သတင်း

ဆေးဝါးရှားပါးလာချိန် ဆေးတင်သွင်းခွင့် စစ်ကောင်စီ ထပ်တင်းကျပ်

ပို့ကုန်ရငွေတင်ပြနိုင်မှသာ ပြည်ပမှ ဆေးဝါးသွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက ကန့်သတ်လိုက်ပြီး စျေးကွက်တွင် ဆေးနှင့် ဆေးပစ္စည်း ပိုမို နည်းပါးလာနိုင်သည်။

နိုင်ငံခြားငွေရှားပါး ပြတ်လပ်နေသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်ပ ဆေးဝါးဝယ်ယူတင်သွင်းမှုကို ပို့ကုန်ရငွေတင်ပြနိုင်မှသာ ခွင့်ပြုမည်ဟု ကန့်သတ်လိုက်သလို လျှောက်ထားဆဲ ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကိုလည်း ခွင့်ပြုခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးစီးသည့် နိုင်ငံခြားသုံး‌ငွေကြီးကြပ်မှုကော်မတီက ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုကန့်သတ်ချက်သည် လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆေးကုန်သည်အသင်းထံ ဩဂုတ် ၂၈ ရက်စွဲဖြင့် ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြသည်။

သွင်းကုန်လိုင်စင် အွန်လိုင်းမှလျှောက်ထားသည့်စနစ် (Trade Net 2.0 ) တွင် လျှောက်ထားသည့် ဆေးသွင်းကုန်လိုင်စင်များကိုလည်း ပယ်ဖျက်သွားမည်ဟုလည်း အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံ ၂၀၂၃ အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သည့် ဆေးကုမ္ပဏီ ၁၁၆ ခု၏ အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းတန်ဖိုးရှိ သွင်းကုန်လိုင်စင်လျှောက်လွှာများကိုလည်း အထက်ပါ မူဝါဒအသစ်ဖြင့် ပြန်လျှောက်ထားရမည်ဟုလည်း ထိုစာတွင် ပါရှိသည်။

ဆေးကုန်သည်အသင်းထံ အသိပေးသည့် အကြောင်းကြားစာမှာ အစစ်အမှန်ဖြစ်သည်၊ ကန့်သတ်ချက်အသစ်ကြောင့် စျေးကွက်တွင် ဆေးဝါး ပိုမို နည်းပါးလာနိုင်သည်ဟု ရန်ကုန်အခြေစိုက် ဆေးနှင့်ဆေးပစ္စည်း တင်သွင်းရောင်းချသည့် ကုမ္ပဏီမှ အမည်မဖော်လိုသူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်တုန်းက စစ်ကောင်စီက ဒေါ်လာအကျပ်အတည်းဖြစ်နေတော့ ဒေါ်လာနဲ့ တင်သွင်းဖို့ လိုင်စင်လျှောက်ထားပေမဲ့ တရုတ်ယွမ်၊ အိန္ဒိယရူပီးတို့နဲ့ ခွင့်ပြုပေးခဲ့တာပါ။ အနာဂတ်မှာ လိုင်စင်လျှောက်ရင် လျှောက်လွှာတိုင်းမှာ ပို့ကုန်ရငွေနဲ့ တင်သွင်းမယ်ဆို့တဲ့ အထောက်အထားပူးတွဲတင်ပြရမယ်” ဟု သူက ပြောသည်။

“ဆေးကုမ္ပဏီကြီးတွေနဲ့ ဆေးဝါးတင်သွင်းမှု လုပ်ငန်းတွေအတွက် ခက်ခဲလာနိုင်ပါတယ်”

ယခင်က ပို့ကုန်ရငွေမဟုတ်သည့် အခြားနိုင်ငံခြားငွေဖြင့်လည်း ဆေးဝါးတင်သွင်းခွင့် လျှောက်ထားနိုင်သည်၊ ယခုအခါ ဆေးဝါးသွင်းမည့်ငွေများသည် ပို့ကုန်တင်ပို့ရာမှ ရရှိသောငွေဖြစ်ရမည်ဟု သတ်မှတ်လိုက်ရာ ပိုမိုရှုပ်ထွေးပြီး လုပ်ကိုင်ရမည့်အဆင့် ပိုများပြားလာသည်။

