
စစ်ကောင်စီက မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ပြန်လည်ကြေညာခြင်းသည် တရုတ်အစိုးရ၏ အပစ်ရပ်ရေးစေ့စပ်မှုကို လက်မခံကြောင်း ပြသလိုက်ခြင်းသာ ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းကြောင်း ကြေညာချက် ၂ စောင်ထုတ်ခဲ့သည်။
အဆိုပါကြေညာချက်သည် မြန်မာနိုင်ငံမြောက်ပိုင်းတိုက်ပွဲများ အဆုံးသတ်ရန် ကြိုးစားမည်ဟု တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုအပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
“တရုတ်အစိုးရက ကြားဝင်စေ့စပ်ပြီး အပစ်အခတ်ရပ်ဖို့ကြိုးစားနေတာကို ဒီကြေညာချက်က နင်းခြေဖျက်ဆီးပြီးသားဖြစ်နေပါတယ်။ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီက လက်မခံဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ မတ်လအတွင်း AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ဖူးပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်တစ်လအကြာ ၂၀၂၁ မတ်လအတွင်း ထိုသတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုသုံးဖွဲ့စလုံးသည် အင်အားပိုမိုကြီးထွားလာပြီး ‘မြောက်ပိုင်းမဟာမိတ်’ ဆိုသည့် တပ်ပေါင်းစုအမည်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည်။
အကြမ်းဖက်အဖြစ်ကြေညာသော စစ်တပ်သည် မြန်မာ့တပ်မတော်အမည်ခံ ရာဇဝတ်ဂိုဏ်းသာ ဖြစ်သည် ဟု ဦးခိုင်သုခက ဆိုသည်။
“ မြန်မာပြည်မှာ အကြမ်းဖက်မှု၊ ဒုစရိုက်မှု၊ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတာ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော်အမည်ခံ ရာဇဝတ်ဂိုဏ်းဖြစ်တယ်ဆိုတာ မြန်မာတစ်ပြည်လုံးသိသလို နိုင်ငံတကာကလည်း သိပြီးသားကိစ္စ ဖြစ်တယ်” ဟု သူက မှတ်ချက်ပြုသည်။
“စစ်ရေးအရ ရှုံးနိမ့်မှုတွေ၊ သံတမန်ရေးအရ ဝိုင်းပယ်ခံရမှုတွေ စတဲ့အကျပ်အတည်းတွေနှင့် လူတောတိုးမရဖြစ်နေတဲ့အခြေအနေမှာ သူဟာ အစိုးရတစ်ရပ် ဖြစ်နေပါ သေးတယ် ဆိုတာ ပုံဖော်ဖို့အတွက်အခုလို ကြေညာတာလည်း ဖြစ်နိုင်ပါတယ်”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှုကို ဂရုစိုက်မည်မဟုတ်ကြောင်း RFA သတင်းဌာနကို တုံ့ပြန်ဖြေကြားထားသည်။



စစ်ကောင်စီထုတ်ပြန်သော ကြေညာချက်။
စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) ၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) တို့ကိုလည်း အကြမ်းဖက်အုပ်စု အဖြစ် ၂၀၂၁ မေလအတွင်း ကြေညာခဲ့သည်။ အပြန်အလှန်အားဖြင့် NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။
AA သည်လည်း ရခိုင်ပြည်နယ်ထဲမှ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်ထဲ မှ စစ်တပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည်။
လတ်တလောတွင် မောင်တောမြို့အပြင် သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီး တိုက်ပွဲများဖြစ်နေကာ စစ်တွေမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
