ယခုတလော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်းစုများ၏ စစ်ဆင်ရေးများက မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်အောင်မြင်မှုနှင့်အတူ စစ်ကောင်စီ၏ အကျဥ်းထောင်များထဲ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် နိုင်ငံရေးအကျဥ်းသား ရာနှင့်ချီ လွတ်မြောက်လာသည့် သတင်းက သုံးနှစ်ကျော် စိတ်နှလုံးကြေကွဲနေရသော မြန်မာပြည်သူများအတွက် ရှားရှားပါးပါး ဝမ်းမြောက်ပီတိ အဖြစ်ရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
လွတ်မြောက်လာခဲ့သော နိုင်ငံရေးအကျဥ်းသားများအဖို့ရာ ဒုတိယကမ္ဘာစစ်ကာလ နာဇီတို့၏ နာမည်ဆိုးဖြင့် ကျော် ကြားခဲ့သော အော့ဇဝစ် (Auschwitz) အကျဥ်းစခန်းကို မဟာမိတ်တပ်များ ဖွင့်လှစ်ကယ်တင်ခံရသည့်အလား ဖြစ် ပါလိမ့်မည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်အောက် မြန်မာနိုင်ငံက အကျဥ်းထောင်များသည် အော့ဇဝစ်နှင့် နှိုင်းယှဥ် ရလောက်အောင်၊ ပြင်ပကမ္ဘာကြီးက သတိမပြုမိဘဲ နိုင်ငံရေးအကျဥ်းသားများကို အသက်သေဆုံးသည်အထိ နှိပ်စက်ညှင်းပန်းခြင်းနှင့် ထောင်အပြင်ကို ဆွဲထုတ်သတ်ဖြတ်ခြင်းအထိ ဆိုးယုတ်လှသော လူ့ငရဲခန်းများ ဖြစ်ပြီး၊ ကိုယ့်အလှည့်ကျလာမည့် နေ့ရက်ကို စောင့်စားနေရသော နိုင်ငံရေးအကျဥ်းသားများမှာ မထင်မှတ်ပဲ လွတ်မြောက် ခဲ့ခြင်းအတွက် ဘဝသစ်တစ်ခုကို ရရှိလိုက်ဘိသကဲ့သို့ ရှိချေလိမ့်မည်။
ထိုဖြစ်ရပ်များက အိပ်ယာဝင်ပုံပြင်ကဲ့သို့ စိတ်ကူးယဥ်ဆန်လှသော်လည်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မြန်မာ ပြည်သူ တစ်ရပ်လုံး၏ လက်နက်ကိုင်တော်လှန်ရေး သက်ရှိသမိုင်း (Living History) တွင် ဖြစ်ရပ်မှန်များအဖြစ် သမိုင်းဝင်ခဲ့ပြီး၊ တော်လှန်ရေးခရီးလမ်းတွင် အရေးပါသော “လွတ်မြောက်ခြင်း ပြယုဂ်” (Symbol of Freedom) ဖြစ်လာသည်။
တနည်းအားဖြင့် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည် “ကြွေးကြော်သံ” သက်သက်မဟုတ်၊ လက်တွေ့အကောင်အထည် ပြနိုင်ပြီဖြစ်သော “အရှိတရား” ဖြစ်လာရာ၊ ပြည်သူတစ်ရပ်လုံး၏ ယုံကြည်မှု ပိုမို ခိုင်မာ သေချာစေခဲ့ပြီ ဖြစ်သည်။
အကျဥ်းထောင်တံခါး များများဖွင့်နိုင်ပြီး နိုင်ငံရေးအကျဥ်းသားများများ ကယ်ထုတ်နိုင်လေလေ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် သေချာလေလေ ဖြစ်သည်။ ယခုပင် ထိုစနစ်ဆိုးအောက်မှ လွတ်မြောက်သွားသော မြို့ပေါင်း ၇၀ ကျော် တွင် နေထိုင်ကြသည့် သန်းနှင့်ချီသော ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုးနိုင်သော တဆက်တစပ်တည်း ကျယ်ပြန့်သောနယ်မြေ အများအပြား ရှိနေပြီ ဖြစ်သည်။
အဆိုပါ လွတ်မြောက်နယ်မြေများတွင် မင်းအောင်လှိုင်စစ်တပ်ကြောင့် နွေးထွေးလုံခြုံမှုနှင့် မိသားစုတန်ဖိုးများဖြင့် ပြည့်နှက်နေခဲ့သော “ပြာပုံ” အတိ ဖြစ်သွားသည့် နေအိမ်များရှေ့ “သပြေခက်” များကိုင်လျက် စောင့်ကြိုနေသော အမေအရွယ် အဖွားအရွယ် အမျိုးသမီးကြီးများက၊ အသက်ခန္ဓာကို အမှုမထား အာဏာရှင်ကို ပြတ်ပြတ်သားသား တော်လှန်နေသော သားအရွယ် မြေးအရွယ် တော်လှန်ရေးရဲဘော်လူငယ်များကို အောင်သပြေခက်များ ကမ်းလျက် ဝမ်းသာအားရ ပွေ့ဖက်ကြိုဆိုကြသော မြင်ကွင်းက “ပြည်သူဆန္ဒ အစစ်အမှန်” ကို ဖော်ညွှန်းလျက် ရှိသည်။
