
စင်ကာပူ၏ ပုံမှန်သောကြာည တစ်ညဖြစ်သည်။ အသက် ၂၄ နှစ်ရွယ် တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်ပြီး မျက်မှန်တပ်ထားသည့် NEX အိုင်တီနည်းပညာကုမ္ပဏီသစ်ကို တည်ထောင်သူ ရဲမြတ်မင်းသည် ပျင်းခြောက်ခြောက်ဖြစ်နေသည်။ သူ အပြင်သို့လည်း မသွားချင်သလို တစ်ပတ်လုံးအလုပ်လုပ်ပြီးဖြစ်၍ ဆက်လက်မလုပ်ချင်တော့သော်လည်း ကုတ်နံပါတ်တစ်ခုကို စတင်ရေးဆွဲလိုက်သည်။
“လူမှုကွန်ရက်တစ်ခုကို ဖန်တီးဖို့ ကျွန်တော် ဟိုးအရင်ကတည်းက ဆန္ဒပြင်းပြခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်အချိန်မရခဲ့ပါဘူး။ အမှန်တော့ ဘာမှ မည်မည်ရရ မရှိခဲ့ပါဘူး။ အဲဒီတစ်ပတ်မှာတော့ ဒီစိတ်ကူးကို ကျွန်တော် စအကောင်အထည်ဖော်ပြီး ကျန်တာတွေကို ခဏဖယ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
တနင်္လာနေ့မှာတော့ ရဲမြတ်ဟာ Hush လူမှုကွန်ရက်ဆော့ဖ်ဝဲမူကြမ်းတစ်ခုကို ရရှိသွားပါတယ်။ ဒီဆော့ဖ်ဝဲက မိုဘိုင်းဖုန်းထဲကို ထည့်လိုက်ရင် အသုံးပြုသူတွေဟာ တင်ချင်တဲ့ အချက်တွေကို တင်နိုင်ပါပြီ။
“ကျွန်တော်က နိုင်ငံရေးနဲ့ ပတ်သက်လို့ အမြဲတမ်းလုပ်နေတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အချိန်အတော်ကြာ ပိတ်ဆို့နေခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ အမြဲတမ်း ရှေးရိုးစွဲဆန်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုမှု နည်းပါတယ်။ ဒါကြောင့် သူတို့ရဲ့ အယူအဆအတွေးအခေါ်ကို ပြောင်းလဲဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” ဟု NEX ကုမ္ပဏီ၏ ရန်ကုန်ရုံးခန်းသစ်တွင် Myanmar Now သို့ ပြောကြားခဲ့သည်။
“အခြေအနေတွေက အများကြီးပြောင်းလဲသွားပါပြီ။ အခုကာလက ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဖို့ အချိန်ရောက်ပါပြီ။ အယူအဆတွေကို ဖွင့်ပြောနိုင်ဖို့ အချိန်ရောက်ပါပြီ” ဟု ရဲမြတ်က ကိန်းဂဏန်းများ၊ ညီမျှခြင်းများ ရေးဆွဲထားသည့် အစည်းအဝေးခန်း စားပွဲခုံမျက်နှာပြင်ကို ကြည့်ကာ ပြောကြားသည်။
သူ၏ လူမှုကွန်ရက်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အကျဉ်းရုံးမိတ်ဆက်ပွဲလေးတစ်ခု ပြုလုပ်ပြီး ရဲမြတ်သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယခုအခါ သူ၏ Hush လူမှုကွန်ရက်ကို အသုံးပြုသူ ၁၅၀၀၀ ဦးရှိနေပြီး အများစုသည် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးနှစ်မြို့အပြင် မြန်မာနိုင်ငံသားအများအပြားရောက်နေသည့် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်သူများလည်း ပါဝင်သည်။ နောက်ထပ်ခြောက်လတွင် အသုံးပြုသူ သုံးဆအထိ မြင့်တက်နိုင်သည်ဟု ၎င်း၏ ကုမ္ပဏီက ရည်မှန်းထားသည်။
ပျမ်းမျှအသက် ၂၅ နှစ်ဝန်းကျင် ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် NEX သည် ငယ်ရွယ်ပြီး စိတ်အားထက်သန်ကာ နည်းပညာအကျွမ်းတဝင်ရှိသည့် လူငယ်များ၏ အမှတ်အသားတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသည့် ခေတ်တွင် နိုင်ငံအား ဒစ်ဂျစ်တယ်ခေတ်သို့ ဆွဲခေါ်သွားရန် ကြိုးပမ်းနေသူများဖြစ်သည်။
ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နိုင်ခဲ့ပြီး နှစ်နှစ်ကြာပြီဖြစ်သောကြောင့် မီဒီယာတို့ကလည်း အာရုံစိုက်လာကြသည်။ သူတို့ကုမ္ပဏီအနေဖြင့် စင်ကာပူ Blibros Group မှ လွန်ခဲ့သည့်နှစ်အတွင်းက အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ နှင့် ၂၀၁၃ ခုနှစ်အတွင်းကလည်း ပထမအကြိမ်အဖြစ် စင်ကာပူမှ လုပ်ငန်းရှင်တစ်ဦးက ငွေကြေးများကို ထည့်ဝင်ခဲ့သည်။
နည်းပညာကုမ္ပဏီသစ်များတွင် ဆယ်စုနှစ် လေးပုံတစ်ပုံကျော် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည့် Blibros Ltd ၏ အမှုဆောင်အရာရှိချုပ် ဂျိုနက်စ်လင်စတောင်းက ရဲမြတ်၏ ကျွမ်းကျင်မှုနှင့် မြန်မာနိုင်ငံ၏ အလားအလာတို့ကြောင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခဲ့ကြောင်း ပြောကြားသည်။
“ငယ်ရွယ်ကျွမ်းကျင်ပြီး စိတ်အားထက်သန်တဲ့ လုပ်ငန်းရှင်မျိုးဟာ ရှားပါးသလို ရိုးသားတဲ့လူလည်း အရမ်းရှားပါတယ်” ဟု လင်စတောင်းက အီးမေးလ်အင်တာဗျူးတစ်ခုတွင် Myanmar Now သို့ ပြောကြားသည်။
SHHHH…
Hush သည် တောင်ကိုရီးယားတွင်လည်း အမည်တူလုပ်ငန်းတစ်ခုရှိသည်။ အသုံးပြုသူတစ်ဦးအနေဖြင့် Hushes ဟုခေါ်သည့် နေရာများတွင် တင်ထားသည့်အကြောင်းအရာများကို ဝင်ရောက်ဖတ်ရှုနိုင်သည်။
မိုဘိုင်းဖုန်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်ပါက မကြည့်ဘဲ ကျော်ခြင်းဖြစ်ပြီး ညာဘက်သို့ ဆွဲပါက Like ဟု သတ်မှတ်သည်။ တစ်ချက်တို့လိုက်ပါက ဝင်ရောက် ပြောဆိုဆွေးနွေးနိုင်သည်။
“ကျွန်တော်တို့က မြန်မာဘာသာစတစ်ကာနဲ့ လုပ်ဆောင်တဲ့ စနစ်ကို ပထမဆုံးမိတ်ဆက်စတင်တဲ့ အဖွဲ့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်” ဟု ရဲမြတ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောနေချိန်တွင် သူ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အသက် ၂၃ နှစ်ဝန်းကျင် လူငယ်နှစ်ဦးကလည်း ထောက်ခံသည့် အမူအရာများကို ဖော်ပြခဲ့သည်။
အရာရာတိုင်းကတော့ အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပေ။ Hush 1.0 တွင် အမှားအယွင်းများရှိခဲ့ပြီး ဖြေရှင်းရန် တစ်ပတ်မှ နှစ်ပတ်အထိ အချိန်ကြာမြင့်ခဲ့သည်။ ကနဦးအစမ်းတင်လိုက်သည့်အချိန်တွင်လည်း အမှားကို တင်လိုက်မှန်း တစ်နာရီအကြာတွင် သိလိုက်ရသည်။
“ကံကောင်းထောက်မစွာနဲ့ အဲဒါကို ဘယ်သူမှ ဆွဲမယူဖြစ်ခဲ့ကြဘူး” ဟု ရဲမြတ်က ပြောကြားသည်။ ညတွင်းချင်းပင် အမှန်ကို ပြန်တင်နိုင်ခဲ့သည်။
Hush ကို စသုံးသူများတွင် ရန်ကုန်မြို့မှလူများ ပါဝင်ခဲ့သည်။ ပြည်တွင်းမီဒီယာများက Hush နှင့် ပတ်သက်၍ ရေးသားလိုက်သောအခါတွင် သုံးစွဲသူအရေအတွက် မြင့်တက်သွားခဲ့သည်။ ယခုအခါ မွမ်းမံထားသည့် Hush 2.0 အား ယခုနှစ်ဇူလိုင်လအတွင်း စတင်မိတ်ဆက်သွားရန် သတ်မှတ်ထားသည်။
အသစ်မွမ်းမံထားရာတွင် အကြောင်းအရာနှင့် ကဏ္ဍများကို ရှာဖွေသည့် စနစ်အပြင် အသံအရည်အသွေးကောင်းမွန်စေရန်လည်း လုပ်ဆောင်ထားသည်။
“အခု ခြောက်လအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တင်ထားတာတွေ တွေ့ရပြီး မှတ်ချက်အများအပြားကတော့ အပြုသဘောဆောင်ပါတယ်။ ဘယ်သူကရေးတယ်ဆိုတာ မသိတဲ့အတွက် အသုံးပြုတဲ့သူကို ကာကွယ်ပေးပါတယ်” ဟု ရဲမြတ်က ပြောသည်။