AA ၏ နယ်မြေစိုးမိုးမှုအင်အား ကြီးလာပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain က ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်တွင် နယ်မြေအများစု စိုးမိုးထားနိုင်ပြီဖြစ်သော AA နှင့် ဆက်သွယ်ရန် လိုအပ်ကြောင်း စက်တင်ဘာလ ၃ ရက်က ပြောထားကြောင်း The Business Standard သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ရိုဟင်ဂျာ ၈၀၀၀ ခန့် ရောက်ရှိလာကြောင်း သတင်းကြားသိရ၍ အစိုးရအဖွဲ့အနေဖြင့် အရေးကြီးအစည်းအဝေး လာမည့် ၂ ရက် ၃ ရက်အကြာတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက သတင်းဌာနများကို ပြောထားသည်။
ဩဂုတ်လဆန်းက မောင်တောရှိ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကူးစဉ် နတ်မြစ်အတွင်း တိုက်ခိုက်ခံရပြီး ကလေးများအပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ရာ စွပ်စွဲချက်များဖြင့် AA က ရင်ဆိုင်နေရသည်။
AA က ထိုစွပ်စွဲချက်ကို ငြင်းဆန်ထားသည်၊ လူ့အခွင့်အရေးအဖွဲ့များက ထိုကိစ္စ စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာသို့ တောင်းဆိုထားကြသည်။
တရုတ်၏ အပစ်ရပ်ရေး ဖိအားပေးမှု
ယမန်နှစ် နှစ်ကုန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် မြောက်ပိုင်း ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကို ပြုလုပ်ခဲ့ရာ ရှမ်းမြောက်ဒေသရှိ မြို့ကြီးအများအပြားနှင့် ပလက်ဝမြို့ အပါ အဝင် ရခိုင်မြို့နယ် ထက်ဝက်ကျော်ကို မြောက်ပိုင်းမဟာမိတ်များနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင်မှုဖြင့် နှစ်ဆန်းတွင် တိုက်ပွဲများ ခေတ္တရပ်သွားသော်လည်း ယခုနှစ် ဇွန် ၂၅ ရက်မှ စ၍ စစ်ဆင်ရေး ပြန်စခဲ့ရာ တိုက်ပွဲများဆက်လက်ပြင်းထန်နေချိန် တရုတ်နိုင်ငံက တိုက်ပွဲများ အပစ်ရပ်ရန် ဖိအားပေးနေသည်။
စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ခြင်း မပြုလုပ်ရန် TNLA ကို တရုတ်အစိုးရက တောင်းဆိုထားသည် ဟူသောစာမှာ ဩဂုတ် ၂၉ တွင် ပျံ့နှံ့လာသည်၊ ထိုစာမှာ အစစ်အမှန် ဟုတ်မဟုတ် အငြင်းပွားဖွယ် ဖြစ်ခဲ့သော်လည်း TNLA က ၎င်းတို့ ထိုစာ လက်ခံရရှိကြောင်း အတည်ပြုထားသည်။ ထိုစာနှင့် ပတ်သက်ပြီး မေးမြန်းချက်ကိုမူ တရုတ်အစိုးရက ရှင်းရှင်းလင်းလင်း ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပေ။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှစ်ကျော့အတွင်း စစ်ကောင်စီလက်ထဲမှ ရှမ်းမြောက်ရှိ မြို့ ၁၀ မြို့နှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားသည်။
အလားတူ ဇူလိုင်လဆန်းမှစ၍ ကိုးကန့်တပ် ထိန်းချုပ်ထားသည့် အထူးဒေသ (၁) နယ်မြေအတွင်းရှိ ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်က ကန့်သတ်ခဲ့ပြီး စစ်ပွဲရပ်ရန် ဖိအားပေးနေသည်။
တရုတ်-မြန်မာနယ်စပ်က ‘ဝ’တပ်ဖွဲ့(UWSA) ထိန်းချုပ်ထားသည့် အထူးဒေသ (၂) နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် အထူးဒေသ (၄) ရှိကုန်သွယ်ရေးဂိတ်အချို့ကိုမူ တရုတ်အာဏာပိုင်များက ဖွင့်ပေးထားဆဲ ဖြစ်သည်။
လက်ရှိတွင် ကိုးကန့်တပ် MNDAA က တရုတ်-မြန်မာ နယ်စပ်မှ ကိုးကန့်ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်း မြို့တော် လားရှိုးတို့ အပါအဝင် ရှမ်းမြောက်ဒေသအများစုကို ထိန်းချုပ်ထားသည်။