သတင်း

စျေးကွက်အတွင်း ဆေးဝါးပြတ်လပ်နေပြီး ဆီးချိုဆေး ဝယ်ရခက်နေ

နိုင်ငံခြားငွေရပေါက်ရလမ်း နည်းပါးလာသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်း မရှိမဖြစ်လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းတင်သွင်းခွင့်ကို တင်းကျပ်စွာ ကန့်သတ်ထိန်းချုပ်ထား၍ စျေးကွက်အတွင်း ဆေးဝါးပြတ်လပ်နေသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းကုန်အားလုံးနီးပါး လိုင်စင်လျှောက်ထားပြီးမှသာ ခွင့်ပြုခြင်းဖြစ်ပြီး ယခင်က မရှိမဖြစ် ဆေးနှင့် ဆေးဝါးတင်သွင်းခွင့်ကို နှစ်ပတ်အတွင်း ခွင့်ပြုရာမှ ယခုအခါ နှစ်လနီးပါးကြာ စိစစ်ပြီးမှ ခွင့်ပြုခြင်းကြောင့် ဖြစ်ကြောင်း ဆေးတင်သွင်းသည့် ကုမ္ပဏီတစ်ခုနှင့် ဆေးဆိုင်လေးခုထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကြောင့် စစ်စရိတ်မြှင့်တင်ထားသည့် စစ်ကောင်စီသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုနှင့်လည်း ရင်ဆိုင်နေရ၍ အမေရိကန်ဒေါ်လာ လိုအပ်ချက်မြင့်မားနေရာ ပြည်သူတို့၏ နေ့စဉ်ဘဝအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆန်၊ စားသုံးဆီ၊ စက်သုံးဆီ ဈေးနှုန်းများ မတန်တဆထိုးတက်၊ ဝယ်ယူရခက်သည့် အခြေအနေ ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။

ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက နိုင်ငံအနေဖြင့် ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရပြီး စစ်ကောင်စီက ဒေါ်လာမကုန်ရန် သွင်းကုန်ထိန်းချုပ်မှုကြောင့် ဆေးမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ စက်တင်ဘာလဆန်းတွင် ဆီးချိုရောဂါသည်များအတွက် အရေးပါသည့် Insulin (အင်ဆူလင်) ထိုးဆေး ပြတ်လပ်နေကြောင်း ပြောသည်။

“စိစစ်ပြီးမှ ချပေးတဲ့ ပုံစံမျိုးဖြစ်နေတော့ အကုန်လုံးက ပိတ်ဆို့နေတယ်၊ ရရမယ့်ဟာတွေက မရဘူး။ ပုံမှန်ဆိုရင် နှစ်ပတ်ဆိုရင် သွင်းကုန်လိုင်စင်ရပြီ။ အခုဟာကတော့ နှစ်ပတ်မကဘူး၊ နှစ်လနီးပါး ကြာတယ်။ လိုင်စင်ရဖို့အတွက် ခက်ခဲနေတာ” ဟု ၎င်းက ပြောသည်။

“သွင်းကုန်လိုင်စင်ကို ဘတ်နဲ့ လျှောက်ရတာရှိတယ်။ ယွမ်နဲ့ လျှောက်ရတာရှိတယ်။ အဓိကအားဖြင့် ယွမ်နဲ့ လျှောက်ရတာများတယ်။ အခုနောက်ပိုင်း ကြားနေရတာက ယွမ်နဲ့ လျှောက်တာတွေကိုလည်း သိပ်ပြီးတော့ မချပေးတော့ဘူး”

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်ဆူလင်ထိုးဆေးပြတ်လပ်နေ၍ မြန်မြန်ဆန်ဆန်တင်သွင်းရန် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန (FDA) က ဆေးတင်သွင်းသည့် ကုမ္ပဏီများကို အသိပေးအကြောင်းကြားသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

သို့သော် အခြားတစ်ဖက်တွင် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်လိုင်စင်ကို ကန့်သတ်ထား၍ ဆေးဝါးများ အလျဉ်မီရောက်ရေးမှာ ဆေးရောင်းဝယ်ရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်နေသည်။

