သတင်း

စက်သုံးဆီကို ခွဲတမ်းဖြင့်သာ ဝယ်ရမည့်ခေတ် ပြန်ရောက်ဖွယ်ရှိ 

ဆီဝယ်ခွင့်ရစာအုပ်ပြသနိုင်မှ ဆီဝယ်ယူရသည့်စနစ်ကို ယခင်စစ်ဗိုလ်ချုပ်များက တီထွင်ခဲ့သည်၊ လက်ရှိ ဗိုလ်ချုပ်များကလည်း ထိုစနစ်ဟောင်းကို ပြန်ထုတ်သုံးတော့မည်ဟု သိရသည်။

ယခင်စစ်ဗိုလ်ချုပ်များ အသုံးပြုခဲ့သည့် စက်သုံးဆီ ခွဲတမ်းဖြင့်သာ ဝယ်ယူနိုင်သောစနစ်ကို ပြန်လည် ကျင့်သုံးရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်များထံမှ သိရသည်။

စက်သုံးဆီဝယ်ယူရာတွင် ပြသရမည့် စာအုပ်နေရာတွင် အီလက်ထရောနစ် စနစ်ဖြင့် ထိန်းချုပ်သည့်  စမတ်ကတ် (Smart Card) က အစားထိုးနေရာယူလာမည်ဖြစ်သည်။

စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်တစ်စီးချင်းစီအတွက် ဆီဝယ်ယူမှု မှတ်တမ်းများကို စောင့်ကြည့် ထိန်းချုပ်နိုင်မည့် ထိုစမတ်ကတ်စနစ်ကို အကောင်အထည်ဖော်ရန်   ဆော့ဝဲကုမ္ပဏီ ၃ ခုကိုလည်း ရွေးချယ်ထားပြီဖြစ်သည်ဟု  လုပ်ငန်းရှင်များက ပြောသည်။   

အဆိုပါစနစ်အကောင်အထည်ပေါ်ရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းတို့က ပူးပေါင်းစီစဉ်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

ကနဦးအဆင့်တွင် အငှားယာဉ်များကို စမတ်ကတ် စတင်ထုတ်ပေးမည်ဟု သိရကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။  

“အခုက ဆိုင်စျေးနဲ့ အပြင်စျေးက နှစ်ဆလောက် ကွာနေတော့ တချို့တက္ကစီတွေက ဆီတန်းစီ ပြီးတော့ ပြန်ထုတ်ရောင်းရကြတယ်၊ အဲဒါကို ထိန်းချုပ်ချင်တာလို့ သိရတယ်” ဟု သူက ဆိုသည်။ 

ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးကမူ  ဆီဆိုင်များတွင်  ၁၀ လီတာ သို့မဟုတ်  ၁၅ လီတာခန့်သာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်း ဖြစ်သောကြောင့် ထိုနည်းဖြင့် မှောင်ခိုစျေးကွက်သို့ ဆီရောက်မည်မဟုတ်ဟု  ပြောသည်။  

“သူတို့ ဆီဆိုင်တွေက ရောင်းပေးတာက(ကျပ်) သုံးသောင်းဖိုး၊  ငါးသောင်းဖိုးလေ။ ကိုယ့်ဘာသာ သုံးဖို့တောင် မလောက်တာ ဘယ်လိုပြန်ထုတ်ရောင်းရမှာလဲ” ဟု သူက ပြောသည်။ 

အာဏာရှင်ဟောင်းများဖြစ်သည့် ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်အစိုးရနှင့် ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရလက်ထက်တို့တွင် မော်တော်ယာဉ်ပိုင်ရှင်များကို ဝယ်ယူခွင့် စာအုပ်များထုတ်ပေးကာ ခွဲတမ်းဖြင့်ရောင်းချခဲ့သည်။ 

အဆိုပါစနစ်ကို ၂၀၁၂ နှစ်ဆန်းပိုင်းအထိ ကျင့်သုံးခဲ့ပြီး ဦးသိန်းစိန်အစိုးရက နောက်ပိုင်းတွင် ပယ်ဖျက်ကာ လွတ်လပ်စွာဝယ်ယူခွင့်ပြုခဲ့သည်။

