သတင်း

ဒေသခံနှင့် ပသုံးလုံးကြား ပဋိပက္ခပြင်းထန်နေသည့် ချည်မျှင်နှင့်အထည်စက်ရုံ

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းရာ အမာခံဒေသဖြစ်သည့် ဆားလင်းကြီး တွင် နိုင်ငံပိုင်စက်ရုံမှ သံထည်များကို ဝင်ယူမှုနှင့်ပတ်သက်ပြီး NUG ၏ “ပသုံးလုံး”အဖွဲ့က တင်းတင်းမာမာ ကိုင်တွယ်နေသလို ဒေသခံများကလည်း ဇွတ်တိုးယူငင်မှုများရှိနေသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချည်မျှင်နှင့်အထည်စက်ရုံဝင်းအတွင်း အရပ်သားတစ်ဦး ပစ်သတ် ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေး ယန္တရားကို အလိုမရှိကြောင်း ဒေသခံတချို့က ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မကြာသေးခင် စက်တင်ဘာ ၂၀ ရက်က ဆားလင်းကြီးမြို့အနီး တည်ရှိသော အမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံအတွင်း ဝင်ရောက်ကာ သံထည်ဝင်ယူသူများအား ထိုစက်ရုံဝင်း လုံခြုံရေး ယူထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ကိုဇော်ဆန်းလှိုင် သေဆုံးခဲ့သည်။  

Myanmar Now က ရရှိထားသော ဓာတ်ပုံများအရ ၎င်းသည် ဘယ်ဘက်နံကြား ကျည်ဖောက်ဝင်သည့် ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ချည်မျှင်နှင့်အထည်စက်ရုံဝင်း၏ လုံခြုံရေးဆောင်ရွက်နေသည့် တော်လှန်ရေးအင်အားစုများ ၏ ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မကျေနပ်သည့် ဒေသခံများက  “ပသုံးလုံး အလိုမရှိ ကြောင်း” စက်တင်ဘာ ၂၆ ရက် နံနက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ဆန္ဒပြကြသည့်  “ပသုံးလုံး” ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရကွပ်ကဲမှုအောက်တွင် ဖွဲ့စည်းထား သည့် အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ရပ်ရွာလုံခြုံရေး ဆောင်ရွက်သည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့်၊ ရပ်ရွာတရားဥပဒေစိုးမိုးရေး ရဲလုပ်ငန်းစဉ် ဆောင်ရွက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို ခေါ်ဆိုခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ရာ ဆားလင်းကြီးမြို့နယ် ချည်မျှင်နှင့်အထည်ချုပ်စက်ရုံကို ပသုံးလုံးအဖွဲ့များက ယမန်နှစ် နှစ်လယ်ကတည်းက ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။ 

စစ်ပွဲကာလကြာမြင့်လာသလို ဒေသခံများ စားဝတ်နေရေး ကျပ်တည်းခြင်း၊ ကာကွယ်ရေးအဖွဲ့ တချို့က ထိုစက်ရုံဝင်းအတွင်း ဝင်ရောက်ကာ ယက္ကန်းစင်များကို ဖြုတ်ယူရောင်းချမှုများ ရှိလာသဖြင့် ဒေသခံ အချို့နှင့် သဘောထားတင်းမာမှုများ စတင်ခဲ့သည်။ 

ယခုနှစ် မတ်လဆန်းတွင် စက်ရုံအတွင်း ပစ္စည်းဝင်ယူသည့် ဒေသခံ ၄၀ ကျော်ကို ဆားလင်းကြီးမြို့နယ် ပလဖ အဖွဲ့က ဖမ်းဆီးရာမှ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် မည်သူမျှ ဝင်ရောက်ခြင်း မပြုရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၄ ရင်းက တာဝန်ယူကာ လုံခြုံရေး ယူထားခဲ့ သည်။

မတ်လဆန်းက ဖမ်းဆီးရရှိမှုများ။ (ဓာတ်ပုံ- ဆားလင်းကြီး ပအဖ)

