
လူဦးရေ ၇၀၀၀ ခန့် နေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပင်လည်ဘူးမြို့ကို တော်လှန်ရေး တပ်ပေါင်းစုက ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံက သိရသည်။
မူးမြစ်အရှေ့ဘက်ကမ်းရှိ ထိုမြို့ထဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF, ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ဝင်ရောက်တပ်စွဲထားသည်ဟု နားလည်ရသည်။
ထိုတော်လှန်ရေးတပ်ပေါင်းစုသည် သြဂုတ်လလယ်ကတည်းက ပင်လည်ဘူးနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
သတင်းခုနှစ်ပတ်နီးပါးကြာမြင့်သည့် ထိုးစစ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် မြို့တွင်းရှိ စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်များထံ လက်နက်ချခဲ့သည်ဟုလည်း ဒေသတွင်းစစ်ရေးသတင်းများက ဆိုသည်။
မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချမှု၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု အခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပေ။
ယနေ့နံနက်ပိုင်းတွင် တိုက်လေယာဉ်သုံးစီး ပင်လည်ဘူးမြို့ကို လာရောက် ဗုံးကြဲခဲ့သည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပင်လည်ဘူးတိုက်ပွဲတွင် ၎င်းတို့တပ်များပါဝင်နိုင်သော်လည်း မြို့သိမ်းတိုက်ပွဲအပါအဝင် နောက်ဆုံးအခြေအနေကို အတိအကျမပြောနိုင်သေးကြောင်း KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ပင်လည်ဘူးကတော့ NUG ရဲ့နယ်မြေဖြစ်နေတာ။ ဒါကြောင့် ကျွန်တော်တို့ သတင်းကွန်ရက်ကနေ ဆက်သွယ်မှုတွေ မရှိဘူး။ အဲ့ဒါကြောင့် အတည်ပြုပြောလို့ အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။
NUG အစိုးရကို Myanmar Now က ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။
စစ်ကောင်စီကလည်း ပင်လည်ဘူးမြို့ တိုက်ပွဲ အခြေအနေကို သတင်းအမှောင်ချထားသည်။
စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လထုတ် အချက်အလက်များအရ ပင်လည်ဘူးမြို့သည် မြို့ပေါ် ရပ်ကွက် ၂ တွင် အိမ်ခြေ ၁၅၀၀ ကျော် ရှိပြီး လူဦးရေ ၇၀၀၀ ခန့် နေထိုင်ကာ ကောလင်း၊ ဝန်းသို၊ ကျွန်းလှ၊ ဖောင်းပြင်၊ ဗန်းမောက်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
တောင်ကုန်းတောင်တန်းထူထပ်သည့် ပင်လည်ဘူးမြို့တွင် အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း မြို့တွင်းတိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
၂၀၂၁ ဧပြီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တူမီးကိုင်သည့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ဒေသခံ ၃ ဦးသေဆုံးပြီး၊ မြို့နယ်ရုံး၊ ထွေအုပ်ရုံးနှင့် စာရင်းစစ်ဟောင်းရုံးတို့ မီးလောင် ပျက်စီးခဲ့သည်။
ထို့နောက်တစ်နှစ်နီးပါးအကြာ ၂၀၂၂ ဧပြီလတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက မြို့ပေါ်ရှိ စစ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည်၊ ၁၁ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားရာနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုက ပြန်လည်ဆုတ်ခွာသွားသည်။
ထိုမြို့တွင်းတိုက်ပွဲဖြစ်ချိန်ကတည်းက မြို့ခံအများစုမှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်း နေရာယူတပ်စွဲထားသည်။
ယခုနှစ်ဆန်းပိုင်းတွင် တော်လှန်ရေးအင်အားစုက ပင်လည်ဘူးမြို့ကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
ဇူလိုင်လ ၆ ရက်ကလည်း ပင်လည်ဘူးမြို့၊ ကျောက်တိုင်ကွင်းတွင် ဆင်းသက်လာသည့် Mi-17 အမျိုးအစား စစ်ရဟတ်ယာဉ်ကို စစ်ကိုင်းတိုင်း ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ထိခိုက်မှု ရှိခဲ့သော်လည်း တိုက်ခိုက်ခံအရပြီး ထိုနေရာမှ ပျံတက်သွားသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်တပ်က ရှမ်း၊ ချင်း၊ ကချင်၊ ကယား (ကရင်နီ) ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှ မြို့ပေါင်း ဆယ်နှင့်ချီ လက်လွှတ်ခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ အခိုင်အမာ အခြေပြုတပ်စွဲထားသည့် မြို့များကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ ၆ မြို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက ၂ မြို့ကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ခရိုင်အဆင့်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလဆန်းတွင် စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထို့အတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာနှင့် မိုင် ၆၀ ခန့်သာဝေးသည့် ဒီပဲယင်းမြို့ကို ယခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ် ထိုးစစ်ဆင် လာသည့်အတွက် နာရီပိုင်းအတွင်းပြန်လည်ဆုတ်ခွာခဲ့ရသည်။
စစ်ကိုင်းတိုင်း အိန္ဒိယ နယ်စပ်ရှိ ခမ်းပါတ်၊ မော်လူး၊ ရွှေပြည်အေးနှင့် မြို့သစ်မြို့တို့ကို တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားဆဲဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားများလည်ပတ်လျက်ရှိသည်။