စစ်ကောင်စီလက်ထက်တွင် မကြာခဏ ကြုံတွေ့နေရသည့် စက်သုံးဆီရှားပါးမှုပြဿနာသည် ပြီးခဲသည့် ဩဂုတ်လအတွင်း ထပ်မံဖြစ်ပေါ်ခဲ့ပြီး သီတင်းပတ် ၂ ပတ်ကျော် ကြာခဲ့သည်၊ ဆီကို အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ရရန် ဆီဆိုင်များတွင် ညအိပ်တန်းစီကြရသည်အထိ ဖြစ်ခဲ့သည်။ 

လက်ရှိအချိန်တွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ တချို့သော ဆီဆိုင်များသည် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်သည်။ 

စစ်ကောင်စီ၏ ဈေးကွက်ရည်ညွှန်းဈေးအရ ယနေ့ (စက်တင်ဘာ ၃) ဓာတ်ဆီ တစ်လီတာဈေးနှုန်းမှာ ရန်ကုန်တွင် ၃၁၀၀ ၊ မန္တလေးတွင် ၃၁၈၅၊ နေပြည်တော်တွင် ၃၁၆၀ ကျပ် ဖြစ်သည်။ သို့သော် ထိုမြို့ကြီးများတွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၆,၀၀၀ ကျော် မှ ၇,၀၀၀ အထိ မှောင်ခိုဈေးကွက် ရှိနေသည်။ 

စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စက်သုံးဆီ တစ်လီတာသည် ကျပ် ၆၀၀ မှ ၇၀၀ ဝန်းကျင်သာရှိသည်။ ထိုအချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည်လည်း ကျပ် ၁၃၀၀ ခန့်သာရှိသည်။ 

လက်ရှိဖြစ်ပေါ်နေသော လောင်စာဆီရှားပါးခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်ကောင်စီက ဒေါ်လာကို ထိန်းချုပ်ထားခြင်း နှင့် ဆီလုပ်ငန်းရှင်များ တွက်ချေမကိုက်သော ရည်ညွှန်းစျေးသတ်မှတ်ကာ ရောင်းချ ခိုင်းခြင်းကြောင့် ဖြစ်သည်ဟု စက်သုံးဆီတင်သွင်းရောင်းချသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

စက်သုံးဆီမှောင်ခိုစျေးကွက်ပေါ်လာခြင်းသည်လည်း ထိုသို့ စျေးနှုန်းကို ထိန်းချုပ်ထားခြင်းဟု သူက ပြောသည်။ 

“တွက်ချေမကိုက်ကြတော့ မသမာနဲ့ နည်းလမ်းတွေလည်း လုပ်လာကြတာပေါ့၊ တချို့ဆိုင်လေးတွေ ဆိုရင် ဆိုင်းဘုတ်မှာတင်ထားတော့ တစ်စျေး၊ တကယ်ရောင်းပေးတော့ တစ်စျေးပေါ့” ဟု သူက ဆိုသည်။

ထို့အတွက်ကြောင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ စက်သုံးဆီရည်ညွှန်းစျေးသတ်မှတ်ချက်ကို လုပ်ငန်းရှင်များ အမှန်တကယ်ဝယ်ယူနေရသော စျေးနှုန်းဖြင့် တွက်ချက်ပေးရန် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသို့ စက်သုံးဆီလုပ်ငန်း ရှင်အသင်းက တင်ပြခဲ့သေးသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင်မူ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေး ခဲ့သည်ဟု  စစ်ကောင်စီ၏  ဗဟိုဘဏ်က ကြေညာခဲ့သည်။ 

ထိုသို့  ထုတ်ရောင်းပေးခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင် စက်သုံးဆီ ပြတ်လပ်နေမှု အနည်းငယ်ပြန်လည် ပြေလည်လာခဲ့သည်။

Show More

Related Articles

Back to top button