ထို့နောက် စစ်တပ်က စစ်ကြောင်းထိုးမှုများရှိသည်ဟု ဆိုကာ  စက်ရုံဝင်းတွင် မိုင်းထောင်ထားခဲ့ကြသည်။ 

သို့သော်လည်း စက်ရုံအတွင်း ဝင်ရောက်ယူငင်မှုများ ဆက်ရှိနေသဖြင့် လူသေဆုံး ထိခိုက်မှုများ ဖြစ်ပေါ် ခဲ့သည်။  ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ စက်ရုံဝင်းအတွင်း ပစ္စည်းဝင်ယူမှုနှင့်ပတ်သက်ပြီး ကိုဇော်ဆန်းလှိုင် အပါအဝင် သေဆုံးသူ ၄ ဦး အထိရှိကြောင်း ဒေသခံများထံမှသိရသည်။ 

ဧပြီ ၉ ရက် နံနက် ၁ နာရီဝန်းကျင်က စက်ရုံဝင်းအတွင်း ဝင်ရောက်သော ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး မိုင်း နင်းမိခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသားမှာ ပွဲချင်းပြီးသေဆုံး၍ နောက်တစ်ဦးမှာ ခြေထောက်ပြတ်သွား ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကိုဇော်ဆန်းလှိုင် အပါအဝင် ကျန် ၃ ဦးမှာ လုံခြုံရေး တာဝန်ယူထားသည့် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပစ်ခတ်တားဆီးမှုနှင့်ပတ်သက်၍ စက်ရုံဝင်းအတွင်း ဝင်မယူရန် ဒေသခံများကို စည်းရုံးခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် စက်ရုံဝင်းကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆားလင်းကြီးမြို့နယ် ပအဖ တာဝန်ရှိသူက တုံ့ပြန်သည်။

အသက် ၃၅ နှစ်အရွယ် ကိုဇော်ဆန်းလှိုင်၏ နာရေးဈာပန။ (ဓာတ်ပုံ-ပေးပို့)

ပသုံးလုံးနှင့် ဒေသခံများကြား ပဋိပက္ခ 

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ်ဖြစ်ပြီး အာဏာသိမ်းမှု သုံးနှစ်ကျော်ကြာမြင့်လာချိန် ကျေးရွာအများစုတွင် တော်လှန်ရေး အင်အားစုများက နယ်မြေစိုးမိုးထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်လျှက်ရှိသည်။ 

မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံမှာ စက်ယက္ကန်း အလုံးရေ ၈၀၀ ကျော်ဖြင့်လည်ပတ်ခဲ့သည့် စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံရှိချည်မျှင်နှင့်အထည် စက်ရုံများအနက် ဒုတိယ အကြီးဆုံး ချည်မျှင်နှင့် အထည်စက်ရုံဖြစ်သည်။  

စက်ရုံဝန်ထမ်းအင်အား ၁၅၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ ၂၀၂၁ နှစ်ဆန်းပိုင်းကပင် အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသဖြင့် စက်ရုံလည်ပတ်နိုင်ခြင်းမရှိသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ် သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စက်ရုံထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော်လည်း ၂၀၂၃ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားချိန် တော်လှန်ရေးအင်အားစု များ က လုံခြုံရေးယူခဲ့ကြသည်။ 

ထို့နောက် တော်လှန်ရေးအင်အားစုအချို့က လက်နက်ခဲယမ်းလိုအပ်ချက် အကြောင်းပြချက်ဖြင့် စက်ရုံ ထဲရှိ ပစ္စည်းများကို ဝင်ရောက်ယူဆောင်ခဲ့ကြပြီးနောက်ပိုင်း ဒေသခံပြည်သူများလည်း ဝင်ရောက် ယူဆောင်လာကြသည်။  

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်လက်ချက်ကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီးခဲ့ရပြီးနောက် ကာလ ကြာမြင့်လာသည့်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းနေချိန်တွင် ဒေသခံအချို့က စက်ရုံဝင်း ထဲမှ သံတိုသံစ ပစ္စည်းများကို ကောက်ယူပြီး ပိဿချိန်နှင့် ရောင်းချကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုနှစ်မတ်လဆန်းက စက်ရုံဝင်းအတွင်း ပစ္စည်းဝင်ယူစဉ် ဖမ်းဆီးခံရသည့် ဒေသခံ ၄၀ ကျော် ကို ပြန်လွှတ်ပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

