သတင်း

လူသားချင်းစာနာမှုအကူအညီ နယ်စပ်ဖြတ်လာရေးကို ကြိုဆိုသည်ဟု AA ပြော

စစ်ဖြစ်နေသော ရခိုင်ဒေသရှိဒေသခံများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ရန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ လာရောက်ပါက ပူးပေါင်းဆောင်ရွက်သွားမည် ဟု AA က ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ ရခိုင်ဒေသကို  ကူညီရေးလာရောက်မည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် (AA) က ပြော သည်။

နိုင်ငံတကာကူညီရေးအဖွဲ့များက စစ်ကောင်စီထိန်းချုပ် ဝန်ကြီးဌာနများနှင့်သာ လက်မှတ်ရေးထိုးထား သဖြင့် လွတ်လပ်စွာ ကူညီခွင့်မရဘဲ ဒေသခံ အများအပြား ဒုက္ခရောက်နေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

“ကျွန်တော်တို့ကတော့ နယ်စပ်ဖြတ်ကျော်ကူညီပေးမယ်ဆိုလို့ရှိရင် အများကြီးကောင်းတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း လိုအပ်သလိုအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” 

ကုလသမဂ္ဂအရာရှိဟောင်းများနှင့်ဖွဲ့စည်းထားသည့်မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC -M) သည် သြဂုတ် ၁၉ ရက်နေ့က ရခိုင်မြောက်ပိုင်းစစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန် သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် လူသားချင်းစာနာထောက်ထား စင်္ကြန်တစ်ခု တည်ဆောက်ရန်၊ ရခိုင် ပြည်နယ်ရှိ လူမှုအသိုက်အဝန်းအားလုံးသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် AA ကို တိုက်တွန်းထားသည်။ 

သြဂုတ် ၂၃ ရက်နေ့က ရိုဟင်ဂျာအဖွဲ့အစည်းများအပါအဝင် တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းပေါင်း ၁၂၂ ကျော်ကလည်း မောင်တောဒေသရှိ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC -M) ကဲ့သို့ပင် တိုက်တွန်းသည့်အချက်များ ပါဝင်သည်။

AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ဒေသတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  အကူအညီများ ပေးပို့နိုင်ရေး အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုတည်ထောင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားသည်။

 ယခုနှစ် မတ်လက မြောက်ဦးမြို့အဝင်တွင် တွေ့ရသော  AA တပ်ဖွဲ့ဝင် များ။ (ဓာတ်ပုံ-APM)

ထိုတိုက်တွန်းချက်များကို သိရှိထားကြောင်း  ဦးခိုင်သုခက ပြောသည်။

“နယ်စပ်ဖြတ်ကျော်ကူညီပေးရေးနဲ့ပတ်သက်လို့ ပြောနေ ကြတာတော့ ကျွန်တော်တို့လည်း ကြားပါ တယ်။ ကျွန်တော်တို့လက်တွေ့မှာတော့ ဘာမှအကောင်အထည်ပေါ်လာ တာတော့မရှိသေးပါဘူး” ဟု သူက  ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain က  ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်တွင် နယ်မြေအများစု စိုးမိုးထားနိုင်ပြီဖြစ်သော AA နှင့် ဆက်သွယ်ရန် လိုအပ်ကြောင်း စက် တင်ဘာလ ၃ ရက်က ပြောထားကြောင်း The Business Standard သတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားကြသည်။

Cox’s Bazar ၏ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammad Mizanur Rahman က စက်တင်ဘာ ၁၁ ရက်နေ့က သတင်းဌာနများသို့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာများ ထပ်မံ ဝင်ရောက်လာနေကြောင်း၊ ၎င်းတို့အနေဖြင့် ထပ်မံလက်ခံနိုင်ဖွယ် မရှိကြောင်း ပြောထားသည်။​


နယ်စပ်ကျော်ဖြတ်ကာ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက  တိုက်ပွဲဖြစ်နေသော မြန်မာနိုင်ငံဘက်သို့ အတင်းအကျပ်ပြန်ပို့နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေရာ  တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ၃ သိန်းကျော် အထိရှိကာ ဒေသတွင်းနေထိုင်သူများ စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်များကို အကူအညီ မပေးသည့် အပြင် ကုန်ပစ္စည်း သယ်ဆောင်မှု ကန့်သတ်ထားသလို ကူညီမည့်အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့ အစည်းများကိုလည်း လုံခြုံရေးအကြောင်းပြ၍ ခရီးသွားလာခွင့် ကန့်သတ်ထားသောကြောင့် စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့ရေးပစ္စည်းများ မရောက်ရှိသေးဟု သိရသည်။

