ နှင်းဆီပန်းအဝိုင်းဖြိုခွင်းမြို့တွင် ရဲနှင့် စစ်တပ်က ၎င်းတို့ကိုပါ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးမည်ပြုသဖြင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရကြောင်း သတင်းထောက်အချို့က ပြောသည်။

ထိုသို့ ပျဉ်းမနားမြို့မှ ထွက်ခွာလာမည့် သိန်းနှင့်ချီသော အထွေထွေသပိတ်စစ်ကြောင်းများကို နေပြည်တော်မြို့တွင်းသို့ အစုလိုက်အပြုံလိုက်မဝင်နိုင်ရန် အဓိကကျသည့် လမ်းမကြီးများကို ရဲနဲ့ စစ်တပ်က ပိတ်ဆို့၍ ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း ဆန္ဒပြပြည်သူတို့က လမ်းကြိုလမ်းကြားမှတစ်ဆင့် ဝင်ရောက်လှည့်လည်နေကြသည်။

သို့သော် နေပြည်တော်မြို့တွင်း အဓိကအချက်အချာနေရာဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်၌ ရဲတပ်ဖွဲ့က သေနတ်သုံးဖြိုခွင်းမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် မသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည့် သပြေကုန်းအဝိုင်းသို့ သွားရာ လမ်းများကိုမူ ပိတ်ဆို့ထားသည်။

ထို့ကြောင့် ဆန္ဒပြပြည်သူများက ကိုယ့်အစုအဖွဲ့နှင့်ကိုယ်စီ ရရာလမ်းများမှတစ်ဆင့် နေပြည်တော်မြို့တွင်း လှည့်လည်ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတို့ လူစုမရ၍ လူအင်အားနည်းသည်နှင့် တစ်ပြိုင်နက် ဖမ်းဆီးနိုင်ရန် ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ စစ်အာဏာသိမ်းယူသည့်လုပ်ရပ်ကို ဆန့်ကျင်ကွက်ကြသည့် ပြည်သူများက ၂ ဂဏန်းငါးလုံးဆုံသည့် ယနေ့(၂၂-၂-၂၀၂၁)တွင် နိုင်ငံအနှံ့၌ လူသိန်းသောင်းချီပါဝင်သော ဆန္ဒပြပွဲများ ဆင်နွှဲနေကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူအများအပြားက ယနေ့(တနင်္လာ)တွင် အထွေထွေသပိတ်ဆင်နွှဲရန် ကြိုတင်တိုက်တွန်းခဲ့ကြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ဆိုင်ကြီး၊ ဆိုင်ငယ်များ အားလုံးနီးပါးကို ပိတ်သိမ်းကာ ပြည်သူအများအပြား လမ်းပေါ်ထွက်၍ ဒီမိုကရေစီနှင့်ဆန့်ကျင်သော တပ်မတော်၏ လုပ်ရပ်ကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

အထွေထွေသပိတ်လှုပ်ရှားမှုတွင် ပြည်တွင်း နာမည်ကျော်သည့် စိန်ဂေဟာ၊ စီးတီး မတ်၊ ဂမုန်းပွင့်ကုန် တိုက်ကြီးများလည်းပါဝင်သည်ကို တွေ့ရပြီး အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ အာဏာဖီဆန်ရေးလှုပ်ရှားသူ CDM အစိုးရဝန်ထမ်းများပါမကျန် စစ်ကောင်စီကို လမ်းပေါ်ထွက်၍ ဆန္ဒပြနေကြသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ရရှိထားသော စာရင်းများအရ လုံခြုံရေးအဖွဲ.များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး၊ ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာများရထားသည့်အပြင် လူပေါင်း ၅၀၀ ကျော် ဖမ်းဆီးခံထားရသည်။

စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် လူဦးရေသိန်းချီဆန္ဒပြလေ့ရှိသည့် ရန်ကုန်မြို့ရှိ သံရုံးများသို့ သွားရာလမ်းများ၊ မြို့ကိုဆက်သွယ်ထားသည့် အဓိကကျသည့် တံတားနှင့် လမ်းဆုံများကို ရဲတပ်ဖွဲ့က ညကတည်းက ပိတ်ထားသော်လည်း ဆန္ဒပြပြည်သူများက အတားအဆီးမျိုးစုံကို ရရာနည်းဖြင့် ငြိမ်းချမ်းစွာ ရင်ဆိုင်၍ စုရပ်များတွင် စုဝေးလျက်ရှိသည်။

Show More

Related Articles

Back to top button