သတင်း

အသက် ၉၀ အရွယ်ရှိသူကို စစ်သားတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကား

ကျေးလက် ပြည်သူတို့၏အသံကို မှတ်တမ်းပြုစုနေသည့် KHRG ၏ အစီရင်ခံစာ ၃ စောင်တွင် မတရားပြုကျင့်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းဒဏ်ခံရများအကြောင်း မှတ်တမ်းတင်ထားသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသမှ အသက် ၉၀ အရွယ် အဘွားအိုတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦးက လိင်ပိုင်းဆိုင်ရာ စော်ကား ပြုမူခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယမန်နေ့ (စက်တင်ဘာ ၃၀) ရက်စွဲဖြင့် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်  သံတောင်ကြီးမြို့နယ်ရှိ အခင်းဖြစ်ပွားသည့် ရွာကို ရောက်လာသည့် စစ်သားများက  အိမ်များ မီးရှို့၊ လုယက်၊ ဖျက်ဆီးနေစဉ် စစ်သားတစ်ဦးက ထွက်မပြေးနိုင်သည့် ထိုအမျိုးသမီးကို ဓားထောက်ခြိမ်းခြောက်ကာ အဝတ်အစား ချွတ်ပြီး ခန္ဓာကိုယ်ကို ပွတ်သတ်ခဲ့သည်၊ ထို့နောက် အိမ်ထဲမှ ပြန်ထွက်သွားသည်ဟု  အစီရင်ခံစာတွင် ဖော်ပြသည်။

အမျိုးသမီးကြီးကို ထိုသို့ အကြမ်းဖက်၊ မဖွယ်မရာ ပြုလုပ်စဉ် အိမ်အောက်တွင် သမီးဖြစ်သူနှင့် အခြား ၃ ဦး ပုန်းအောင်းနေကြသည်ဟု ဆိုသည်။

ထိုစစ်သားက ငြင်းဆန်ကန့်ကွက်သည့် အဘွားအိုကို လည်ပင်းညစ်ခဲ့သဖြင့်  လည်ပင်း အနာတရ ဖြစ်ခဲ့သည်၊ ဇွန်လအတွင်း KHRG သွားရောက် တွေ့ဆုံ မေးမြန်းချိန်အထိ နာကျင်နေဆဲဖြစ်သည်ဟု ဆိုသည်။

ထိုစစ်သား အိမ်ထဲမှ ပြန်ထွက်သွားပြီးနောက်  အဘွား၏ ခြေသလုံးတွင် ဒဏ်ရာ တွေ့ရသည်၊ သံချောင်းကဲ့သို့သောအရာဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ဟန်ရှိသည်ဟု မျက်မြင်သက်သေအမျိုးသမီးတစ်ဦးက KHRG ကို ပြောပြခဲ့သည်။

မည်သည့်လက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် ရှိသည်ဟု မသတ်မှတ်နိုင်သေးသော  ထိုရွာသည် 

တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသောကြောင့် ထိုမတရားမှုအကြောင်းကို တိုင်ကြားနိုင်ခြင်း မရှိသေးဟု အစီရင်ခံစာက ဆိုသည်။ 

အစီရင်ခံစာပါ ဖော်ပြချက်များနှင့် ပတ်သက်ပြီး Myanmar Now က စစ်တပ်၏ တုံ့ပြန်ချက် ရရှိရန် ဆက်သွယ်ဖော်ပြနိုင်ခြင်း မရှိသေးပေ။ 