စက်ရုံဝန်းကျင်ရှိ ကျေးရွာ ၁၂ ရွာမှ ပကဖများ၊ ပအဖများအပါအဝင် ဒေသခံများကိုလည်း တစ်အိမ် တစ်ယောက်နှုန်းဖြင့် အစည်းအဝေးခေါ်ပြီး စက်ရုံဝင်းတွင်းမှ ပစ္စည်းများ မယူဆောင်ရန် စည်းရုံး ဟောပြောခဲ့သည်ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ဆိုသည်။ 

သို့သော်လည်း စက်ရုံနှင့်ပတ်သက်သည့် ကန့်သတ်ချက်၊ တားမြစ်ချက်များကို ကြိုတင်အသိပေး  အကြောင်းကြားထားခြင်းမရှိခဲ့ ဟု ဒေသခံအချို့က တုံ့ပြန်သည်။ 

ထို့နောက် ဧပြီလဆန်းပိုင်းတွင် စက်ရုံဝင်းထဲ ဝင်ရောက်သည့် ဒေသခံ အမျိုးသားနှစ်ဦးမိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးခြေထောက်ပြတ်ခဲ့ရသည်။ 

စက်ရုံအဝင်ဝ၌ သတိပေးစာများ ထောင်ထားသည်ဟု ဆားလင်းကြီးပအဖက ဧပြီလအတွင်းက ပြောသည်။ (ဓာတ်ပုံ-ပေးပို့)

စက်ရုံဝန်းကျင်တွင် မြေမြှုပ်မိုင်းများ ထောင်ထားပြီး လက်နက်ကိုင်များအလှည့်ကျ တာဝန်ချထား သော်လည်း ပစ္စည်းဝင်ယူမှုများမှာ ရပ်တန့်မသွားဘဲ ဆက်ရှိနေခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခုနှစ် ဇွန်လအတွင်းက ဒူးထောက်ရွာသားများဖြစ်သည့် အသက် ၁၉ နှစ်အရွယ် ကိုအောင်ဖြိုးဝေနှင့် အသက် ၂၃ နှစ်အရွယ် ကိုအုန်းခိုင်တို့ စက်ရုံဝင်းအတွင်း ဝင်ရောက်စဉ် ပစ်သတ်ခံခဲ့ရကြောင်း သိရ သည်။ 

သားဖြစ်သူအား တော်လှန်ရေးအင်အားစုများက ပစ်ခတ်သတ်ဖြတ်သည့် အပေါ် လက်မခံနိုင်ကြောင်း ကိုအောင်ဖြိုးဝေ၏ မိခင်ဖြစ်သူ ဒေါ်အေးပုက ဖွင့်ဟသည်။ 

“တကယ်ဆိုရင် မယူသည်ဖြစ်စေ၊ ယူသည်ဖြစ်စေပါ။ သူတို့လက်ထဲ ရောက်သွားမှတော့ ဖမ်းပေါ့ နော့။ ဒီလူတော့ ဖမ်းထားတယ်၊ စက်ရုံထဲ ဝင်သွားလို့ ဖမ်းထားတယ်ဆိုရင် သူတို့တောင်းသလောက် ကျွန်မ တို့ ရွေးနိုင်ရင်ရွေးမယ်။ မရွေးနိုင်ရင် ထောင်ထဲ ထားလိုက်ပေါ့။ အဲ့ဒါဆိုရင် ကျွန်မတို့က မျှော်လင့်စရာလေး ရှိသေးတာပေါ့။ ခုကျတော့ ဒီလိုကြီး လုပ်ပစ်တယ်ဆိုတော့ မျှော်လင့်စရာကို မရှိတော့ဘူး။ ကျွန်မတို့မှာ ရူးမလို၊ နှမ်းမလို တစ်မိသားစုလုံး ကြေကွဲရပါတယ်”ဟု ဆိုသည်။ 

