သတင်း

ကရင်ပြည်နယ် ကျားဖြန့်အမှုအတွက် မလေးဝန်ကြီးဟောင်းကို ရဲစစ်ဆေးနေ

မလေးရှား ဒုဝန်ကြီးဟောင်းနှင့် ခင်ပွန်းသည်ကို ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်မှု သံသယဖြင့် မလေးရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။ ဒုဝန်ကြီးဟောင်းက ထိုဒေသသို့ မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ကြောင်း ဝန်ခံသော်လည်း ရာဇဝတ်လုပ်ငန်းနှင့် ဆက်စပ်မှုစွဲချက်ကိုမူ ငြင်းဆိုထားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် ကြီးထွားလာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသော မလေးရှား ဒုတိယဝန်ကြီးဟောင်းနှင့် ခင်ပွန်းသည်တို့ကို မလေးရှားအာဏာပိုင်များက စစ်ဆေးနေသည်ဟု သိရသည်။

မလေးရှား ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်း Dato’ Dr Mashitah Ibrahim နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar တို့သည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်ပြည်နယ် Dongmei Park အမည်ရ လူကုန်ကူးမှု၊မူးယစ်ဆေးအပါဝင် အွန်လိုင်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု သုတေသနအဖွဲ့  Justice For Myanmar (JFM) က ယခုနှစ် မေလကုန်တွင် ဖော်ထုတ်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထိုအစီရင်ခံစာ ထွက်ပေါ်အပြီး ၃လအကြာတွင် မလေးရှားရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Tan Sri Razarudin Husain က စွပ်စွဲခံရသူနှစ်ဦး၏ ထွက်ဆိုချက်များကို ဇူလိုင်လကတည်းက ရယူထားပြီဖြစ်ကြောင်း၊ သက်သေများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မလေးရှားအစိုးရပိုင် သတင်းစာများတွင် ယမန်နေ့ (ဩဂုတ် ၂၉ရက်) က ဖော်ပြသည်။

မြဝတီမြို့နယ်အတွင်း  စစ်ကောင်စီလက်အောက်ခံ စောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ် နယ်မြေတွင် အကောင်ထည်ဖော်ထားသည့် ရထိုက်ကုမ္ပဏီ၏ စီမံကိန်း၊ Dongmei Park  စီမံကိန်းများတွင် ဒုဝန်ကြီးဟောင်းအပါဝင် မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း JFMက ဖော်ထုတ်လိုက်ပြီးနောက် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒုဝန်ကြီးဟောင်းသည် United Malays National Organisation (UMNO) ပါတီ၏ အမတ်ဟောင်းလည်းဖြစ်သည်။ သူ၏ ခင်ပွန်းသည်မှာလည်း သံအမတ်ဟောင်းတစ်ဦးဖြစ်သည်။

ဒုဝန်ကြီးဟောင်းက တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ Facebookကို ကိုးကား၍ MalayMail သတင်းဌာနက သြဂုတ် ၂၉ တွင် ရေးသားထားသည်။

၂၀၂၀ ပြည့်နှစ်က Dongmei Park ကို အလည်အပတ် သွားရောက်ခဲ့သည့်ခရီးစဉ်နှင့် ဆက်စပ်၍ စွပ်စွဲခံရခြင်းဖြစ်ကြောင်း၊ ထိုစဉ်က ၎င်း၏ မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်အရ ကရင်ပြည်နယ်သို့ သွားခဲ့ခြင်းဖြစ်ကာ ဓာတ်ပုံရိုက်ရန် ခေါ်သဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးဟောင်းက  ပြန်လည်ဖြေရှင်းထားသည်။

ရထိုက်ကုမ္ပဏီမှာ မြဝတီ၊ ရွှေကုက္ကိုမြို့သစ် စီမံကိန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်ပြီး  BGFနှင့် အကျိုးတူ လုပ်ငန်း လုပ်ကိုင်နေသည်။ ထိုစီမံကိန်း၌ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်းများ လည်ပတ်နေပြီး ကုမ္ပဏီနှင့် BGFတို့ကလည်း ထိုလုပ်ငန်းများထံမှ အကျိုးအမြတ်များစွာရရှိနေသည်ဟု သိရသည်။

ထိုအပြင် Dongmei Park မှာလည်း လေ့ကေ့ကော်မြို့သစ်အနီးတွင် တည်ရှိသည်။   စစ်ဝတ်စုံဝတ်ဆင် လက်နက်ကိုင်ထားသူများ လုံခြုံရေးယူထားသည့် စီမံကိန်းဖြစ်သည်။ 

မူးယစ်ဆေးဝါးရောင်းဝယ်မှုအပါဝင် တရားမဝင်လုပ်ငန်းများကို ပေါ်ပေါ်တင်တင်လုပ်ကိုင်နေသည့် နေရာတစ်ခုလည်းဖြစ်ပြီး ပြည့်တန်ဆာလုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ်လုပ်နေသည်ဟု JFMက ဆိုသည်။

Dongmei Park စီမံကိန်းကို ဟောင်ကောင်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် Dongmei Groupကုမ္ပဏီက အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ မလေးရှားအစိုးရက အလိုရှိနေသူတစ်ဦးဖြစ်သည့် Wan Kuok-koi (ခ) သွားကျိုးဆိုသူ ဦးစီးခဲ့သည့် လုပ်ငန်းဖြစ်သည်။

ထိုစီမံကိန်းတွင် ဒုဝန်ကြီးဟောင်းတို့လင်မယားအပြင် Yong Mun Hong,  Dato Sri Liong Kee Huat ဆိုသူတို့နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသည်ဟု JFMက ဆိုသည်။

မြန်မာနိုင်ငံတွင် Dongmei park သည် မလေးရှားနိုင်ငံသားများပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လည်ပတ်နေခြင်းဖြစ်သော်လည်း ကုမ္ပဏီနှင့်ပတ်သက်၍ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း JFM က ဆိုသည်။ 

Show More

Related Articles

Back to top button