
ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းနေမှုကို အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းပေးရန် တပ်မတော်က ဖိအားပေးပြောဆိုမှုများ၊ အာဏာသိမ်းရန်ခြိမ်းခြောက်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်သည်ဟု ပြောဆိုချက်များမှတစ်ဆင့် ကြီးမားသည့် နိုင်ငံရေးမုန်တိုင်းကြီးတစ်ခု နေပြည်တော်တွင် ၇၂ နာရီအတွင်း တိုက်ခတ်ဖွယ်ရှိနေသည်။
ထိုနိုင်ငံရေးမုန်တိုင်းမှာ ပြည်သူက ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းနေရာဝင်ယူထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မတက်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာသည်အထိ ဆိုက်ရောက်နိုင်ကြောင်း သတင်းရင်းမြစ်များက Myanmar Now ကို ပြောကြားသည်။
အစိုးရခေါင်းဆောင်များကိုပါ သွားရောက်ထိပါးမည်ကို စိုးရိမ်နေရပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် ဦးတီခွန်မြတ်နှင့် မန်းဝင်းခိုင်သန်းတို့ကို တပ်မတော်က ထိန်းသိမ်းနိုင်သော မှန်းဆချက်များလည်း ရှိနေသည်ဟု အဆိုပါသတင်းရင်းမြစ်များက ဆိုသည်။
ယမန်နေ့တွင် ရန်ကုန်နှင့် တချို့သော မြို့များတွင် တပ်မတော်သံချပ်ကာယာဉ်တချို့ တစ်ပြိုင်နက်နီးပါး လမ်းပေါ် ဖြတ်သန်းမောင်းနှင်ပြခြင်းဖြင့် ပြည်သူများကို တပ်မတော်က ခြိမ်းခြောက်ခဲ့သည်။
နေပြည်တော်တွင် ယမန်နေ့ညနေပိုင်းက တပ်မတော်ထိပ်သီးအရာရှိကြီးတချို့နှင့် ရွေးကောက်ပွဲအနိုင်ရ အစိုးရတာဝန်ရှိသူတချို့ တွေ့ဆုံကြကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားပေးရန် တပ်မတော်၏ တောင်းဆိုချက်ကို NLD ပါတီက လိုက်လျောမှုမရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းရေးသားခဲ့သည်။
ယနေ့နံနက်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ ထွက်ခွာလာသော လူရာဂဏန်းလိုက်ပါလာသည့် အစီးရေ ၆၀ ခန့်ရှိ မော်တော်ယာဉ်တန်းမှာ ပြည်ထောင်စုတရားလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးများသို့ သွားရောက်နိုင်သည့် အရပ်အခေါ် ၄၉ အဝိုင်းအနီးအထိ ရောက်ရှိခဲ့သည်ကို Myanmar Now က မျက်မြင်တွေ့ရသည်။ ပြည်ခိုင်ဖြိုးပါတီအလံ လွှင့်ထူထားသည့် ထိုမော်တော်ယာဉ်များတွင် လိုက်ပါလာသည့် ရာနှင့်ချီသော သူများက “ပြည်သူလူထုကို ပို၍ ကျပ်တည်းစေသည့်အစိုးရ အမြန်ဆုံး နုတ်ထွက်ပေးရေး ” “ဒို့ အရေး၊ဒို့ အရေး” ဟု ကြွေးကြော်ခဲ့ကြသည်။
ပြည်ထောင်စုအဆင့်ရုံးများသို့ သွားနိုင်သည့် အဆိုပါအဝိုင်းထိပ်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးချထားသဖြင့် ပြည်ခိုင်ဖြိုးပါတီအလံများ တပ်ထားသည့် ယာဉ်တန်းသည် ကျော်လွန်သွားလာခြင်းမပြုဘဲ အဝိုင်းကို ၁၀ ကြိမ်ထက်မနည်းပတ်ကာ လှည့်လည်ခဲ့ကြသည်။
ရွေးကောက်ပွဲကော်မရှင်နှင့် အပေါင်းအပါများကို တပ်မတော်က အရေးယူရန်၊ အမျိုးသားအန္တရာယ်ဆိုးကို ဖယ်ရှားပေးရန် တောင်းဆိုရေးသားထားသည့် အစိမ်းရောင်နောက်ခံ ပိုစတာများကိုင်ဆောင်ထားသည့် ထိုလူအုပ်သည် နေပြည်တော်တွင် အင်အားပြလှည့်လည်လျက်ရှိသည်။
ယနေ့တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို တရားစွဲရန် ရည်ရွယ်ချက်ဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီ၏ စာချွန်တော်အမိန့် လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်က လက်ခံရန်ရှိမရှိ ကြားနာမည်ဖြစ်သည်။
ထိုစာချွန်တော်အမိန့်နှင့် စပ်လျဉ်း၍ ထွက်ပေါ်လာသည့်အခြေအနေကို မူတည်၍ နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိသည်ဟူသော အကဲခတ်သုံးသပ်မှုများလည်း ရှိနေသည်။
စာချွန်တော်အမိန့်များထုတ်ပေးရန် ပြည်ခိုင်ဖြိုးနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
စုစုပေါင်းမဲဆန္ဒနယ် ၁၁၁၇ နေရာ ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာသာ အနိုင်ရခဲ့ပြီး သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးစိုးမောင်၏ ပါတီမှာမူ တစ်နေရာမျှ အနိုင်မရခဲ့ဘဲ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည်ပင် ၎င်း၏ဇာတိ ရေစကြိုမြို့နယ်၌ မဲကွာဟချက် သိန်းဂဏန်းဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲ မဲရလဒ်များထွက်ပေါ်လာပြီးနောက် ပြည်ခိုင်ဖြိုးပါတီနည်းတူ တပ်မတော်ကလည်း မဲစာရင်းမှားယွင်းမှုများ၊ မဲမသမာမှုများရှိကြောင်း အဆက်မပြတ် ထုတ်ပြန်ပြောဆိုလျက်ရှိသည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေတင်းမာနေမှုနှင့် ပတ်သက်၍ အင်အားသုံးခြိမ်းခြောက်ခြင်းများမပြုရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တို့က ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးများကလည်း ကြေညာချက်ထုတ်ပြန်ထားသည်။