ထိုဖြစ်ရပ်အပြီး သုံးလကျော်အကြာ စက်တင်ဘာ ၂၀ ရက်နေ့က စက်ရုံထဲ ပစ္စည်းဝင်ရောက်ယူနေသူများ ကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးချိန်တွင် ဆားထုံးရွာ ဒေသခံ အသက် ၃၆ နှစ်အရွယ် ကိုဇော်ဆန်းလှိုင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ 

မကျေနပ်သည့် ဒေသခံများက နောက်တစ်ရက် (စက်တင်ဘာ ၂၁) တွင်  မြို့နယ် ပလဖ အဖွဲ့ ဒုတာဝန်ခံ၏ နေအိမ်ကို ဝင်ရောက်စီးနင်းကာ ပစ္စည်းများယူဆောင်သွားပြီး ပလဖ အချုပ်ခန်းကိုလည်း စီးနင်းပြီး ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင်လည်း စက်ရုံဝင်းအတွင်း ပစ္စည်းဝင်ယူသူ ၆၀ ဦးကို ထပ်မံဖမ်းဆီး ရရှိထားပြီး ၎င်းတို့ကိုထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြို့နယ် ပအဖ တာဝန်ခံကဆိုသည်။

ရက်ကန်းစက် အလုံးရေ ၈၀၀ ကျော်ရှိ နိုင်ငံပိုင် အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံသည် မြန်မာ နိုင်ငံတွင် ဒုတိယအကြီးဆုံးစက်ရုံဖြစ်ပြီး မြို့နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။

ကျောသားရင်သားမခွဲခြားဘဲ ကိုင်တွယ်ဖြေရှင်းရန်လို

လက်ရှိ ပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဘက်လုံးတွင် မှားယွင်းမှုများ ရှိနေကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသည့် ဆားလင်းကြီးဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦး သုံးသပ်သည်။ 

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်သည့် အကြောင်းပြချက်ဖြင့် ပစ်သတ် သည့် တော်လှန်ရေးအင်အားစု၏လုပ်ရပ်မှာ စစ်တပ်နည်းတူ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဝေဖန် ထောက်ပြသည်။ 

ခိုးယူတယ်ဆိုရင် ဥပဒေအရ ဆောင်ရွက်ရမယ့်အပိုင်းမှာ ပစ်သတ်ပြီးတော့ ဖြေရှင်းဆောင်ရွက်လိုက် တာက ဖြေရှင်းဆောင်ရွက်မှုအင်မတန်မှားယွင်းတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ကနဦးတွင် တော်လှန်ရေးအင်အားစုများက လက်နက်ခဲယမ်းပြုလုပ်ရန် အကြောင်းပြချက်ဖြင့် စက်ရုံထဲမှ ပစ္စည်းအချို့ကို စတင်ယူဆောင်ခဲ့ကြပြီး အရေးယူဆောင်ရွက်မှုမရှိသည့်နောက်ပိုင်းတွင် ဒေသခံများက ပါ ယူဆောင်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ကိုင်တွယ်ဆောင်ရွက်နိုင်သည့်အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပူးပေါင်းလုပ်ဆောင်ရွက်နေသည်ဟု မြို့နယ်ပအဖ တာဝန်ရှိသူက ဆို သည်။ 

အစောပိုင်းတွင် လက်နက်ကိုင်အဖွဲ့များက လက်နက်ခဲယမ်းပြုလုပ်ရန် အကြောင်းပြချက်ဖြင့် စက်ရုံတွင်း ဝင်ရာက်ယူဆောင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တိုက်ရိုက် ကိုင်တွယ်နိုင်ခြင်း မရှိဘဲ သက်ဆိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာနသို့ သက်သေများနှင့်တကွ တိုင်ကြားခဲ့သည်ဟု မြို့နယ် ပအဖ ကဆိုသည်။ 

သို့သော်လည်း ထိုလက်နက်ကိုင်အဖွဲ့များအပေါ် ဝန်ကြီးဌာနအနေဖြင့်  အရေးယူဆောင်ရွက်မှု အခြေအနေ ကို မကြားရသေးဟု ၎င်းကဆိုသည်။ 

