သတင်း

သီပေါတွင် တိုက်ပွဲပြင်းထန် အရပ်သား ၃၀ ကျော်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် တအာင်းတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း အရပ်သား၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ဩဂုတ်လဆန်းမှစတင်သည့် တိုက်ပွဲများအတွင်း  လက်နက်ကြီး ပစ်ခတ်မှု၊   လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် သေဆုံးသည့် အရပ်သား အရေအတွက် ၃၀ ကျော် လာပြီဟု သိရသည်။

သေဆုံးဒေသခံ ၃၇ ဦး၊   ဒဏ်ရာရသူ ၅၀ ကျော် ရှိသည်ဟု တအာင်း/ပလောင်တပ် (TNLA)၏ ထုတ်ပြန်ချက်၊  သီပေါအခြေစိုက် ပရဟိတ အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

အောက်တိုဘာ ၈ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် Y-12 အမျိုးအစား တိုက်လေယာဉ်ဖြင့် သီပေါမြို့ပေါ်နှင့် မြို့အနီးရှိနမ့်ငုံးကျေးရွာသို့ ဗုံးအလုံးရေ ၅၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် သီလရှင်တစ်ပါး ပျံလွန်ခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသအခြေစိုက် ပရဟိတအဖွဲ့တစ်ခုက အတည်ပြုထားသည်။

“သီပေါမြို့ရဲ့ တောင်ဘက်ခြမ်းမှာ မဟာမြတ်မုနိဘုရားကြီးဝန်းကျင်နားမှာ ကြဲတာ၊ အဲဒီဘက်က သီလရှင်တစ်ပါး ထိတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” ဟု အထက်ပါ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း  မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွှေကျောင်းရပ်ကွက်နှင့် ပန်းတိမ်တောင်ရက်ကွက်တို့ ဗုံးကြဲခံရသည်ဟု သိရသည်။

လူဦးရေ ၈,၅၀၀၊ အိမ်ခြေ ၁,၅၀၀ နီးပါးရှိသည့် သီပေါမြို့တွင် တိုက်ပွဲများကြောင့် ဒေသခံ ၇၅ ရာခိုင်နှုန်းနီးပါး တိမ်းရှောင်သွားကြသည်ဟုလည်း သိရသည်။

TNLA က  သီပေါမြို့ရှိ စစ်ကောင်စီတပ်များကို   ဩဂုတ် ၉ ရက်မှစတင် တိုက်ခိုက်ကာ  ရက်ပိုင်းအတွင်း မြို့ကို  ထိန်းချုပ်နိုင်ခဲ့ပြီး မြို့အနီးဝန်းကျင်ရှိ   ခြေမြန်တပ်ရင်း ခမရ(၅၀၃)၊ (၅၀၄) နှင့် ခြေလျင်တပ်ရင်း ခလရ(၂၃)တို့ကိုပါ ဆက်လက်တိုက်ခိုက်နေခဲ့သည်။

အောက်တိုဘာ လဆန်းပိုင်းတွင် ခမရ(၅၀၃)၊ (၅၀၄)တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ(၂၃) ကို ဆက်လက်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲပြီး ခုခံနေသည်ဟု သိရသည်။

ဩဂုတ်လကုန်ပိုင်းတွင် တရုတ်နိုင်ငံက TNLA ကို  ထိုးစစ်များရပ်ဆိုင်းရန် ခြိမ်းခြောက်အမိန့်ပေးခဲ့သည့် စာတစ်စောင်ထွက်ပေါ်လာပြီး TNLA ကလည်း တရုတ်ဖိအားကို ရင်ဆိုင်နေရကြောင်း ဝန်ခံထားသည်။

ထိုအခြေအနေများကြောင့် TNLA သည် စစ်မျက်နှာသစ် ထပ်မံတိုးချဲ့ခြင်း မရှိသော်လည်း သီပေါနှင့် နောင်ချိုမြို့ တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် သီပေါမြို့တိုက်ပွဲအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။

သီပေါရှိ နောက်ဆုံးကျန်သည့် ခလရ(၂၃)တပ်မှာ အပြင်းအထန်ခုခံနေသည်ဟု TNLA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်)က အပြင်းအထန်ပြန်ခုခံနေတယ်။ စစ်အင်အားတွေ လက်နက်အင်အားတွေ အများအပြားသုံးပြီးတော့ ချနေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့်နှစ်‌ အောက်တိုဘာ ၂၇ ရက်ကစတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် စခန်းများနှင့် နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့ စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ ရပ်တန့်ခဲ့ပြီး ဇွန် ၂၅ရက်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။ ထို့နောက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button