သို့သော် ထိုမြင်ကွင်းများကို နိုင်ငံတကာအသိုက်အဝန်းနှင့် အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများက မသိကျိုးကျွံ ပြုထားကြသည်၊ ထိုမြင်ကွင်းများက လှစ်ဟပြနေသော မြန်မာပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို လစ်လျှူရှု့ထား ကြပါ။ ထိုအိမ်နီးချင်းများသည် ယခုအခါ မြန်မာစစ်တပ် ပြိုလဲမည့်အရေး စိုးရိမ်ကြီးစွာဖြင့် မင်းအောင်လှိုင်ကို ကူညီ ဖေးမရန် ထွက်ပေါ်လာခြေပြီ။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် အထောက်အပံ့ပေးနေသော အိမ်နီးချင်းများ
စင်စစ် ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်များ၏ ဖိနှိပ်ရက်စက်မှုများကို မျိုးဆက်အလိုက် ခံစားခဲ့ရပြီး၊ လူ့ဂုဏ်သိက္ခာ ပျောက်ဆုံးရသည်အထိ ဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူများကို အိမ်နီးချင်း နိုင်ငံများက လစ်လျှူရှု့ခဲ့ကြပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ပေါင်းဖက် အကျိုးရှာခဲ့ကြသည်။ ထို့အထဲ တရုတ်နိုင်ငံသည် ထိပ်ဆုံးက ပါဝင်သည်။
သို့သော် မကြာသေးမီက နေပြည်တော်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သော တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က တရုတ်သည် အခြားနိုင်ငံများထက် “မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံအခြေအနေ ကို ပိုမိုနားလည်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက် ပိုလိုလားသောသူ မရှိပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပင်စေရကြောင်း” စသည့် ပြောဆိုချက်များဖြင့် မြန်မာ့အိမ်နီချင်း ထိုင်းနှင့် လာအိုနိုင်ငံတို့ကို စည်းရုံးကာ မြန်မာ့အရေးတွင် အာဆီယံထက် အိမ်နီးချင်းနိုင်ငံများက ပိုမိုကြားဝင်စွက်ဖက်ခွင့်ရှိပုံကို ပုံဖော်ရန် ခြေလှမ်းပြင်ဆင်လာပါသည်။
ထို့အပြင် ဝန်ကြီးဝမ်ယိ က တရုတ်သည် “မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည့်” မူဝါဒကို ကျင့်သုံးသည် ဟု ပြောကြားခဲ့ပြီး မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် မျှတသောရပ်တည်ချက်ရှိကြောင်း နိုင်ငံတကာကို ဝါဒဖြန့်ခဲ့ပြီး၊ အခြားတစ်ဖက်တွင် မြန်မာပြည်သူတစ်ရပ်လုံး ဆန့်ကျင့်နေသော စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ကို ကမ္ဘာသိ ထောက်ခံခဲ့သလို၊ မင်းအောင်လှိုင်ကို အရေးယူထားသော အာဆီယံအသင်းကြီးကိုပါ နားလည်စာနာလက်ခံရန် ဩဇာပေးနေသည်။
