အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်ရဲ့ မြို့တော် လားရှိုးကို ဒီကနေ့ စက်တင်ဘာ၉ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံး၊ ထိခိုက်မှုတွေ ရှိပါတယ်။
လားရှိုးမြို့၊ အမှတ်(၁) အထွေထွေအုပ်ချုပ်ရေးရုံးကို ပစ်မှတ်ထားတဲ့ ဒီကနေ့ တိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံးပြီး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ရှုံးသွားတဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ပေါ်ကို သြဂုတ်လ ၃၀နဲ့ စက်တင်ဘာ ၈၊ ၉တို့မှာ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် ဆယ်ရက်အတွင်း လေကြောင်းကနေ သုံးကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ရက်မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျပြီး လားရှိုးတစ်မြို့လုံးကို ကိုးကန့်တပ်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်တပ်ရဲ့ အုပ်ချုပ်ရေးအပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ မြို့ကို စတင်လည်ပတ်နေချိန်လည်း ဖြစ်ပါတယ်။