
ချင်းပြည်နယ် တောင်ပိုင်းရှိ တီးတိန်မြို့တွင် တတိယမြောက်နေ့အဖြစ် CDM လှုပ်ရှားမှု၌ ပါဝင်နေသည့် အစိုးရဝန်ထမ်းများအပါအဝင် လူထု ၄၀၀၀ ကျော်တို့သည် ယနေ့ (၁၂ ဖေဖော်ဝါရီ) တွင် မြို့ပေါ် လမ်းမပေါ်၌ စီတန်းလှည့်လည်ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်သူများသည် တီးတိန်ရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအတွက် ဘာသာရေးအရ ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းမှုများကို မြို့ပေါ် နေရာ ၃ ခုတွင် လုပ်ဆောင်ခဲ့သည်။

ယင်းနောက် လမ်းပေါ်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ စစ်တပ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“အခုအချိန်မှာ ကျွန်တော်ပါဝင်တာက ဒါ ပြည်သူ့အရေးမို့လို့၊ နိုင်ငံတော် အရေးမို့လို ပြည်သူတစ်ဦးအဖြစ် သက်ဆိုင်တယ်ထင်လို့ လမ်းပေါ်ထွက်ပြီးတော့ ပါဝင်တာပါ” ဟု ဇိုမီးချင်းတိုင်းရင်းသား ဦးသိမ်းခိုင်က Myanmar Now ကို ပြောကြားသည်။

ယမန်နေ့ က ထုတ်ပြန်သည့် ဇိုမီး (ချင်း) တိုင်းရင်းသားများ၏ အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့သည် အဓမ္မနည်းဖြင့် စစ်အာဏာသိမ်းယူမှုကို လက်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ပြည်သူ့ရွေးကောက်ခံမဟုတ်သည့် အဖွဲ့အစည်းအောက်တွင် အလုပ်မလုပ်နိုင်သဖြင့် အလုပ်မသွားဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအား အပြည့်အဝထောက်ခံလျက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။
တီးတိန်မြို့သည် အစိုးရဝန်ထမ်းနည်းပါးသည့် မြို့နယ်တစ်ခုဖြစ်ကာ ဝန်ထမ်း ၂၀၀ ကျော်ရှိသည့်အနက် လက်ရှိတွင် CDM လှုပ်ရှားမှုဥ ပါဝင်လာသူ ၁၈၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တို့၏ စာရင်းများအရ သိရသည်။

ယခုတတိယအကြိမ် ဆန္ဒပြမှုတွင် CDM လှုပ်ရှားနေသည့် အစိုးရဝန်ထမ်းများပါ လမ်းပေါ်ထွက်လာ၍ လွန်စွာ အားရမိသော်လည်း ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအခြေအနေအတွက် စဉ်းစားရန်လည်း လိုအပ်သည်ဟု တီးတိန်၊ တွန်းဇံ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
“တစ်ချိန်လုံးတော့ လမ်းပေါ်ထွက်ရန် ပြည်သူရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာရှိတယ်၊ အဲဒီတော့ တစ်ခါတလေ လမ်းပေါ်ထွက်မယ်၊ ပြီးရင် CDM လှုပ်ရှားမှုကို အထောက်အကူပြုပေးနိုင်အောင် ကြိုးပမ်းသွားမယ်” ဟု Tedim Youth Fellowship အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုစစ်အာဏာသိမ်းမှုသည် ဖက်ဒရယ်အရေးအတွက်လည်း အကျိုးမပြုနိုင်၍ “တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပေါင်းလိုက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ စံတစ်ရပ်ထားရှိသင့်တယ်။ သူတို့ကိုယ်တိုင်လည်း အာဏာရှင်အစိုးရကို မကြိုက်လို့ပဲ ထွက်ခဲ့ကြတာမို့ ခုချိန်မှာ တစ်သံတည်းထွက်ပြီး အတိအကျပါဝင်ရင် လက်ရှိ တော်လှန်ရေးကိုပိုအားကောင်းစေမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။


ယနေ့ ဆန္ဒပြပွဲတွင် တီးတိန်ရှိ ခရစ်ယာန်ဘာသာရေးခေါင်းများ၊ ကျန်းမာရေး၊ ပညာရေး၊ သမဝါယမနှင့် မြန်မာ့စီးပွားရေးဘဏ်တို့က ဝန်ထမ်းများ၊ ဇိုမီး (ချင်း) တိုင်းရင်းသား အနုပညာရှင်များနှင့် မသန်စွမ်းသူအချို့လည်း ပါဝင်ခဲ့ကြသည်။