သတင်း

စစ်တပ်ထိုးစစ်ကြောင့်မတ္တရာတွင် တော်လှန်ရေးအဖွဲ့များ စခန်းအချို့ဆုံးရှုံး

တော်လှန်ရေးအဖွဲ့များ အခြေစိုက်သည့် မတ္တရာအနောက်ခြမ်းကို အင်အား ၄၀၀ ခန့်ဖြင့် စက်တင်ဘာ တတိယပတ်ကတည်းက စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးအဖွဲ့များ၏ အခြေစိုက်စခန်းတချို့ စွန့်ခွာ ကာ နောက်ဆုတ်ပေးလိုက်ရသည်။

မန္တလေးမြို့၏မြောက်ဘက် မတ္တရာမြို့နယ်အနောက်ခြမ်းကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေ၍ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ စခန်းစွန့်ခွာခဲ့ရပြီး အရပ်သား သေဆုံးမှုများရှိကာ ၁၀ ရွာထက်မနည်း ထွက်ပြေး နေရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က နံနက် ၄ နာရီခန့်တွင် မန္တလေးမြို့မှ ငါးမိုင်ခန့်သာဝေးသော အကွာ အဝေးရှိသော မတ္တရာမြို့နယ်အနောက်ခြမ်း  ဧရာဝတီမြစ်ကမ်းဘေးရှိ သုံးဆယ်ပေးကျေးရွာကို စစ်တပ် က အလစ်အငိုက် စစ်ကြောင်းထိုးခဲ့ရာ ထိုရွာအနီး အခြေစိုက်သော တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားခဲ့သည်။

တိုက်ပွဲမှာပြင်းထန်ပြီး မန္တလေးမြို့မြောက်ဘက်နှင့်နီးကပ်သောကြောင့် ကျယ်လောင်သော ပေါက်ကွဲသံ များကို ကြားခဲ့ရကြောင်း မန္တလေးမြို့ခံများက ဆိုခဲ့ကြသည်။ 

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဆိုပါရွာအနီးမှ ပြန်ဆုတ်ခွာသွားကြပြီး မင်းကွန်းမြို့နယ် ရဲစခန်း၊ မတ္တရာမြို့ ဘောလုံးကွင်း၊ သုံးဆယ်ပေးရွာအနီး ညောင်ကုန်းရွာ၊ ထီးတော်မိုးစစ်တပ်၊ ရွှေကျင်ဂိတ်စသည့် တို့မှ နေရာ ခွဲ၍ အထက်ပါရွာဘက်သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သလို နံနက် ၈ နာရီခန့်တွင်လည်း လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

ထိုနေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးဆယ်ပေးရွာအနီး ဆူးလေကုန်းကျေးရွာမှ အဘွားအို တစ်ဦး၊ နို့တိုက်မိခင်နှင့် လသားအရွယ်ကလေး၊ ငါးနှစ်သား၊  ရှစ်နှစ်သမီး စုစုပေါင်း ၅ ဦးတို့ သေဆုံးသွား သည်ဟု သိရသည်။ နောက်တစ်နေ့တွင် ဒဏ်ရာပြင်းထန်သော ငါးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးသွား ခဲ့သဖြင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။ 

မတ္တရာအနောက်ခြမ်းကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တွင် အင်အား ၄၀၀ ခန့် ပါဝင်ပြီး ပင်မ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုး လာခြင်းဖြစ်သည် ဟု ဒေသကာကွယ်ရေး အဖွဲ့များက ဆိုသည်။

စက်တင်ဘာ၂၁ ရက်နေ့က ဧရာဝတီ မြစ်ကမ်းဘေး သုံးဆယ်ပေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ နေရာကို မန္တလေးတောင်ပေါ်မှ မြင်ရစဉ်။ (ဓာတ်ပုံ-လူမှုကွန်ရက်) 

တိုက်ပွဲများပြင်းထန်ခဲ့ပြီးတော်လှန်ရေးအဖွဲ့တို့၏စခန်း တချို့လည်း စွန့်ခွာပေးခဲ့ရသည်ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်သော Generation Z Power(GZP)အဖွဲ့ တာဝန်ရှိ သူက ပြောသည်။