အမည်ဖော်ပြမထားတဲ့ သူတစ်ဦးက အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို ဘယ်လိုဖော်ပြသလဲ။ အနုတ်သဘောဆောင်တဲ့ မှတ်ချက်တွေကိုရော ဘယ်လိုဖော်ပြသလဲ။ မှတ်ချက်တွေကိုရော ဖျက်ပစ်သလား။
မှန်ပါတယ်။ ကျွန်တော် အံ့သြမိပါတယ်။ တကယ်တော့ အမည်မဖော်ပြတဲ့ မှတ်ချက်တွေဟာ အနုတ်သဘောဆောင်ရမှာပါ။
“ကျွန်တော်တို့အနေနဲ့ အရမ်းစိုးရိမ်မိပါတယ်။ ကျွန်တော်တို့သာမကဘူး။ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေရော အကြံပေးတွေရော ပါပါတယ်။ အမည်မထည့်ဘဲ ဖော်ပြမှုနဲ့ အမုန်းစကားတို့ရဲ့ အကြားက စည်းတစ်ခုကို ရှာဖွေဖို့ လိုနေပါတယ်” ဟု ရဲမြတ်က ပြောကြားသည်။
အော်ဂင်းနစ် ကြီးထွားဖွံ့ဖြိုးမှု
နှစ်နှစ်တာကာလအတွင်း Hush ကို မြန်မာနိုင်ငံရှိ မြို့ကြီးအားလုံးတွင် အသုံးပြုလာရန် မျှော်လင့်ထားကြောင်း ရဲမြတ်၏ ငယ်သူငယ်ချင်းဖြစ်ပြီး NEX အား ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် အာကာက ပြောကြားသည်။
ကုမ္ပဏီအနေဖြင့် တိုးတက်မှုအနည်းငယ်ရှိခဲ့သည်။ စင်ကာပူတွင် သူငယ်ချင်းအနည်းငယ်နှင့် စတင်ခဲ့သည့် လုပ်ငန်းက ယခုအခါ ဝန်ထမ်း ၂၂ ဦးအထိ ရှိနေပြီဖြစ်သည်။ အချို့ကို ထူးထူးခြားခြား ရွေးချယ်ခဲ့သည်။
ဥပမာ ဒီဇိုင်နာတစ်ဦးအား ရွေးချယ်ရာတွင် ရဲမြတ်သည် Instagram ဓာတ်ပုံများမှတစ်ဆင့် အထက်ကျောင်းတစ်ခုမှ တိုက်ရိုက်ရွေးချယ်ခဲ့သည်။
သင်္ချာနှင့် ရူပဗေဒဘာသာရပ်များတွင် မထူးချွန်မှန်းသိသောအခါ ရဲမြတ်သည် Republic Polytechnic တွင် ဒီပလိုမာသင်တန်းတက်ရောက်ရင်း အပိုဝင်ငွေရရန်အတွက် လိုင်းအားကောင်းသော စင်ကာပူအင်တာနက်ကို အသုံးပြုကာ ဝက်ဘ်ဆိုက်များကို ရေးဆွဲခဲ့သောကြောင့် သူ့သူငယ်ချင်းသစ်များကဲ့သို့ပင် Mac လပ်တော့ပ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့သည်။
ဘွဲ့ရပြီးသည့်အချိန်တွင် သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီထူထောင်လိုသော်လည်း သံရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဖခင်နှင့် အိမ်ရှင်မတစ်ဦးဖြစ်သူ မိခင်တို့က သူ့ကို တက္ကသိုလ်တွင် ပညာဆက်လက်သင်စေချင်သည်။
သို့သော် ကျောင်းက သူ့ထံ သတိပေးစာများပေးပို့ခဲ့ပြီး ပထမနှစ်ဝက်တွင် တစ်ဘာသာ စာမေးပွဲကျခဲ့သည်။ တတိယအကြောင်းကြာစာ ရရှိပြီးချိန်တွင် ကျောင်းမှ ထွက်ခဲ့ရသည်။ ထို့နောက် ကျောင်းမှထွက်ကာ NEX ကို ထူထောင်ခဲ့သည်။
တက္ကသိုလ် ကျောင်းထွက်လိုက်ရခြင်းအပေါ် နောက်တမရကြောင်းနှင့် ထိုအခြေအနေကြောင့် ရရှိပြီးသော ပညာအရည်အချင်းနှင့် ခက်ခဲသော ပတ်ဝန်းကျင်တစ်ရပ်ရှိနေစေကာမူ မြန်မာနိုင်ငံတွင် ကုမ္ပဏီထူထောင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။
“သူတို့မှာ လုံလောက်တဲ့ အခွင့်အလမ်းတွေ မရဘူးဆိုပြီး ညည်းတွားနေတဲ့သူအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ကျွန်တော် အဓိကအကြံပေးခဲ့တာကတော့ အပြင်ဘက်ကို မျှော်ကြည့်မယ့်အစား အထဲမှာပဲ အခွင့်အလမ်းတွေကို ရှာဖို့ ပြောခဲ့ပါတယ်။ တစ်နေ့ချင်းစီ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီး အဲဒါတွေကို ဖြေရှင်းဖို့လိုပါတယ်။ လက်ရှိပြဿနာတွေအတွက် အဖြေတွေကို တွေ့ပြီးတဲ့နောက်ပိုင်းမှာ ပိုကောင်းတဲ့ အဖြေတစ်ခုကို ရရှိအောင် လုပ်ဖို့ပါပဲ”