ဝန်ကြီးဝမ်ယိ၏ ရှေ့နောက်မညီသော အထက်ပါစကားများက အနှစ်သာရကင်းမဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်း အပေါ် လှည့်စားချက်သက်သက် ဖြစ်ကာ၊ မြန်မာပြည်သူများအပေါ် မျက်နှာပြောင် တိုက်လွန်ရာ ကြပေသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အာဏာရှင် လူတစ်သိုက်နှင့် ပေါင်းသင်းပြီး၊ နိုင်ငံတွင် သယံဇာတ ကပ်ဘေး (Resource Curse) ဆိုက်သည်အထိ မြန်မာ့သယံဇာတရင်းမြစ်များကို ယနေ့အချိန်ထိ အလွန်အကျွံ တူးဖော် ထုတ်ယူနေသည့် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားကြည့် ဆက်ဆံရေးကို သာမန်ပြည်သူများပင် ကောင်းစွာသိရှိနေ ကြပြီ ဆိုသည်ကို တရုတ်ခေါင်းဆောင်များ သဘောပေါက်သင့်သည်။
တရုတ်ကဲ့သို့ပင် မကြာသေးမီက ရာထူးမှဖြုတ်ချခံလိုက်ရသော ထိုင်းဝန်ကြီးချုပ် ဆရက်ထာ သာဝီဆင် အစိုးရက လည်း ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နမိတ်ရှည်လျားစွာ ထိစပ်နေခြင်းကြောင့် မြန်မာနိုင်ငံက မတည်ငြိမ်မှု ဂယက်ကို အခြားအာဆီယံနိုင်ငံများထက် ထိုင်းက ပို၍ခံစားရကြောင်း၊ ထိုအကြောင်းပြချက်ဖြင့် အာဆီယံက ချမှတ်ထားသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အသိအမှတ်မပြု မဆက်ဆံရေး “မူ” ကို မလိုက်နာဘဲ စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ဆက်ဆံပြီး၊ မတည်ငြိမ်သော မြန်မာနိုင်ငံမှ ထွက်ပေါ်လာသော စီးပွားရေး အကျိုး အမြတ်များကို ရယူခံစားလျက်ရှိသည်။
ကိုယ့်ပြည်သူကိုသတ်ဖြတ်နေပြီး နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီ ကြောင့် အန်ဒမန်ပင်လယ်နှင့် မုတ္တမပင်လယ်ကွေ့ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြုပ်ထားလုပ်ကိုင်လျက်ရှိသော TOTAL နှင့် UNOCAL ကဲ့သို့ အနောက်နိုင်ငံများ၏ ရေနံ ကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းကို အခွင့်ကောင်းယူ၍ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီသည် ထိုလုပ်ငန်းကို လက်ဝါးကြီးအုပ်ခွင့် ရရှိသွားသည်။
စစ်အာဏာရှင်တို့၏ ဝါဒမှိုင်း
တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ထိုးစစ်တိုင်းကို မခုခံနိုင်ဘဲ စစ်ရှုံးနေသော မင်းအောင်လှိုင် စစ်အုပ်စု က ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကျဥ်းမြောင်းသော လူမျိုးရေးအခြေခံပြီး၊ လက်နက်အားကိုးဖြင့် နယ်မြေသိမ်းပိုက်ရေးနှင့် ဗိုလ်ကျစိုးမိုးခွင့်ရရှိရေး ကြိုးပမ်းနေသော အကြမ်းဖက်အဖွဲ့များအဖြစ် တစ်စိုက်မတ်မတ် ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်လာခဲ့သည်။
မင်းအောင်လှိုင် စစ်အုပ်စုက ဦးတည်ပြစ်မှတ်ထား ဝါဒဖြန့်ချီနေသည်မှာ ၎င်းတို့နှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံနေ ရသော ရန်ကုန်အခြေစိုက် သံရုံးများဖြစ်ပြီး၊ ၎င်းတို့ထဲကမှ အိမ်နီးချင်းနိုင်ငံအစိုးရများသည် ယခုအခါ “စစ်တပ် ပြိုလဲလျင် တိုင်းပြည်ပြိုကွဲမည်” ဆိုသည့် စစ်ကောင်စီ၏ဝါဒဖြန့်ချီမှုကို ပေါ်ပေါ်ထင်ထင် ယုံကြည်ထုတ်ဖော်ပြော ဆိုလာကြသည်။ ၎င်းတို့အထဲ တရုတ်အစိုးရ ထိပ်တန်းသံတမန် ဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံအခြေအနေအပေါ် စိတ်ပူပင်ရသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမှာ စစ်ကောင်စီ၏ အထက်ပါ ဝါဒဖြန့်ချီမှုများကို ဒေသတွင်းနိုင်ငံများ အား ထပ်ဆင့်ဝါဒဖြန့်နေခြင်း ဖြစ်သည်။