ထိုနည်းလမ်းမှာ ပို့ကုန်ရှိသလောက်သာ တင်သွင်းခွင့်ပေးမည့် အခြေအနေဖြစ်သည်။

ပြည်ပသွင်းကုန်အတွက် စစ်ကောင်စီက နိုင်ငံခြားငွေစိုက်ထုတ်သုံးစွဲရမှု လျှော့ချနိုင်မည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ သွင်းကုန်ရှားပါးကာ ကုန်ပစ္စည်းများဈေးတက်လာနိုင်သည်ဟု ကုန်သည်များက ဆိုသည်။

“အခု ဆေးဝါးပြတ်လပ်မှုတချို့ရှိနေသလို ပြင်ပမှာ ဈေးတွေ တော်တော်လည်း ကြီးနေတယ်” ဟု အထက်ပါ ဆေးကုမ္ပဏီဝန်ထမ်း အမျိုးသမီးက ပြောသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီ၏ နိုင်ငံခြားငွေပြတ်လပ်မှုကို မီးမောင်းထိုးပြနေသည်ဟုလည်း ရန်ကုန်မြို့နေ စီးပွားရေးလေ့လာသူတစ်ဦးက ပြောသည်။

“သေချာတာတော့ သူတို့မှာ နိုင်ငံခြားငွေ တော်တော်ကိုနည်းနေပြီထင်တယ်။ Export (ပို့ကုန်တင်ပို့) လုပ်မှ Import (သွင်းကုန်) လုပ်လို့ရမယ်။ ပြန်ရောင်းမှာပေါ့လေ။ ပြောင်းတင်ပို့သူက ဆေးတင်သွင်းသူအတွက် နာမည်ခံပြီးပြန်သွင်းပေးရမယ့်သဘောဖြစ်သွားတာပေါ့” ဟု သူက ဆိုသည်။

“သွင်းချင်မှတောင် သွင်းတော့မှာလေ။ ဇယားအသစ်ရှုပ်သွားပြီ။ ဆေးတွေရှားနိုင်တယ်။ မှောင်ခိုတွေ များသွားနိုင်တယ်”

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းကုန်အားလုံးနီးပါး လိုင်စင်လျှောက်ထားပြီးမှသာ သွင်းခွင့်ပြုခဲ့သည်။ ယခင်က မရှိမဖြစ် ဆေးနှင့် ဆေးဝါးတင်သွင်းခွင့်ကို နှစ်ပတ်အတွင်း ခွင့်ပြုရာမှ ယခုအခါ လနှင့်ချီကြာစစ်ဆေးသလို လိုင်စင်များလည်း ချမပေးသည့် အခြေအနေများ ပေါ်ပေါက်လာနေသည်ဟု သိရသည်။

ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ တင်သွင်းရပြီး စစ်ကောင်စီက နိုင်ငံခြားသုံးငွေမကုန်ရန် သွင်းကုန်ထိန်းချုပ်လာမှုကြောင့် ဆေးဝါးမလုံလောက်မှု ဆိုးရွားလာကြောင်း ဆေးဝါးဖြန့်ဖြူးရောင်းချသူများက ပြောသည်။ 

ဆီးချိုရောဂါသည်များအတွက် အရေးပါသည့် Insulin (အင်ဆူလင်ထိုးဆေး) အပါအဝင် အခြားဆေးများ ဝယ်ရခက်ကာ လက်ကျန်နည်းပါးလာနေသလို အခြားသောက်ဆေးနှင့် ထိုးဆေးများလည်း လိုအပ်သည့်အမှတ်တံဆိပ် စျေးကွက်တွင် မရနိုင်တော့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မှ အမည်မဖော်လိုသည့် ဆေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ဈေးကွက်ထဲတွင် တရုတ်ကုမ္ပဏီများ ထုတ်လုပ်သည်ဟု ယူဆရသည့် ဆေးဝါးများ ဝင်ရောက်လာနေပြီး ဆေးအရည်အသွေး ညံ့ကြောင်းလည်း သူက ဆိုသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်လာချိန် နိုင်ငံအနှံ့ခုခံတော်လှန်မှုများတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်မြင့်မားနေသည်။ ပြည်သူတို့၏ နေ့စဉ်ဘဝအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆန်၊ စားသုံးဆီ၊ လောင်စာဆီ ဈေးနှုန်းများ မတန်တဆထိုးတက်၍ လူသုံးကုန်ပစ္စည်းများလည်း ရှားပါးလာနေသည်။

Show More

Related Articles

Back to top button