
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို၌ အောက်တိုဘာ ၆ မှ ၁၁ ရက်နေ့ အထိ ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီခန့် ကိုယ်စားလှယ် တက်ရောက်ခွင့်ရနေရုံသာမက ဝန်ကြီးအဆင့် အစည်းအဝေးများကိုပါ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတော့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာအရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်လိုက်သည်။
အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ အမျိုးသမီးများဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတို့အပါအဝင် စွမ်းအင်၊ စိုက်ပျိုးရေး ၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းတို့နှင့်သက်ဆိုင်သည့် အစည်းအဝေး ၁၉ ခုကို မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ပြီး ကျင်းပသွားမည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်ကို ထိုသို့ အစည်းအဝေး ကျင်းပခွင့်ပေးနေခြင်း၊ ထိတွေ့ ဆက်ဆံနေခြင်းမှာ အပြစ်မဲ့ပြည်သူများ ညှဉ်းပန်းနှိပ်စက်၊သတ်ဖြတ်ခံနေသည့် ရာဇဝတ်မှုများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy (DMD) အဖွဲ့က ယမန်နေ့(အောက်တိုဘာ ၈)တွင် ကန့်ကွက်စာ ထုတ်ပြန်ထားသည်။ သံတမန်နှင့်ကြားခံဖျန်ဖြေသူအဖြစ်ရှိနေမည့် အာဆီယံအပေါ်ယုံကြည်ကိုးစားမှု ဆုံးရှုံးစေမည်ဟု ကန့်ကွက်စာက ဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်သည် ကလေးငယ် ၆၀၀ ကျော်အပါအဝင် အရပ်သားပြည်သူ ၅၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ဆောင်ရွက်နေသည်၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းများမှ ရရှိသည့် အမြတ်အစွန်းများဖြင့် ထိုရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်ဟု Defend Myanmar Democracy ၏ ထိုထုတ်ပြန်ချက်က ဆိုသည်။
စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာနိုင်ငံတွင် ဝန်ကြီးအဆင့် အစည်းအဝေးများ အပါအဝင် အာဆီယံ အစည်းအဝေးများလာရောက် ကျင်းပနေခြင်းမှာ ရုပ်ပျက်ဆင်းပျက်နိုင်လွန်းသည်ဟု DMD ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောသည်။
“လက်ခံကျင်းပတဲ့လူတွေကတော့ နိုင်ငံရေးအရတရားဝင်မှုလိုချင်လို့ဖြစ်စေ၊ သူခိုးသေဖော် ညှိချင်လို့ဖြစ်စေ တက်တက်ကြွကြွစီစဉ်ကြမှာပါ။ အဲဒါကို လာတက်ကြမယ့် လူတွေဘက်က ကိုယ့်သိက္ခာ၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာကို ငှဲ့ကွက်ပြီးလာမတက်ကြဖို့တားခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဆီယံအနေဖြင့် မြန်မာပြည်သူလူထု၏ အသံကို နားထောင်ရန်လိုအပ်နေပြီး အာဏာသိမ်း စစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု မပေးအပ်ရန် ၎င်းက တောင်းဆိုလိုက်သည်။
“ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အာဆီယံဆိုတာဟာ မြန်မာစစ်အုပ်စုအပါအဝင် ဒေသတွင်းက အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုဖော်ဆောင်နေတဲ့၊ ပြည်သူတွေရဲ့ အသံကို မျက်ကွယ်ပြုတဲ့ အစုအဖွဲ့အဖွဲ့လို့ပဲ ပြောချင်ပါတယ်” ဟု ကိုနော်အောင်က ဆက်ပြောသည်။
အာဆီယံထိပ်သီး အစည်းအဝေးများကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး လာအိုနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည်။ ထိုအစည်းအဝေးတွင် တောင်တရုတ်ပင်လယ် အရေးနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို အာဆီယံခေါင်းဆောင်များအကြား ပြင်းပြင်း ထန်ထန်ဆွေးနွေးနေကြခြင်းဖြစ်သည်။
မြန်မာပြည်သူလူထုမှာ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို နည်းပေါင်းစုံဖြင့်ခံနေရပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရန် ကြိုးပမ်းနေသည့် ကာလတွင် မြန်မာနိုင်ငံတွင် အာဆီယံ အစည်းအဝေးများကျင်းပရန် စီစဉ်ခြင်းမှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို စော်ကားခြင်းဖြစ်သည်ဟု Progressive Voice (ရှေ့ပြေးအသံအဖွဲ့) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။
“မြန်မာနိုင်ငံမှာသွားပြီးတော့ အစည်းအဝေးလုပ်တယ်ဆိုရင်တော့ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖယ်ရှားရေး လုပ်နေတဲ့ တော်လှန်ရေး တစ်ရပ်လုံးနဲ့ ပြည်သူတစ်ရပ်လုံးအပေါ်မှာ မထီမဲ့မြင် ပြုခြင်း၊ စော်ကားခြင်းလို့ ဒီလိုမျိုးသတ်မှတ်လို့ရတယ်။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အာဆီယံထိပ်သီးအစည်းအဝေးများတွင် စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက် ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် ထိတွေ့ဆက်ဆံရန်ကိုလည်း Progressive Voice (ရှေ့ပြေးအသံအဖွဲ့) အပါအဝင် မြန်မာအရပ်ဖက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အာဆီယံခေါင်းဆောင်များထံ အိပ်ဖွင့်ပေးစာ ပေးပို့ထားသည်ဟု ၎င်းက ဆက်ပြောသည်။
“တရားဝင်မှု မရှိတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကိုယ်စားပြုပြီးတော့မှ ဘာအကြောင်းကြောင့်မှ စစ်တပ် လက်အောက်ခံတွေက မြန်မာနိုင်ငံကိုယ်စားပြုဆိုပြီးတော့ အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခွင့် မရသင့်သလို ရနေရင်လည်းအဲ့လို ရနေတာဟာ ကျွန်မတို့ မြန်မာပြည်သူတွေက တရားဝင်မှုပေးထားတဲ့ ကိစ္စ မဟုတ်နေဘူး။ ဒါကြောင့်မို့လို့ တက်ခွင့်ပြုတာတွေ အားလုံးကို ရပ်ဖို့ဆိုပြီး ကျွန်မတို့က ပြောထားတာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
လာအိုနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလဲင်ကန်လည်း တက်ရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ဖိအားပေးသွားမည်ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးလည်း အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တက်ရောက်နေသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အမြန်ဆုံးအဆုံးသတ်နိုင်ရန် အရေးကြီးပြီး မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် အာဆီယံသည် အရေးကြီးသည့် အဓိကအခန်းကဏ္ဍက ပါဝင်နေသည်ဟု ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က အောက်တိုဘာ ၇ က သတင်းထောက်များကို ပြောကြားထားသည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေး ဖြေရှင်းရန် ၂၀၂၁ ဧပြီလတွင် မူဝါဒ ၅ ချက် ချမှတ်ခဲ့သော်လည်း ထိုလုပ်ငန်းစဉ် အလုပ်မဖြစ်သေးကြောင်း တွေ့ရသည်။