သတင်း

တံတားဦးမြို့နယ်မှ စစ်စခန်းငယ်တစ်ခုကို တော်လှန်ရေးအင်အားစု စီးနင်းဖျက်ဆီး

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်စခန်းတစ်ခုကို တော်လှန်ရေးအင်အားစု ဝင်တိုက်ရာ စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသည်၊ စခန်းကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ်၏ စခန်းတစ်ခုကို တော်လှန်ရေးအင်အားစုက ယမန်နေ့ (ဩဂုတ် ၂၀) မွန်းလွဲတွင် ဝင်ရောက်စီးနင်းပြီး အလံလွှင့်ထူခဲ့ကြောင်း သိရသည်။

သက္ကယ်ကျင်း၊ မြိုင်သာ၊ အောင်ချမ်းသာ စသောကျေးရွာများအနီးမှ ထိုစခန်းမှာ တံတားဦး လေတပ်စခန်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၁၀ မိုင်အကွာအဝေးတွင် တည်ရှိသည်။

စခန်းကို စတင် ချဉ်းကပ်ခဲ့ချိန်တွင် အနည်းငယ်သာရှိသော စစ်ကောင်စီတပ်သားများက တပ်စခန်းကို စွန့်ခွာသွားပြီး ဖြစ်သည်၊ စခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်ခွာခဲ့သည်ဟု တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“နွားထိုးကြီးမြို့ပေါ် တိုက်ပွဲဖြစ်တဲ့အချိန်ကတည်းက သူတို့အတွက် မလုံခြုံတော့မှန်း သိသွားကြလို့ ဆုတ်ခွာသွားတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုစစ်ဆင်ရေးကို တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြင်းခြံခရိုင် အမှတ် (၄)၊ အမှတ် (၁၀) တပ်ရင်းများ၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးရှိ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီးတစ်ခုလုံးကို ပြီးခဲ့သည့် ဇူလိုင်လတွင် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များ ပြည်သူလူထုကို အနိုင်ကျင့်မှု ရပ်ဆိုင်းရန်လည်း အထက်ပါ တံတားဦး ပ.က.ဖ တာဝန်ရှိသူက တိုက်တွန်းသည်။

“အကြောင်းအမျိုးမျိုးနဲ့ အလင်းဝင်ဖို့ ခက်ခဲနေတယ်ဆိုရင်တောင် ပြည်သူကို နှိပ်စက်၊ ဒုက္ခပေးတာမျိုးတွေ ဆက်မလုပ်တော့ဘဲ အခွင့်သင့်တာနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ အကြံပြုလိုပါတယ်” ဟု သူက ဆိုသည်။

မန္တလေးမြို့မြောက်ဘက်ရှိ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း မြို့နယ်များရှိ “၁၀၂၇ စစ်ဆင်ရေး” ၏ နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့် တစ်ချိန်တည်းမှာပင် မန္တလေးမြို့မြောက်ဘက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် တံတားဦးမြို့နယ်များအထိ တိုက်ပွဲများ ရောက်လာသည်။

ဩဂုတ် ၁၀ ရက်နေ့ကလည်း “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” ထိုးစစ်အနေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသခံတော်လှန်ရေးအင်အားစုကက တစ်ပြိုင်နက် ဝင်ရောက် စီးနင်းခဲ့သည်။

ထိုနံနက်တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအထိုင်စခန်းကို စတင်စီးနင်းခဲ့ပြီး မြင်းခြံမြို့နယ်ရှိ ခြေမြန်တပ်ရင်း-ခမရ (၁၅) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် နွားထိုးကြီးမြို့ပေါ်ရှိ မြို့အဝင်ဂိတ်၊ ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်တပ်၏ လေကြောင်းပစ်ကူများကြောင့် မြို့ကို ဆက်မထိန်းနိုင်တော့ဘဲ ပြန်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာပြည်အနှံ့အပြားတွင် တပ်စခန်းများ ဆုံးရှုံးနေသည့် စစ်ကောင်စီတပ်သည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များကိုလည်း လေကြောင်းသုံးပြီး နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသည်။

ယမန်နေ့(ဩဂုတ် ၂၀) တွင် နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာကို လေတပ်က တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်၊ ဩဂုတ် ၁၉ တွင်လည်း ငါးဇွန်မြို့နယ် ငါန်းမြာကြီးစခန်းကို လေတပ်က ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

Show More

Related Articles

Back to top button