သတင်း

ရခိုင် ၄ မြို့နယ် လေတပ်တိုက်ခိုက်မှုကြောင့် ၁၉ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

နှစ်ရက်တာအတွင်း ရခိုင်ပြည်နယ် မြို့နယ်တချို့ ပစ်ခတ်၊ ဗုံးကြဲခံရသဖြင့် အရပ်သား အများအပြား သေဆုံးသွားရာ ထိုအထဲတွင် ၆ နှစ်သား တစ်ဦး ပါဝင်သည်ဟု သိရသည်။

ရခိုင်ဒေသတွင် ထိန်းချုပ်နယ်မြေအများအပြား စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီသည် တောင်ကုတ်၊ မောင်တော၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို   နှစ်ရက်ဆက်  ဗုံးကြဲခဲ့ရာ အရပ်သား ၁၉ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၇) ညနေ ၄ နာရီတွင် လက်ကျန်တပ်စခန်းတစ်ခုသာ ကျန်ပြီး လက်လွှတ်ဆုံးရှုံး ရခါနီးဖြစ်သော မောင်တောမြို့နယ်ကို  လေတပ်က တိုက်ခိုက်ရာ မြို့တောင်ဘက် ၃ မိုင်ကျော်အကွာ ခရေမြိုင်ကျေးရွာ စာသင်ကျောင်းကို ထိမှန်သလို လမ်းပေါ်တွင် သွားလာနေသည့် ဒေသခံများလည်း ထိခိုက်သွားသည်ဟု သိရသည်။

ဆိုင်ကယ်စီးနေသည့် အသက် ၁၉ နှစ်အရွယ် မောင်အောင်အောင်စိုး၊ အသက် ၁၈ နှစ် အရွယ် မောင်ထွန်းဝင်းတို့ ပွဲချင်းပြီးသေဆုံးသည်၊ ဒဏ်ရာရသွားသူတို့မှာ အသက် ၂၄ နှစ်အရွယ်များဖြစ်သော မကျော့နု နှင့် မအေးဌေး၊ ၁၆ နှစ်အရွယ် မောင်စိုးဝင်းမောင်တို့ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကညက ကျွန်တော် ခရေမြိုင်ရွာကို သွားနေတုန်းရွာကို ဂျက်(လေယာဉ်) နဲ့ ပစ်တာပါ။ သေဆုံး သွားတာက နှစ်ယောက်ပါ။ ပေါင် ၂၅၀ ဗုံး နှစ်လုံးနဲ့ ချခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

“ဂျက်လေယာဉ်ကနေ စက်သေနတ်နဲ့လည်း ပစ်ခဲ့သေးတယ်။ စာသင်ကျောင်းမှာက မောင်တောမြို့က စစ်ဘေးရှောင်တွေက နေကြတာပါ”

ယင်းည ၁၁ နာရီမှာပင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို  လေယာဉ်က ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဒေသခံ ၁၇ ဦးခန့် သေဆုံးကာ ၆ ဦးခန့် ဒဏ်ရာရရှိသွားသည်၊ ဒေသခံများဘေးလွတ်ရာ ပြေးလွှားနေရသဖြင့် အသေးစိတ်အခြေအနေ မသိရှိရသေးဟု တန်းလွဲရွာမဒေသခံတစ်ဦး၏ ပြောပြ ချက်ကိုကိုးကား၍ တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

“တန်းလွဲရွာမစျေးနဲ့ ရွာမရွာသစ်ရဲ့ဘုန်းကြီးကျောင်းကြားကို ဗုံး ၃ လုံးကြဲခဲ့တာ။ သေဆုံး၊ ဒဏ်ရာရ တာတွေကတော့ အားလုံး အရပ်သားပါပဲ ”ဟု ၎င်းက ဆိုသည်။