ရန်ကုန်မြို့ ဆေးဝါးဖြန့်ဖြူးသည့် ဈေးတစ်ခုကို ၂၀၂၂ စက်တင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မှ အမည်မဖော်လိုသည့် ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆီးချိုရောဂါသည်များသည် ရောဂါအခြေအနေအပေါ် မူတည်၍ ပုံမှန်ဆေးသောက်ရသူနှင့် အင်ဆူလင်ထိုးဆေး‌ ပုံမှန်ထိုးရသူများရှိကြောင်း၊ သောက်ဆေးကို အစားထိုးဝယ်ယူနိုင်သေးသော်လည်း ထိုးဆေးများမှာ ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ပြောသည်။

လူသုံးများသည့် Mixtard အမှတ်တံဆိပ် အင်ဆူလင်ထိုးဆေးမှာ လွန်ခဲ့သည့် နှစ်လဝန်းကျင်ကတည်းက ပြတ်လပ်သွားသလို အခြားအမှတ်တံဆိပ်များလည်း ရှားပါးနေကြောင်း ၎င်းထံမှ သိရသည်။

ဆေးကုမ္ပဏီထံ မေးမြန်းရာ တင်သွင်းထားသည့် ဆေးဝါးများ ရန်ကုန်တွင် သောင်တင်နေသည်ဟု ဖြေကြားကြောင်း သူက ဆိုသည်။

“သူတို့ ဆေးတင်သွင်းပေမဲ့ ရန်ကုန်ဆိပ်ကမ်းမှာ ထုတ်ယူလို့မရဘူးလို့ ဆိုပါတယ်။ ထုတ်ယူခွင့်မပြုတဲ့ အကြောင်းပြချက်ကတော့ ဒေါ်လာနဲ့ ငွေပေးချေရင် ပြည်တွင်းက ဒေါ်လာတွေ ပြည်ပထွက်သွားမှာဖြစ်လို့ပါ” ဟု အထက်ပါ ဆေးဆိုင်ပိုင်ရှင်က ဆိုသည်။

ဆေးပြတ်လပ်မှုကြောင့် ဆီးချိုသမားများ အခက်ကြုံနေပြီး ရေရှည်တွင် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိကြောင်း သူက ဆက်ပြောသည်။

ဆေးဝါးကို ကန့်သတ်ခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိတော့ကြောင်း၊ အင်ဆူလင်ထိုးဆေး လနှင့်ချီ ပြတ်လပ်လာချိန် ဈေးနှုန်းလည်း နှစ်ဆမြင့်တက်သွားရာမှ ယခုရက်ပိုင်းအတွင်း ဆေးတချို့ ပြန်ဝင်လာကြောင်း ရန်ကုန်မြို့မှ ဆေးဝါးလက်လီလက်ကားရောင်းချသူတစ်ဦးက ပြောသည်။

“သွင်းလို့မရတာကြောင့် ရှိတဲ့ပစ္စည်းတွေက အကုန်ပြတ်လပ်သွားတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း ဆီးချိုဝေဒနာသည်က များတယ်။ ဒါတွေက အရေးပေါ်ထိုးရတဲ့ကိစ္စတွေမှာ ပစ္စည်းတွေ ပြတ်ကုန်တယ်။ ဈေးတွေလည်း ကြီးကုန်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါ စျေးသည်က ပြောသည်။

Mixtard ထိုးဆေးတစ်ပုလင်းကို ကုမ္ပဏီဈေး ကျပ် ၂၀,၀၀၀ ဝန်းကျင်မှ ၂၆၀၀၀ အထိ ဈေးတက်သွားကြောင်း သူက ဆက်ပြောသည်။

ဆေးဝါးမလုံလောက်မှု ယခင်ကတည်းက ရှိခဲ့သော်လည်း စစ်ကောင်စီ စီမံခန့်ခွဲချိန်တွင် ပိုဆိုးလာကြောင်း၊ စျေးကွက်တွင် ဆေးအမျိုးအစားတစ်ခု ပြတ်လပ်ပါက အချိန်ကြာမြင့်သည်အထိ ပြန်မဝင်တတ်ကြောင်း၊ ဆေးပြတ်လပ်မှုကို အကြောင်းပြု၍ ဈေးဆွဲတင်လိုသည့် ကုမ္ပဏီလည်း ရှိတတ်ကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ ဆေးဆိုင်ပိုင်ရှင်နှစ်ဦးထံမှ စုံစမ်းသိရှိရသည်။

