ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ယနေ့ (ဩဂုတ် ၁၅ ရက်) နံနက်တွင် ငွေကျပ် ဘီလီယံ ၃၀၀ ဖြင့် ၁၅ ဘီလီယံ ဈေးလျှော့ကာ ဒုတိယအကြိမ် လေလံတင်ရောင်းချသော်လည်း ဝယ်ယူသူ မရှိခဲ့ကြောင်း သိရှိရသည်။
မျက်နှာဖုံး (Mask) အုပ်ထားသည့် စစ်ကောင်စီ လက်အောက်ခံ တရားရေးဝန်ထမ်းတချို့က ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါခြံရှေ့တွင် လေလံတင်ပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ဝယ်ယူမဲ့သူရှိပါသလား” ဟု သုံးကြိမ် ကြေညာပြီးချိန်အထိ ဝယ်ယူမည့်သူ တစ်စုံတစ်ယောက်မျှ မရှိသဖြင့် လေလံတင်ရောင်းချမှု အောင်မြင်မှုမရှိကြောင်း တရားရေးဝန်ထမ်းအမျိုးသမီးက ကြေညာခဲ့သည်။
ခြံအမှတ် ၅၄ နေအိမ်ကို ဒုတိယအကြိမ်လေလံတင်ရောင်းချသည့်အခါ ကြမ်းခင်းဈေးကို မြန်မာကျပ် ဘီလီယံ ၃၀၀ ဖြင့် ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ဇူလိုင်၂၇ ရက်က ဆုံးဖြတ်ခဲ့သည်ဟု တရားရေးအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီတရားရေးက ယခင် ကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ (ယခင်ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၉၀) ခန့်ဖြင့် အဆိုပါ အမှတ် (၅၄) နေအိမ်ကို လေလံတင်ရောင်းချရန် ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး မတ် ၂၀ ရက်တွင် ပထမဆုံးအကြိမ် လေလံပွဲပြုလုပ်ခဲ့သော်လည်း လေလံဆွဲမည့်သူမရှိခဲ့ပေ။
ထို့နောက် ယခုတစ်ကြိမ်တွင် ဈေးလျှော့ကာ လေလံပွဲထပ်လုပ်သော်လည်း လေလံဆွဲသူမရှိကြောင်း တွေ့ရသည်။
စစ်ကောင်စီကို ဆန့်ကျင်သူများ အားကောင်းနေပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေသော ယနေ့အချိန်ကာလတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်နေအိမ်ကို လေလံဆွဲလိုသူ ထွက်ပေါ်လာခြင်း မရှိပေ။
လေလံပွဲ နှစ်ကြိမ်လုံး မအောင်မြင်၍ တရားရုံးမှ နှစ်ဖက်တရားလိုနှင့် တရားပြိုင်တို့ကို ကြမ်းခင်းဈေး ပြန်လည်သတ်မှတ်ပြီး လေလံပွဲထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။
“လေလံဆွဲမဲ့သူမှ မရှိတာ၊ အခုချိန်က စီးပွားရေးအရ အကုန်ပြိုလဲနေချိန်လေ” ဟု ၎င်းက မှတ်ချက်ပြုသည်။
သမိုင်းအစဉ်အလာကြီးမားသည့် နေရာတစ်ခုဖြစ်သော၊ ၁.၉၂၃ ဧက အကျယ်အဝန်းရှိသော ထိုနေရာအတွက် ထွက်ပေါ်လာသည့် ကြမ်းခင်းဈေးမှာ ပေါက်စျေးထက် အဆမတန်များပြားနေသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည့် စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အကျဉ်းချထားပြီး ဧည့်တွေ့ခွင့်၊ ရှေ့နေတွေ့ခွင့် တားမြစ်ထားကာ စစ်ကောင်စီသည် ခြံအမှတ် (၅၄) အမွေခွဲ လေလံတင်မှုနှင့် ပတ်သက်၍ ရှေ့နေအဖွဲ့ကိုလည်း တွေ့ဆုံခွင့်မပေးသေးပေ။
ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုခြံနှင့် နေအိမ်ကို သားသမီးနှစ်ဦး အမွေခွဲရာ ကျေနပ်မှုမရှိသည့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့် တရားစွဲဆိုခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ခြံဝင်းရှိ နှစ်ထပ်တိုက်ပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူရန်၊ တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦး ရယူရန် အမိန့်ချမှတ်ခဲ့ပြီးသား ဖြစ်သည်။
တရားရုံး ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့်တောင်းဆိုမှုကြောင့် နှစ်ပေါင်းရှည်ကြာ မပြီးမပြတ်ဖြစ်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန် စစ်ကောင်စီဩဇာသက်ရောက်သော တရားရုံးက ဦးအောင်ဆန်းဦး၏ အထူးအယူခံကို လက်ခံကာ အနိုင်ပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ပြီး မြန်မာနိုင်ငံသားမဟုတ်တော့သည့် ဦးအောင်ဆန်းဦးသည် ဥပဒေကြောင်းအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို အမွေဆက်ဆံခွင့် မရှိသော်လည်း ထိုအိမ်ကို လေလံတင်ရောင်းနိုင်လျှင် ရောင်းငွေထက်ဝက်ရနိုင်မည့်အခွင့်အရေးကို ကမာရွတ်တရားရုံးက ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပေးအပ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အဆိုပါနေအိမ် လေလံတင်မှု၊ လေလံဆွဲမှုနှင့် ပတ်သက်သူများကို အရေးယူမည်ဟု သတိပေးထားပြီး ရောင်းချမှုမှာ တရားမဝင်ကြောင်း ပြောထားသည်။
အဆိုပါနေအိမ်သည် ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အိမ်လည်း ဖြစ်သည်။