စက်ရုံမှ ပစ္စည်းခိုးယူသူများအား ဖမ်းဆီးရမိပါက အာမခံသူ ၂ ဦးဖြင့် ခေါ်ဆောင်ပါက ဒဏ်ကြေးရိုက်ပြီး ပြန်လွှတ်ပေးသည်ဟု မြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။ 

ဖမ်းဆီးရမိသူများအား  ဒဏ်ကြေးငွေ သုံးသိန်း ပေးဆောင်နေရပြီးထို ဖြစ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိ ဟု တောကျောင်းရွာခံ ဦးကျော်မင်းက ဆိုသည်။ 

“တကယ်ဥပဒေအတိုင်းလုပ်မယ်ဆို ခိုးမှုအတိုင်းပဲ လုပ်စေချင်ပါတယ်ဗျ။ လွှတ်ချင်တဲ့သူဆိုရင် သုံးသိန်း ပေးရ၊ လေးသိန်း ပေးရနဲ့ ပြန်လွှတ်နေတာပါဗျ။ အဲ့ဒါကြောင့်မလို့ အဲ့ဒီလိုပုံစံမျိုးတွေကို လုံးဝ လက်သင့်မ ခံပါဘူး”ဟု ၎င်းကဆိုသည်။ 

လက်ရှိ ပဋိပက္ခများကို ဖြေရှင်းကိုင်တွယ်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ တိတိကျကျ ကိုင်တွယ် ဆောင်ရွက်ရန်လိုကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဆားလင်းကြီး GZ အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ထောက်ပြသည်။ 

“အကုန်လုံး တိတိကျကျ အရေးယူပြီး ကိုင်တွယ်ရင်တော့ အဆင်ပြေမှာပဲ။ ကိုယ့်လူမလို့၊ သူ့လူမလို့၊ ပြည်သူမှာလည်း တချို့ ပြဿနာဖြစ်တာက ခင်မင်ရင်းနှီးရင် ခင်မင်ရင်းနှီးသလို ပြန်လွှတ်ပေးတာ တွေ ရှိတော့ သူတို့ကြ လွှတ်တယ်။ ငါ့ကြ မလွှတ်ဘူးဆိုတာမျိုးဆိုရင်တော့ ပြဿနာတွေက ဆက်တက်နေဦး မှာပဲ။ ဘယ်သူ့မှအားမနာတမ်းတိတိကျကျ အရေးယူပေါ့”ဟု ၎င်းက ထောက်ပြသည်။  

စက်ရုံထဲရှိ ရာနှင့်ချီသည့် ယက္ကန်းစင်အားလုံးနီးပါး ဖြုတ်ယူခံရပြီးနောက် လက်ရှိတွင် စက်ရုံဝင်းထဲရှိ အဆောက်အဦမှ သွပ်ပြား၊ သွပ်မိုးတန်းများကိုပါ ဖြုတ်ယူသည်အထိ ရှိနေကြောင်း မြို့နယ် ပအဖ ဘက်က ဆိုသည်။ 

စက်ရုံပင်မဆောင်အပါအဝင် ထက်ဝက်ခန့်မှာ ပျက်စီးသွားပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်း သိမ်းနေခြင်းဖြစ်သည်ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။ 

“ကျွန်တော်တို့က ပြည်သူကို မျက်နှာမူပြီးလုပ်တာပဲလေ။ ပြည်သူက ပြည်သူမဆန်ဘဲနဲ့ မင်းမဲ့စရိုက် ဆန်ဆန်လုပ်တာကတော့ ကျွန်တော်တို့က တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်သွားမှာပါပဲ”

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဆက်သွယ်မေးမြန်းထားသော် လည်း တုံ့ပြန်ချက်မရသေးပေ။

ယခုနှစ် ဇွန်လအတွင်းက စက်ရုံဝင်းအတွင်း ဝင်ရောက်စဉ် ပစ်သတ်ခံရသူ ကိုအောင်ဖြိုးဝေ (၁၉ နှစ်) ။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button