Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >
ယနေ့ (စက်တင်ဘာ ၁၂) နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်း တပ်များ သိမ်းပိုက်ခဲ့သော ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရွာ ရဲစခန်းကုန်းကို လေတပ်က အပြင်း အထန် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
စစ်တပ်နှင့် ရဲများ ပူးပေါင်းတပ်စွဲထားသည့် အဆိုပါစခန်းကုန်းကို ယမန်နေ့ည ၁၀ နာရီခန့်မှ စတင် စစ်ထိုးပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စခန်းကုန်းကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်နေ၍ အရပ်သားနေအိမ်များမီးလောင်လျက်ရှိသည်ဟု ဆိုသည်။
“ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လူနေရပ်ကွက်မှာကျတယ်။ မီးတွေ လောင်တယ်။ နေ့လယ်ပိုင်းလောက်မှာ ဂျက်ဖိုက်တာတွေလာပြီးမှ ဗုံးကြဲတယ်။ အဲဒါကြောင့် ဆိုင်းတောင် လူနေရပ်ကွက်တွေ၊ ပြည်သူတွေက မီးလောင်သွားတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်နက်ကြီးများ၊ လေယာဉ်ဗုံးဒဏ်များကြောင့် ဆိုင်းတောင်ရွာမှာ မီးလောင်နေဆဲဖြစ်ပြီး ပျက်စီးမှု နှင့် အရပ်သားထိခိုက်မှုအခြေအနေ မသိရသေးကြောင်း သူက ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြောသည်။
“အခုထက်ထိ တိုက်ပွဲက ဆက်ဖြစ်ပြီးမှ မီးလောင်တာလည်း မငြိမ်းသေးဘူးလို့ ကြားတယ်”
အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံလာသော ရုပ်သံဖိုင်များတွင် ဆိုင်းတောင်ရွာအနီး စစ်လေယာဉ် တစ်စီး ခပ်နိမ့်နိမ့်ပျံဝဲလာကာ ဗုံးများကြဲချခဲ့သည်ကို တွေ့ရသည်။ ပြင်း ထန်သော ပေါက်ကွဲသံ များ၊ မီးခိုးလုံးများ၊ မီးလောင်နေသော အဆောက်အဦးများကို တွေ့ရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ဆိုင်းတောင် ရပ်ကွက် (၄) ၊ ကျောက်သွေးတောင်ဘက်နှင့် ယနေ့ နံနက်တွင်မှ KIA ၊ KPDF သိမ်းထားသည့် စစ်တပ်ကုန်းတို့အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေ သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့် ဒေသတွင် ပြည်သူလူထု ထိခိုက်မည်ကို သိလျက်နှင့် ဗုံးကြဲနေခြင်းဖြစ်သည်ဟု ဆိုသည်။
“စကစ က သူတို့ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးကို ၉ လပိုင်းလဆန်းကနေ စတင်ပြီးမှ ဖော်ဆောင်နေတာ။ မြေပြင်ကနေ တိုက်ခိုက်ဖို့ သူတို့မှာ အများကြီး အခက်အခဲရှိတယ်။ ဒါကြောင့် လေကြောင်းကို အဓိက ထားပြီးမှ ဗုံးကြဲတာ” ဟု သူက ပြောသည်။
“ဗုံးကြဲတယ်ဆိုတဲ့ နေရာမှာ ရန်သူ ရှိရှိ၊ မရှိရှိ ဂရုမစိုက်ဘူး။ ပြည်သူလူထုရှိတဲ့ ရွာတွေကိုလည်း ဗုံးကြဲ တယ်။ သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့တွေ၊ စခန်းထိုင်တဲ့နေရာတွေ အားလုံးကို ရရင်လည်း ရအောင်ကြိုးစားမယ်၊ မရရင်လည်း အားလုံးပျက်စီးသွားအောင် တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ဒါကတော့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်”
KIA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ တရားဝင် သတင်းစာမျက်နှာတွင်လည်း ပြီးခဲ့သည့် ရက် ၃၀ အတွင်း ကချင်ဒေသ သို့မဟုတ် KIA နှင့် ပတ်သက်သည့်သတင်း ဖော်ပြထားခြင်း မရှိပေ။
ဆိုင်းတောင်ရွာသည် ကမ္ဘာကျော် ကျောက်စိမ်းလုပ်ကွက်များရှိရာ ဖားကန့်မြို့မှ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကြောင့် စည်ကားသည့် ရွာကြီးတစ်ရွာဖြစ်သည်။
စစ်ကောင်စီ လေယာဉ်မှ ဗုံးတစ်လုံး ဆိုင်းတောင်ရွာ ရှိ Lucky Men ဟိုတယ်ရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဟိုတယ်အနီးရှိ ရပ်ကွက် (၄) တွင် နေအိမ်များ မီးလောင်နေသည်ဟု ဒေသခံများ ထံမှ သိရပြီး သည်။
အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီးဇင်ယော် က စစ်ကောင်စီတိုက်လေယာဉ်သည် အပြင်းအထန် ပစ်ခတ်ပြီးမှ ဗုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးအပြင်းအထန်ရွာသွန်းနေ၍ ဆည်များ၊ မြစ်များ ရေလျှံ ကာ စစ် ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်အပါအဝင် ဒေသအများအပြား၌ ရေဘေးသင့်နေသည်။
