
စက်တင်ဘာ၂၁ နံနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေးကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ကလေးများ အပါအဝင် ၆ ဦး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ငါးမိုင်ခန့်အကွာရှိ ထိုရွာသို့ စစ်ကြောင်းထိုးလာသည့်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို လေကြောင်းမှလည်း တိုက်ခိုက်သည်ဟု သုံးဆယ်ပေးကျေးရွာအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးက တစ်နေကုန်နားတယ်ကို မရှိဘူး၊ တောက်လျှောက်ကို ပစ်တာ” ဟု ၎င်းက ပြောသည်။
“မန္တလေးနဲ့နီးတာရယ်၊ သူတို့အကျအဆုံး များသွားတာရယ်ကြောင့် ပတ်ပတ်လည်က ပစ်ကူနေတာ။ ဒါမျိုးက အရင်က မရှိသလောက်ပဲ”
ထိုရွာဝန်းကျင် မင်းကွန်းမြို့နယ်အထိုင်ရဲစခန်း၊ မတ္တရာမြို့ဘောလုံးကွင်း၊ ညောင်ကုန်းရွာ၊ ပေါက်ဝဲရွာနှင့် ထီးတော်မိုးစစ်တပ်၊ ရွှေကျင်ဂိတ်စသည့် နေရာစုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပတ်ခတ်သည်ဟုလည်း အထက်ပါဒေသခံက ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ထိုနေ့က သေဆုံးသူတို့မှာ သုံးဆယ်ပေးရွာအနီး ဆူးလေကုန်းကျေးရွာမှ အဘွားအို တစ်ဦး၊ နို့တိုက်မိခင်နှင့် လသားအရွယ်ကလေး၊ ငါးနှစ်သား၊ ရှစ်နှစ်သမီးတို့ ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရရှိသူများထဲမှ ဆေးကုသမှုခံယူနေသည့် ငါးနှစ်သား နောက်တစ်ဦး ယမန်နေ့ (စက်တင်ဘာ ၂၂ ရက်) တွင် သေဆုံးသည်ဟု မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် မန္တလေးအခြေစိုက် “Voice Of Mandalay” facebook စာမျက်နှာ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
ပြည်သူ့စစ် ခေါ် ပျူစောထီးအများစု ပါဝင်သည့် အဆိုပါ စစ်ကြောင်းသည် ထိုနေ့က သုံးဆယ်ပေးကျေးရွာရှိ နေအိမ်၇ လုံးကိုလည်း မီးရှို့သွားသည်ဟုလည်း Vomdy စာမျက်နှာ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် သုံးဆယ်ပေးကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိုရွာတွင် အထိုင်ချနေထိုင်သည်ဟု ယူဆကာ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေခြင်း ဖြစ်သည်၊ စက်တင်ဘာ ၁၈ ပစ်ခတ်မှုတွင်လည်း ဒေသခံ ၃ ဦးသေဆုံးသွားသည်ဟု သိရသည်။
ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ အင်တာနက်စာမျက်နှာရှိ ပြီးခဲ့သည့် ရက် ၃၀ အတွင်း မန္တလေးတိုင်းဆိုင်ရာ သတင်းများတွင်လည်း ပစ်ခတ်မှုသတင်း ပါဝင်ခြင်း မရှိပေ။
မတ္တရာမြို့နယ်အတွင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Generation Z Power(GZP), ကောင်းကင်တော်လှန်ရေးအင်အားစုစသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားနေသည်။
လက်ရှိတွင် မတ္တရာအနောက်ခြမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သကဲ့သို့ မတ္တရာအရှေ့ပိုင်း ကျောက်တံတားကျေးရွာတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားနေသည်မှာမှန်ကန်ပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ပြောဆိုသည်။
ဇွန် ၂၅ မှစတင်ကာ MDY-PDF နှင့် မဟာမိတ်တပ်များက မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီစခန်း စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိ ကင်းစခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။