 မေလအတွင်းက ရခိုင်တွင် စက်လှေဖြင့်သယ်ယူလာသည့် ကုန်စည်တချို့။(ဓာတ်ပုံ-Myanmar Now)

ရခိုင်တိုက်ပွဲတကျော့ပြန်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီသည် ပြည်မနှင့် ရခိုင်အကြား ကုန်းလမ်းရေလမ်းသွားလာမှု ပိတ်ဆို့လိုက်မှုကြောင့် ကုန်စည်ရှားပါးမှု ၊ ကုန်စျေးနှုန်းမြင့်တက်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိတွင် ရခိုင်ကုန်သည်တချို့သည် ပြည်မဘက်က ကုန်ပစ္စည်းများ မှောင်ခိုတင်သွင်းခြင်း၊ အိန္ဒိယဘက်က အကန့်အသတ်ဖြင့်ကုန်စည်တင်သွင်းမှုရှိနေသော်လည်း ကုန်စျေးနှုန်းမှာ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် လေးငါးဆ မြင့်တက်နေသည်။

လူသုံးကုန်ပစ္စည်းများဖြစ်သည့် ရေသန့်ဗူးတစ်လီတာ တစ်ဗူးလျှင် ၅၀၀၀ ကျပ်၊ ဓာတ်ဆီ တစ်လီတာလျှင် ၁၈၀၀၀ ကျပ်အထိ ဖြစ်နေသည်။

အလားတူ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် တစ်သိန်းကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်အထိ ဖြစ်နေ၍ ပြည်သူများအခက်အခဲ ဖြစ်နေကြသည်။

ICRC ဥက္ကဋ္ဌ  ရခိုင်ပြည်နယ် သွားရောက်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms Mirjana Spoljaric က စက်တင်ဘာ ၅ ရက်မှ ၉ ရက် အထိ မြန်မာနိုင်ငံသို့လာရောက်ကာ နိုင်ငံတဝန်းရှိ အကူအညီလိုအပ်နေသူများကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးရေးကိစ္စများနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သလို ရခိုင်ပြည် နယ်ကိုလည်း သွားရောက်ခဲ့သည်။

စက်တင်ဘာ ၆ ရက်က ရန်ကုန်တွင် တွေ့ရသော ICRC ဥက္ကဋ္ဌ Ms Mirjana Spoljaric။ (ဓာတ်ပုံ- ICRC)

မြန်မာလူထုအနေဖြင့် အစားအသောက်၊ သန့်ရှင်းသောရေ၊ မိလ္လာစနစ်များ လိုအပ်မှုနှင့် ရင်ဆိုင်နေရပြီး ပဋိပက္ခ နှင့်အကြမ်းဖက်အခြေအနေများကြောင့် အကြောက်တရားဖြင့်နေထိုင်ရကာ အသက်မွေးဝမ်းကျောင်းအလုပ်များ မလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ICRC ၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပေါက်ကွဲစေသောလက်နက်များ အသုံးပြုရာတွင် အရပ်သားသေဆုံးမှုမြင့်တက်နေကြောင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပါရှိသည်။ 

စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ICRC အနေဖြင့် အကူအညီ ပိုမိုပေးလိုပြီး ပဋိပက္ခဒေသများသို့ ပိုမိုသွားရောက်ခွင့် ရလိုကြောင်း ပြောခဲ့သည်ဟု သိရ သည်။ 

ICRC သည် အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ နိုင်ငံအလယ်ပိုင်း၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ် ခံရသောဒေသရှိ ပြည်သူများထံ သွားရောက်ကူညီခွင့်ရလိုသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း  အကူအညီများ လိုအပ်နေသူတို့ထံ အမှန်တကယ်ရောက်ရှိစေရေး၊ မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသည်ဟု ထုတ်ပြန်ထားသည်။ 

ICRC သည်  ၁၉၄၉ ခု နှစ် မှစ၍ ဂျနီဗာသဘောတူညီချက်မှ အစပြုခဲ့ သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးရေးကိစ္စများ လုပ်ဆောင်နေသော နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။

လူသားချင်းစာနာမှုအကူအညီများ နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်း ပို့ပေးနိုင်ရေးအတွက် စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်များ၊ အိမ်နီးချင်းနိုင်ငံတို့နှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း ICRC ဥက္ကဋ္ဌက စက်တင်ဘာ ၁၁ ရက်နေ့တွင်  ရိုက်တာသတင်းဌာနကို ပြောထားသည်။ 

Related Articles

Back to top button