အနှီး အိမ်နီးချင်းနိုင်ငံများသည် သက်ရှိထင်ရှားရှိနေသေးသော စစ်အာဏာရှင်ဟောင်း သန်းရွှေခေတ်ကို မမေ့ကြ သေးလျှင် နိုင်ငံအနှံ့ လမ်းဆုံလမ်းဂွများတွင် ဆိုက်ထူးထားသော “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်” ဆိုသည့် ဝါဒဖြန့် ဆောင်ပုဒ်ကို သတိရသင့်သည်။ ယခု ၎င်းတို့စိုးရိမ်နေသော စစ်တပ်ပြိုလဲလျှင် တိုင်ပြည် ပြိုကွဲမည်ဆိုသည်မှာ ထိုဆောင်ပုဒ်၏ ပြောင်းပြန် အဓိပ္ပါယ်ပင် ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများ စစ်ခေါင်းဆောင်အဆက်ဆက်နှင့် ပေါင်းဖက်ပြီး ကိုယ်ကျိုးစီးပွားရှာကြသည်က အထူးအဆန်း မဟုတ်တော့ပါ။ သို့သော် ထူးဆန်းသည်က တော်လှန်ရေးအင်အားစုများ အောင်ပွဲရလာသည်နှင့်အမျှ အစဥ်အလာ အားဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီကြသော အနောက်နိုင်ငံများ၏ ရန်ကုန်အခြေစိုက် သံတမန် များကပါ စစ်တပ်၏ ဝါဒမှိုင်းကို သံယောင်လိုက် မေးခွန်းထုတ်လာကြခြင်း ဖြစ်သည်။
လက်ရှိမြင်တွေ့နေရသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်က ညီနောင်မဟာမိတ် ၃ဖွဲ့၏ စစ်ရေး အောင်မြင်မှုများသည် တိုင်းပြည်ကို အစိတ်စိတ်အပိုင်းပိုင်း (Fragmentation) ဖြစ်စေနိုင်သည် ဟူသော သံသယ ကို အနောက်တိုင်း သံတမန်များကပါ တိုးတိုးတိတ်တိတ် စတင်မေးခွန်းထုတ်လာကြခြင်း ဖြစ်သည်။
အနောက်နိုင်ငံများ၏ သံသယသည် အကြောင်းအချက်တစ်ချို့ပေါ်တွင် အခြေခံထားသည်။ ၎င်းတို့မှာ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဦးဆောင်တိုက်ပွဲဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ညီနောင်မဟာမိတ် ၃ဖွဲ့အကြား နိုင်ငံရေးရပ်တည်ချက် ကွဲပြားခြားနား ခြင်းနှင့် တရုတ်နယ်စပ်တွင် အခြေပြုထားသော ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် လက်ရှိစစ်ရေးပဋိပက္ခတွင် ကြားနေ အုပ်စုအသွင်ယူထားသော ‘ဝ’ ၊ မိုင်းလာ နှင့် ရှမ်းပြည်တပ်မတော် လက်နက်ကိုင်အဖွဲ့များသည် ဒီမိုကရေစီစနစ် ထက် တရုတ်၏ နိုင်ငံရေးစနစ် ဩဇာလွှမ်းမိုးမှုကို လက်ခံထားကြသောအဖွဲ့များအဖြစ် သတ်မှတ်ထား၍ ဖြစ်သည်။
မြန်မာ့အနာဂတ်ကို ထုဆစ်ပုံဖော်မည့် နိုင်ငံရေးရပ်တည်ချက်ကို စုစည်းညီညွတ်စွာပြသရန် အချိန်ကျပြီ
အာဏာသိမ်းစစ်တပ် စစ်ရှုံးလာသည်နှင့်အမျှ “မြန်မာ့အနာဂတ် မည်ကဲ့သို့ ဖြစ်လာနိုင်သနည်း” ဆိုသည့် မေးခွန်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်မှာ သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။ ထိုမေးခွန်းကို အခွင့်အလမ်း အဖြစ် အလျင်အမြန် အသုံးချလာသည်မှာ စစ်ကောင်စီ ဖြစ်ပြီး၊ “စစ်တပ်ပြိုလဲလျှင် တိုင်းပြည်ပြိုကွဲမည်” ဆိုသည့် သတင်းစကားကို စစ်ကောင်စီနှင့် ၎င်း၏ ပြည်တွင်းပြည်ပ လော်ဘီများက သံတမန်အသိုက်အဝန်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအကြား အကျယ်လောင်ဆုံး ဝါဒဖြန့်လာသည်ကို မျက်မြင်တွေ့ရှိနေရပြီ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs) က မြေပြင်တွင် စစ်အောင်နိုင်ရေး လုံးပန်းနေပြီး၊ ရည်မှန်းထားသော စစ်ရေးအောင်မြင်မှုများ ရရှိလာချိန်၊ နိုင်ငံတကာ၏ မြန်မာ့ အနာဂတ်နှင့်ဆိုင်သော အဆိုပါ အရေးပါသည့် မေးခွန်းအတွက် ရှင်းလင်းတိကျသော သတင်းစကားပါးရန် ပျက် ကွက်ခဲ့သည်။ ထိုပျက်ကွက်မှုကို အခွင့်ကောင်းယူခဲ့သော စစ်ကောင်စီသည် မြေပြင်စစ်မျက်နှာတွင် ရှုံးနိမ့်နေ သော်လည်း၊ ဝါဒဖြန့်ချီရေး စစ်မျက်နှာတွင် အောင်မြင်နေသည်ကို NUG နှင့် EROs များ လျော့မတွက်သင့်ပါ။
ယခုအချိန်သည် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်အခြေစိုက် EROs များနှင့် NUG တို့အကြား နိုင်ငံအနာဂတ်အတွက် စုစည်းညီညွတ်သော နိုင်ငံရေးဘုံရပ်တည်ချက်ကို နိုင်ငံတကာအသိုက်အဝန်းနှင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အား ရှင်းလင်းပြတ်သားစွာ သတင်းစကားပါးရမည့် အချိန်ဖြစ်သည်။
လွန်ခဲ့သော ပြည်တွင်းစစ် နှစ် ၇၀ အတွင်း စစ်တပ်ကို တော်လှန်နေကြသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းတိုင်းတွင် တိုင်းရင်းသားအရေး ကိုယ်ပိုင်ရည်မှန်းချက်အသီးသီး ရှိနေကြသည်ကို နိုင်ငံတကာ အသိုက် အဝန်းက လေ့လာသိရှိထားပြီ ဖြစ်သည်။
သို့သော် စစ်အာဏာရှင်စနစ်အလွန် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးကို မည်သို့မည်ပုံ ထုဆစ်ပုံဖော်ကြမည့် အရေးကိစ္စသည် လက်ရှိအချိန်ကာလတွင် နိုင်ငံတကာအသိုက်အဝန်းက အသိချင်ဆုံး မေးခွန်းပုဒ်စာ ဖြစ်နေပြီး၊ ထို ပုဒ်စာအတွက် စုစည်းညီညွတ်သော အဖြေတစ်ခုကို ပေးရန်မှာ NUG နှင့် EROs များ၏ တာဝန်ဖြစ်သည်။
ထိုတာဝန်ကို အချိန်ဆွဲ ရှောင်လွဲနေမည်ဆိုပါက စစ်အာဏာရှင်စနစ်တော်လှန်ရေး နောက်ပြန်လန်နိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း သတိပေးလိုသည်။ မြန်မာသမိုင်းတွင် တစ်ချိန်က “ရန်ကုန်အစိုးရ” ဟု လှောင်ပြောင်ခံရ သည်အထိ “ရောင်စုံသူပုန်ထခြင်း” ဟု တံဆိပ်ကပ်ခံခဲ့ရသော အချိန်ကာလ ရှိခဲ့ဖူးသည်။ ထိုအခြေအနေတွင် အိမ်နီးချင်း အိန္ဒိယအစိုးရ၏ လက်နက်အကူအညီကြောင့် အခြေအနေအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့သည်ကို အချိန်ကာလနှင့် အခြေအနေ မတူသော်လည်း မမေ့ မလျော့ သင်ခန်းစာယူသင့်သည်။
ယခုတစ်ကြိမ် “တိုင်းပြည်မပြိုကွဲရေး” အကြောင်းပြချက်ဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံဦးဆောင်ပြီး အိမ်နီးချင်းနိုင်ငံ များက တွန်းတွန်းတိုက်တိုက် ကြားဝင်စွက်ဖက်လာတော့မည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရသောကြောင့် NUG နှင့် EROs များ လက်ခြင်းချိတ်လျက် ပြည်သူကို မျက်နှာမူသော မြန်မာ့အနာဂတ် (People-led Myanmar’s Future) ကို ထုဆစ်ပုံဖော်မည့် ဘုံနိုင်ငံရေးရပ်တည်ချက်ကို စုစည်းညီညွတ်စွာ သက်သေပြရန် အချိန်ရောက်ပြီဟု ဤဆောင်းပါးဖြင့် သတိပေး တိုက်တွန်းလိုက်ရပါသည်။