ထိုအချိန် စစ်ကောင်စီသည် ရေဘေးကယ်ဆယ်ရေးထက် စစ်ရေးကို ဦးစားပေး တိုက်ခိုက်နေခြင်း မဟုတ်သော်လည်း (တော်လှန်ရေးတပ်များကို) အလစ်အငိုက် လုံးဝမပေးခြင်းဖြစ်သည်ဟု ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“အစောကတည်းက ပြောခဲ့သလိုပဲ ငါတို့ကို မဲပေးခဲ့တဲ့ကောင်တွေလည်း မဟုတ် ဘူး။ ငါတို့ကို ထောက်ခံတဲ့ကောင်တွေလည်း မဟုတ်ဘူး။ ငါတို့ စစ်သားတွေပဲ အလကားသေရတယ် ဒီလို (ရေဘေး) ဖြစ်နေတာတောင်မှ မင်းတို့ကောင်တွေ (KIA၊ PDF)က ချသေးတယ်ဆိုပြီး မင်းအောင်လှိုင်ထက် ပိုဆိုးတဲ့ group က (စစ်အရာရှိကြီးများက) တွယ်နေတာ” ဟု ၎င်းက ပြောသည်။
လေယာဉ်မလာမီ မွန်းတည့်ချိန်ခန့်အထိ Lucky Men ဟိုတယ်အနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က ဆုတ်ခွာသွားကြောင်း ဒေသခံတချို့က ပြောသည်။
စက်တင်ဘာ ၇ ရက်နေ့က ဆိုင်းတောင်ရွာရှိ Lucky Men ဟိုတယ်ကို အင်အား ၁၀၀ ခန့် ပါသည့် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းတပ်စွဲထားစဉ် KIA နှင့် ကချင် ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေရာ တိုက်ပွဲများ ၄ ရက် ကြာ ပြင်းထန်ခဲ့သည်။
ယနေ့ နံနက်အထိ ၆ ရက်တာတိုက်ပွဲအတွင်း ဆိုင်းတောင်ရွာမှ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး သလို ဒဏ်ရာရသူ အများအပြားရှိကာ နေအိမ်များပျက်စီးကြောင်း KIA နှင့် နီးစပ်သူ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦး ပြောသည်။
“ဆိုင်းတောင်ရွာမှာ လက်နက်ကြီးတွေကျလို့ နေအိမ်တွေမီးလောင်တာ အများကြီးရှိတယ် ပြည်သူတွေ ထိခိုက် သေဆုံးတာတွေရှိတယ်၊ ဒဏ်ရာရတာတွေလည်း များတယ်ပေါ့နော်။ လောလောဆယ် တစ်ရွာ လုံးက ထွက်ပြေးနေရတယ်” ဟု ထိုသူက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်က ဖားကန့်မြို့ အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ လမောင်ကုန်းနှင့် အနောက်မြောက်ဘက်ရှိ တောမှော်စခန်းကုန်းတို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် ဆိုင်းတောင်ရဲစခန်းကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
တိုက်ပွဲမှာ ညပိုင်းတွင်ပါ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“အဲဒီကုန်းကို PDF နဲ့ KIA က အကုန်လုံးပိတ်ဆို့ထားပြီး တော့ လွန်ခဲ့တဲ့နှစ်ရက်လောက်က တိုက်သေးတယ် ။ ဒါပေမယ့် ဒီနေ့တော့ အပြီးသိမ်းနိုင်တာပေါ့၊ မနေ့က တစ်ညလုံးတိုက်တယ်၊ ဒီမနက်မှာ အပြီးသိမ်းနိုင်တာ၊ ဖားကန့်တပ်မကုန်းကလည်း လက်နက် ကြီးတွေ ပစ်ကူနေတယ်” ဟု KIA နှင့် နီးစပ်သူ ဖားကန့် ဒေသခံ အမျိုးသားက ပြောသည်။
စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
“သုံ့ပန်းတွေဖမ်းမိတာရှိတယ်၊ စစ်ကောင်စီဘက်က သေဆုံးတာတွေလည်းရှိတယ်၊ လက်နက်ခဲယမ်း တွေ သိမ်းဆည်းနိုင်တာလည်းရှိိတယ်။ လောလောဆယ်တော့ အဲဒီရဲစခန်းကို ရှင်းလင်းရေး လုပ်လိုက် ပြီ ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ဖားကန့်မြို့တွင် ကံစီးဗျူဟာကုန်း၊ လုံးခင်းကျေးရွာအနီးရှိ ယမ်းချက်စခန်းနှင့် မြို့ပေါ်ရှိ ဗျူဟာကုန်း စသည့် စခန်းတချို့ ကျန်ရှိနေသေးသည်။
မိုးဦးကျကာလမှ စတင်ကာ ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ရပ်တန့်နေပြီး ဇူလိုင် ၁၅ ရက်မှ စတင်ကာ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သလို ဖားကန့်မြို့မှာတော့ ဩဂုတ် ၁၄ ရက် တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသည်။
ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများ အပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
သတင်းထုတ်လုပ်မှုများ ရေရှည်လည်ပတ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ နိုင်ပါသည်။