
ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ Lucky Men ဟိုတယ်တွင် တစ်လ ကျော်ကြာ တပ်စွဲခုခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုက ယနေ့ နံနက်တွင် တိုက်ခိုက်ရှင်းလင်းလိုက်သည်၊ တပ်ရင်းမှူးနှင့် တပ်သားတချို့ လွတ်မြောက်သွားသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာ ၇ ရက်နေ့ ကတည်းက စစ်တပ်က ဟိုတယ်ထဲ ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲများပြင်းထန်ခဲ့သည်။
စက်တင်ဘာ လကုန်တွင် သီတင်းတစ်ပတ်နီးပါး တိုက်ပွဲငြိမ်သက်နေခဲ့ရာမှ အောက်တိုဘာ ၆ ညနေတွင် တိုက်ပွဲများပြန်ဖြစ်ခဲ့ကြောင်း၊ ဗုံးတပ်ဒရုန်းများ အသုံးပြုခဲ့သည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“Lucky Men ဟိုတယ်ကို ဒီမနက်ပိုင်းသိမ်းလိုက်ပြီ၊ အနီးကပ်ဝင်လုံးပြီး သိမ်းလိုက်တာ၊ အခုက မီးရှို့လိုက်ပြီ။ သူတို့ဘက်က အယောက် ၂၀ ကျော် သေတယ်၊ ၂၀ ကျော် အရှင်မိတယ်” ဟု ထိုသူက ဆိုသည်။
“တိုက်ပွဲစဖြစ်တုန်းက သူတို့ (စစ်တပ်)က ဝန်ထမ်းတွေကို ဓားစာခံဖမ်းထားတော့ တိုက်ရခက်နေတာ၊ ပြီးတော့ Lucky Men ဟိုတယ်ရယ်၊ သူဘေးက KTV ရယ်က ဘန်ကာလို ဖြစ်နေတော့ တိုက်ရခက်နေတာ၊ မနေ့ကတော့ တစ်နေကုန် ဒရုန်းတွေနဲ့ချပြီး ဆက်တိုက်ချလိုက်တာ”
စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားသည့် တပ်ရင်းမှူးနှင့် စစ်သားတချို့ကိုလည်း လိုက်လံ တိုက်ခိုက်နေသည်ဟု သိရသည်။
KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ ထိုသတင်းကို အတည်မပြုသေးပေ။
“သိမ်းလို့ရပြီလို့တော့ လူမှုကွန်ရက်မှာတော့တွေ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ တရားဝင်သတင်းဌာန အနေနဲ့တော့ သတင်းပေးတာ ဘာမှမရှိသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ရတော့ ရမှာပါ၊ ဒါပေမယ့် နည်းနည်း စောင့်ကြည့်ဖို့ လိုတယ်ထင်တယ်”
စစ်ကောင်စီကမူ တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။
အထပ် ၃ ထပ် ပါသည့် ဟိုတယ်ကို လွန်ခဲ့သော တစ်နှစ်ကျော်ခန့်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး KTV နှင့် လောင်းကစားလုပ်ငန်းကိုလည်း ဝန်ဆောင်မှုပေးသည့်နေရာဖြစ်သည်ဟု သိရသည်။
ဟိုတယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ရောက်နေသည့် သတင်းကြောင့် အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဟိုတယ်ကို တိုက်ခိုက်နေစဉ်အတွင်း စက်တင်ဘာ ၁၂ တွင် အနီးရှိ ဆိုင်းတောင်ရွာ ရဲစခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။

ရဲစခန်းကုန်းကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက် နေ၍ ဖားကန့်မြို့မှ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိသော ဆိုင်းတောင်ရွာရှိ အရပ်သား နေအိမ်အများအပြား မီးလောင်ခဲ့သည်။
ဖားကန့်မြို့နှင့် တဆက်တည်း ရှိနေသည့် ဆိုင်းတောင်ရွာသည် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကြောင့် စည်ကားသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ရပ်ကွက်များနှင့် ဖွဲ့စည်းထားကာ လူဦးရေ ထောင်ဂဏန်း နေထိုင်သည်။
တိုက်ပွဲများကြောင့် ဆိုင်းတောင်တွင် နေထိုင်သူ အားလုံးနီးပါး တိမ်းရှောင်ခဲ့ကြသလို ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
Lucky Men ဟိုတယ်ရှိ စစ်ကောင်စီတပ်သားများကို ရှင်းလင်းအပြီး ဆိုင်းတောင်ရွာကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ခြင်းမှာ အနီးရှိ ဖားကန့်မြို့ကို စစ်ရေးအရ ပိုပြီး ဖိအားပေးလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ယခုနှစ် မတ်လမှ စတင်သည့် KIA ထိုးစစ်များ ကြောင့် ဖားကန့်မြို့နယ်တွင်းရှိ စစ်တပ်၏ အရေးကြီးစစ်စခန်း ၁၉ ခုကို သိမ်းပိုက်ထားပြီး ဖားကန့်မြို့ကို ပိတ်ဆို့ထားနိုင်သည်။
ဖားကန့်မြို့နှင့် ဝန်းကျင်ရှိ ဖားကန့် တပ်မကုန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းကောင်ဘွမ်စခန်း၊ ဖားကန့် ရဲစခန်း၊ မဇွပ်ယန်ထောင်၊ လယ်ပြင်ယမ်း ချက်စခန်း၊ ကာမိုင်းဗျုဟာကုန်း၊ ကာမိုင်းရဲစခန်း၊ လုံးခင်းမျောက်ကုန်းစခန်းတို့တွင် စစ်ကောင်စီက ဆက်လက် တပ်စွဲထားဆဲ ဖြစ်သည်။
KIA က ကချင်ပြည်နယ်ရှိ မြို့ ၁၀ မြို့နှင့် ရှမ်းမြောက် မဘိမ်းမြို့တို့ကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီးဖြစ်သည်။