“ဟုတ်တယ်ဗျ။ သုံးဆယ်ပေးဘက်ကတော့ ကျွန်တော်တို့စခန်း ဆုတ်ပေးလိုက်ရတယ်။ ရဲဘော်တွေ အကျအဆုံးတော့ မရှိဘူး။ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ဒေသခံပြည်သူတွေတော့ အများအပြား သေဆုံးခဲ့တယ်။ ရွာစဉ်မှာ စကစ ဖြန့်ထားတော့ ပြည်သူကတော့ရှောင်နေရဆဲပဲဗျ” 

ထိုကဲ့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့ GZP၊ BRA LDF ၊ မန္တလေးခရိုင်ပကဖ၊ တ္တရာမြို့နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ အောင်မြေသာစံမြို့နယ် ပကဖ (Thunderbird) ၊ တောတွင်းတွတ်ပီ စသည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

“စစ်ကြောင်းကို ဖြန့်ပြီး မြစ်ကမ်းနံဘေးရယ်၊ သုံးဆယ်ပေးရွာအရှေ့က ရွာသာကြီးရွာ မြစ်ဘေးကြော ကနေ တစ်ကြောင်းရယ် တက်လာပြီး ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်”ဟု အထက်ပါတာဝန်ခံက ဆို သည်။

“တိုက်ပွဲထဲ သူတို့ မိုင်းကွင်းထဲဝင်လာပြီး မိုင်းမိတယ်။ကျွန်တော်တို့ဘက်က စနိုက်ပါ မိပြီး (စစ်သားတွေ) ထိတာ တွေလည်း များသွားပြီး သူတို့လေယာဉ်ပစ်ကူတောင်းတယ်။ လေယာဉ်က ကြဲတာကိုမှ ကျွန်တော်တို့အနားမကျဘဲ သူတို့က ဝင်လုံးနေချိန်ဆိုတော့ သူတို့ဆီ ကပ်လျှက်ကျတာ။ အဲဒီမှာ သူတို့အတုံးအရုန်းထိသွားတယ်”ဟု GZP တာဝန်ခံက စက်တင်ဘာ ၂၁ ရက်က တိုက်ပွဲအခြေအနေကို ပြန်ပြောပြသည်။

နောက်ဆက်တွဲ သတင်းရရှိမှုများအရ စစ်ကောင်စီဘက်မှ ဆယ်ချီသေဆုံးခဲ့သည်ဟုသိရကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

စစ်ကောင်စီကမူ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးအနီး သုံးဆယ်ပေးရွာက တပ်စခန်း အပါ အဝင် အခြားတပ်စခန်းအချို့ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်က ဓာတ်ပုံများနှင့် တကွ ထုတ်ပြန်ခဲ့သည်။

မြစ်ကမ်းဘေးကျေးရွာများဖြစ်ကြသည့် ကုန်းတန်းလေး၊ ကုန်းတန်းကြီး ၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရား မကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုးနှင့် သနပ်ကုန်းရွာများကို နယ်မြေရှင်းလင်းရေး လုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ သုံးဆယ်ပေးရွာတွင် အထိုင်ချနေထိုင်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်စက်တင်ဘာ ၁၈ ရက်ကလည်း ယင်း ကျေးရွာအနီး ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သေးသည်။

လက်ရှိတွင် မတ္တရာမြို့နယ် အနောက်ခြမ်း၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ ပါဝင်သည့် တော်လှန် ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများကြိုးကြားကြိုးကြား ဆက်ဖြစ်နေသည်ဟု သိရပြီး မတ္တရာမြို့နယ် အရှေ့ခြမ်း၌လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(MDY-PDF)နှင့်စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဇွန်၂၅ ရက်မှစတင်ကာ MDY-PDFနှင့် မဟာမိတ်တပ်များက ထိုဒေသတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု ၊ ပုသိမ်ကြီးမြို့နယ်မှ Alphaဘိလပ်မြေစက်ရုံရှိ ကင်းစခန်း ၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ခု ရရှိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

MDY-PDF သိမ်းပိုက်ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ်ဖယောင်းတောင်ရွှေတွင်းနှင့် Alpha ဘိလပ်မြေ စက်ရုံတို့ကို စက်တင်ဘာနောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ရေ များစွာတိုက်ခိုက်ခဲ့သေးသည်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-GZP)

Show More

Related Articles

Back to top button