သေဆုံးသူများအနက် ၁၃ ဦးမှာ မောင်စွမ်းဆက်နိုင်(၆ နှစ်)၊ ဦးကျော်မြသန့် (၇၀ နှစ်)၊ ဦးမောင်ကြီး (၄၀ နှစ်)၊ ဦးခင် မောင်ဇင် (၆၁ နှစ်)၊ ဒေါ်ရွှေလာ(၅၇ နှစ်)၊ ဒေါ်မချစ်စု(၄၆ နှစ်)၊ ဦးမောင်မြင့်လွင် (၅၆ နှစ်)၊ ဦးဆန်းဇော်ဌေး (၃၄ နှစ်)၊ ဒေါ်ခင်ဌေးမြင့်(၄၂ နှစ်)၊ ဒေါ်ခင်ဆန်း(၅၂ နှစ်)၊ ဦးခင်မောင်ရီ(၄၈နှစ်)၊ ဦးအောင်ကျော်စိန်(၆၉ နှစ်) ၊ ဒေါ်မတင်ရီ(၆၁ နှစ်) တို့ ဖြစ်ကြသည်ဟု ဒေသ သတင်းများဖော်ပြနေ သော အာရက္ခမင်းသမီး သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ဒဏ်ရာရသူ ၆ ဦးမှာ  ဦးသန့်လွင် (၆၃ နှစ်)၊ ဒေါ်ရွှေခဲ (၅၀ နှစ်)၊ ဒေါ်ခင်မိုးလွင်(၅၁ နှစ်)၊ ဦးသောင်း ဝေ(၇၃ နှစ်)၊ ဒေါ်မိုးစိန် (၇၅ နှစ်)၊ ကိုအောင်မင်း(၂၆ နှစ်)တို့ ဖြစ်ကြသည်။

ထိန်းချုပ်နယ်မြေများတွင် ယခုရက်ပိုင်းက တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-APM ရုပ်သံ)Screenshot

တန်းလွဲရွာမမြို့ရှိရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးနောက် မြို့ကို AA က ထိန်းချုပ်ထားခြင်းဖြစ်သည် ။ 

AA ထိန်းချုပ် နယ်မြေဖြစ်သော်လည်း အရပ်သားပြည်သူအများအပြားရှိသဖြင့် ဗုံးမကြဲသင့်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

“ကျွန်တော်တို့ပြည်သူတစ်ယောက်အနေနဲ့ပြောချင်တာကတော့ ပြည်သူကြားထဲကိုတော့ ဗုံးမချစေချင် ဘူး။ အခု သေနေဟာတွေက ပြည်သူတွေများနေတယ်။ ပြည်သူကြားထဲကို အမြောက်နဲ့ပစ်တာမျိုး၊ လေယာဉ်နဲ့ ပစ်တာမျိုးက လုံးဝလုံးဝ မလုပ်သင့်ဘူးလို့မြင်ပါတယ်” ဟု သူက ဆိုသည်။

တန်းလွဲရွာမမြို့ကို   စက်တင်ဘာ ၂၄ ရက် ည ၈ နာရီခန့်ကလည်း လေကြောင်းမှ ဗုံးကြဲခဲ့ သဖြင့် ဒေသခံ ၂ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားသည်။ အလားတူ တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့် အကွာ လူတစ်ထောင်ကျော် နေထိုင်သည့် ကင်းတောင်ရွာကို အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့် နှင့် ညနေပိုင်းတွင် ဗုံးကြဲခဲ့သဖြင့် အနည်းဆုံး ဒေသခံ ၇ ‌ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာ ရသွား သည်။ 

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) လက်အောက်ခံတပ် ရင်းများဖြစ်ကြသည့် ခမရ ၃၄၆ ၊ခမရ ၅၄၄ တို့နှင့် အခြားစခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေသည်ဟု AA က အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်သည်။