ထိုအစီရင်ခံစာ ထုတ်ပြန်သည့်အဖွဲ့သည် လူ့အခွင့်အရေး အချက်အလက် ကွင်းဆင်း ကောက်ယူသည့် ဒေသတွင်းဝန်ထမ်းများရှိနေပြီး အစီရင်ခံစာပါ ဖော်ပြချက်များနှင့် ပတ်သက်၍ ယုံကြည်ရဖွယ်ရှိသည်ဟု ဒေသတွင်း သတင်းသမားတစ်ဦးက မှတ်ချက်ပေးသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှာ  တိုက်ပွဲနှင့် ဆက်စပ်သည့် ဒေသများတွင်  ဖြစ်ပေါ်လေ့ရှိသည်ဟု မြန်မာပြည်တောင်ပိုင်းဒေသအကြောင်း  အထူးပြု တင်ဆက်နေသည့် ကေအိုင်စီ – ကရင်သတင်းဌာန အယ်ဒီတာချုပ် နမ့်ဖော့ဂေက ပြောသည်။

“ဒီလိုဖြစ်ရပ်မျိုးက ယခင်ကာလကတည်းက ဒေသခံတွေ ကြုံဆုံခဲ့ရတာပါ။ ဒါကြောင့် ဒီလိုဖြစ်ရပ်က တစ်ခုထက်မက ဖြစ်ရှိနိုင်ပေမယ့် ဆက်သွယ်ရေးအရ၊ လုံခြုံရေးအရနဲ့ လူမှုကျင့်ဝတ်အရ သတင်းအချက်အလက် မရယူနိုင်တာတွေလည်း ရှိနိုင်ပါတယ်” ဟု သူက ပြောသည်။

အခင်းဖြစ်ပွားသည့် သံတောင်ကြီးမြို့နယ်သည်   အရှေ့ဘက်တွင် ဖရူဆို၊ ဖားဆောင်းမြို့နယ်တို့နှင့် ထိစပ်နေကာ အနောက်ဘက်တွင် တောင်ငူ၊ ရေတာရှည်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။

မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကျည်

ကျေးလက်နေ ပြည်သူများ၏အသံကို မှတ်တမ်းပြုစုနေသည့် KHRG က စက်တင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် သီးခြား အစီရင်ခံစာတစ်ခုတွင် မေ ၂၉ ရက်နေ့က တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် ၁၄ နှစ်အရွယ် မိန်းကလေး မြေမြှုပ်မိုင်း နင်းမိသဖြင့် ညာဘက်ခြေထောက် ပြတ်သွားပြီး ဘယ်ဘက်ခြေထောက် ဒဏ်ရာရသွားသည်ဟု ဖော်ပြထားသည်။ 

မေ ၂၉ ရက်နေ့က တောင်ငူခရိုင်အတွင်း မြေမြှုပ်မိုင်း နင်းမိခဲ့သည့် ၁၄ နှစ်သမီး။  (ဓာတ်ပုံ – KHRG)

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ ဆေးရုံတွင် ကုသမှု ခံယူခဲ့သည်၊ မိုင်းကွဲမှု ဖြစ်ရပ်ကြောင့်  ရွာသူရွာသားများ ထိတ်လန့်နေကြသည်ဟု အစီရင်ခံစာက ဆိုသည်။

အခြား အစီရင်ခံစာတစ်စောင်တွင်လည်း ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ ကျေးလက်ဒေသတစ်ခုကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။

၁၉၉၂ ခုနှစ်မှ စတင်ပြီး လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းပြုစု၊ အချက်အလက် ကောက်ယူနေသော KHRG အဖွဲ့၏ အစီရင်ခံစာများတွင် ဖြစ်ရပ် အသေးစိတ် ဖော်ပြထားသည်ကို တွေ့ရသည်။

KHRG အစီရင်ခံစာပါ ဖော်ပြချက်များကို စစ်တပ်က တုံ့ပြန်ဖြေရှင်းလေ့ မရှိပေ။

စစ်တပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာသည်။ လက်နက်ကိုင်ခုခံလိုသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းမိပြီး အာဏာသိမ်းတပ်ကို ရင်ဆိုင်နေကြရာ တိုက်ပွဲများ နေ့စဉ် ပေါ်ပေါက်နေသည်။

ဒေသတချို့တွင် စစ်ကောင်စီတပ်၏ စခန်းများကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button