အင်ဆူလင်ထိုးဆေးကို ဥရောပ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အဓိကတင်သွင်းရသည်။ ထိုသို့ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ ပေးချေရမည်ဖြစ်၍ ဒေါ်လာရှားပါးသည့် စစ်ကောင်စီအတွက် ပိုမိုအကျပ်ရိုက်ဖွယ်ရှိနေသည်။

ထိုင်း၊ တရုတ်နှင့် ကုန်သွယ်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေး ဘတ်နှင့် ယွမ် ပေးချေနိုင်၍ ငွေဈေးအတက်ကြမ်းသည့် ဒေါ်လာအသုံးပြုရခြင်းထက် လူးသာလွန့်သာရှိသည်။

ထို့ကြောင့် ထိုင်း၊ တရုတ် ဆေးဝါးများသာ ပိုမိုအသုံးပြုလာနိုင်မည့် အခြေသို့ ဆိုက်နိုင်သည်။ 

ရန်ကုန်မြို့ ဆေးဆိုင်တစ်ခုကို ၂၀၂၂ စက်တင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

အင်ဆူလင်လိုအပ်သည့် ဆီးချိုသမားများမှာ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကို ခပ်မြန်မြန်ခံစားရနိုင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဆေးရုံအုပ်ကြီးတစ်ဦးက မှတ်ချက်ပြုသည်။

ဆေးသောက်နေရသည့် ရောဂါသည်များအနေဖြင့် အရေးပေါ်အခြေအနေကြုံပါက ထိုးဆေး မဖြစ်မနေအသုံးပြုရ၍ ဒုက္ခရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ခြေထောက်မှာ အနာတွေပေါက်တယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ်၊ infection (ရောဂါပိုး) ဝင်တယ်ပေါ့။ များသောအားဖြင့် ဆီးချို၊ နှလုံးရောဂါနဲ့ သွေးတိုးက တွဲနေတော့ ဆီးချိုသမားတွေ နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာဖြစ်တယ်ပေါ့။ အဲ့ဒီလိုအချိန်တွေဆိုရင် အင်ဆူလင်မလိုတဲ့သူတွေ အင်ဆူလင်ထိုးရတယ်” ဟု အထက်ပါ ဆေးရုံအုပ်ကြီးက ပြောသည်။

“အဲ့ဒါက အရေးပေါ်ပေါ့။ အဲ့ဒီအချိန်မှာ အင်ဆူလင်က မရှိမဖြစ် အရေးကြီးတယ်။ အဲ့လို လူနာတွေအတွက် အင်ဆူလင်ပြတ်သွားရင် အသက်အန္တရာယ် စိုးရိမ်ရတယ်”

မန္တလေးမြို့မှ အမည်မဖော်လိုသည့် ဆီးချိုဝေဒနာသည် အမျိုးသမီးတစ်ဦးက ဈေးကွက်ထဲတွင် အင်ဆူလင်ထိုးဆေးသာမက သောက်ဆေးတံဆိပ်မျိုးစုံလည်း ပြတ်လပ်နေသည်ဟု ပြောသည်။

“ဆေးတွေ ဝယ်ရခက်ပြီး ဈေးတက်သွားတာပေါ့။ အခက်အခဲတော့ဖြစ်တယ်။ ငွေကြေးမတတ်နိုင်သူ ဝေဒနာရှင်တွေအတွက်တော့ အတော်ဆိုးရွားလာတဲ့ အခြေအနေလို့ ပြောရမယ်” ဟု သူက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ တွင် ကောက်ယူခဲ့သည့် ဆီးချိုရောဂါစစ်တမ်းတစ်ခုအရ မြန်မာတွင် အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမှာ လူ ၁၀၀ လျှင် ၁၀ ကျော်ရှိနေကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက နိုင်ငံကို စီမံခန့်ခွဲနေချိန်တွင် ဒေါ်လာအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကို ထိန်းချုပ်လာနေသည်၊ စက်သုံးဆီနှင့် စားသုံးဆီ နှစ်စဉ် တင်သွင်းရေးအတွက် ဗဟိုဘဏ်က နိုင်ငံခြားငွေချပေးသော်လည်း ဆေးတင်သွင်းလိုပါက လုပ်ငန်းရှင်များ ကိုယ်ပိုင်အစီအစဉ်ဖြင့် နိုင်ငံခြားငွေရှာဖွေရန် သတ်မှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button