လက်ရှိတွင် တောင်ကုတ်မြို့အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊  မြို့မစျေးတို့ ပိတ်ထားပြီး မြို့ခြောက်ကပ်လျက်ရှိသည်၊  မြို့၏သုံးပုံနှစ်ပုံခန့်မှာ အချိန်မရွေး ဖြစ်ပွားလာနိုင် သော တိုက်ပွဲကြောင့် မြို့ကို စွန့်ခွာထွက်ပြေးသွားပြီး သူခိုးများသောင်းကျန်းနေကြောင်း အထက်ပါ မြို့ခံက ပြောသည်။ 

“အစိုးရယန္တရားလည်ပတ်မှု မရှိတော့ဘူး။ ဘယ်ဌာနမှာမှ အကြီးအကဲမရှိတော့ဘူး။ ကျွန်တော် ထင်တာကတော့ မြို့ထဲမှာ လူဦးရေ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့မယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ဖွင့်ထားပေမယ့် အိမ်မှာ ၁၀ ယောက်ရှိတဲ့အိမ်က တစ်ယောက်ပဲ အစောင့် ကျန်ခဲ့တယ်။ အဲလိုမျိုးပေါ့”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် တောင်ကုတ်တက္ကသိုလ်၊ ကိုင်းရှည်တံတားတို့တွင်လည်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသောကြောင့် ဒေသခံတို့ သွားလာရ အခက်အခဲဖြစ်နေ သည်ဟု သူက ဆက်ပြောသည်။

AA ထိန်းချုပ်သည့် ပေါက်တောနှင့် ပုဏ္ဏားကျွန်း ဗုံးကြဲခံရမှု

စစ်တွေနှင့် မလှမ်းမကမ်း ဖြစ်သော ပေါက်တောမြို့နယ်၊ နတ်တောင်ပြင်ရွာကို ယနေ့ (အောက်တိုဘာ ၈ )၊နံနက် ၂ နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အသက် ၆၀ ကျော်အရွယ် ဦးအောင်ကျော်သိန်းဆိုသူ ဒဏ်ရာရရှိသွားသည် ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

ပျက်စီးသွားသည့် ပေါက်တောမြို့နယ်၊ နတ်တောင်ပြင်ကျေးရွာမှ ဓမ္မာရုံ။ (ဓာတ်ပုံ-APM) 

“လေယာဉ်နဲ့ပစ်လို့ ခဏနေတာနဲ့ စစ်တွေက လက်နက်ကြီးနဲ့ပစ်တယ်။ တောင်းဖူး (ရွာ) မှာလည်း ကုန်းထက်မှာ တစ်လုံးကျတယ်”ဟု ၎င်းက ဆိုသည်။

Mytel ဖုန်းလိုင်းတစ်ခုတည်း အသုံးပြုနိုင်သော်လည်း ယနေ့နံနက်ပိုင်းက စတင်က ထိုလိုင်း အသုံးပြုနိုင်ခြင်း မရှိတော့သဖြင့် အသေးစိတ်အခြေအနေကို မသိရှိရသေးဟု ၎င်းက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်အပြီး တွေ့ရသော ပုဏ္ဏားကျွန်းမြို့နယ်၊  ကွမ်းတောင်ရွာမှ နေအိမ် တစ်လုံး။  (ဓာတ်ပုံ-APM)

ယနေ့ နံနက် ၁ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ၊ ကွမ်းတောင်ရွာနှင့် မြောင်ကြီး ရွာတို့ကို    ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ  နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း အာရက္ခမင်းသမီးမီဒီယာက ဖော်ပြထားကာ ဒေသခံ အထိအခိုက်မသိရသေးပေ။

စစ်ကောင်စီသည် ယခင်လအတွင်းကလည်း ရခိုင်အပါအဝင် ဒေသအနှံ့အပြားကို လေကြောင်းမှ တိုက်ခိုက်နေရာ  သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်သည် အသေအပျောက် အများဆုံး ဖြစ်သည်။ 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ  သေဆုံးမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။

Show More

Related Articles

Back to top button