လက်လွှတ်လိုက်ရသည့် လားရှိုးမြို့ကို ပြန်သိမ်းမည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ကြေညာခဲ့အပြီး ၂ ရက်အကြာ ယမန်နေ့ (သြဂုတ် ၇) တွင် UWSA ‘ဝ’ တပ်ဖွဲ့က ထိုမြို့သို့ လက်နက်ကိုင်စစ်သားအများအပြား စေလွှတ်လိုက်သည်။
လူသုံးသိန်းကျော်နေထိုင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို လက်ရှိအချိန်တွင် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားပြီး အရပ်ဘက်အုပ်ချုပ်ရေးထူထောင်မည်ဟု ကြေညာထားသည်။
UWSA ‘ဝ’ တပ်သားများသည် တန့်ယန်း-မိုင်းရယ်ဘက်မှတစ်ဆင့် ကား ၁၀ စီးခန့်ဖြင့် လားရှိုးမြို့ထဲ ဝင်လာခြင်းဖြစ်ကြောင်း ဒေသသတင်းများ တင်ဆက်နေသည့် SHAN News သတင်းတစ်ပုဒ်တွင် ယနေ့ တွေ့ရသည်။
SHAN News က ထုတ်ပြန်သည့် ရုပ်သံတွင် UWSA တပ်ဖွဲ့အလံထောင်ထားသည့် စစ်ဘက်သုံး ထရပ်ကားများက လက်နက်ကိုင်စစ်သားများ တင်ဆောင်ကာ လားရှိုးမြို့ထဲသို့ ဝင်လာသည်ကို တွေ့ရသည်။
လားရှိုးမြို့ထဲမှ စစ်ကောင်စီတပ်များကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်တို့က ဇူလိုင်လဆန်းတွင် ထိုးစစ်ဆင်ခဲ့သည်။ ကိုးကန့်တပ်များ လားရှိုးမြို့ပေါ် တပ်စွဲခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက်နေ့တွင် ရာနှင့်ချီသော လက်နက်ကိုင် UWSA ‘ဝ’ များသည် လားရှိုးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် တပ်စွဲခဲ့သည်။
လားရှိုးမှ ၎င်းတို့၏ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟု အကြောင်းပြပြီး UWSA ‘ဝ’ တပ်များ ရောက်လာသည်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA နှစ်ဖက်စလုံးက သဘောတူခွင့်ပြုခဲ့သည်။
လားရှိုးမြို့ပေါ်သို့ UWSA ‘ဝ’ တပ်များရောက်လာအပြီး သီတင်းတစ်ပတ်ခန့်အကြာတွင် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က အောင်မြင်စွာ ဝင်ရောက်စီးနင်းခဲ့သည်။
ပြင်းထန်သည့်တိုက်ပွဲများ ရှိနေသော်လည်း မြို့ပေါ်မှ UWSA ၏ တပ်သားများ၊ ရုံးခန်း၊ ပိုင်ဆိုင်မှုများ ထိခိုက်မှု မရှိခဲ့ပေ။
သီတင်းနှစ်ပတ်အကြာတွင် UWSA က လားရှိုးသို့ စစ်သားများထပ်မံစေလွှတ်ပြန်သည်၊ ဤတစ်ကြိမ်တွင်မူ စေလွှတ်ရသည့် အကြောင်းပြချက်ကို မသိရပေ၊ ထိုတပ်လှုပ်ရှားမှုကို စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA နှစ်ဖက်စလုံးက အသံတိတ်နေဆဲဖြစ်သည်။
အမြဲတမ်းစစ်သား ၃ သောင်းခန့်ရှိသည့်၊ မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း (ပန်ခမ်း) မြို့တွင် အခြေစိုက်သည့် UWSA သည် တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်ကြောင်း သုတေသနအဖွဲ့များက ခန့်မှန်းကြသည်။ UWSA သည် စစ်တပ်နှင့် နှစ်ပေါင်း ၃၀ ကျော် အပစ်ရပ်ထားသလို အခြားတစ်ဖက်တွင်လည်း စစ်တပ်ကို တိုက်နေသည့် ကိုးကန့်တပ် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တို့နှင့် မဟာမိတ်လည်း ဖွဲ့ထားသည်။
လတ်တလောတိုက်ပွဲများတွင် မည်သည့်ဘက်ကမှမပါဘဲ ကြားနေမည်ဟုလည်း UWSA ‘ဝ’ တပ်ဖွဲ့က ကြေညာထားသည်။
မြောက်ပိုင်းမဟာမိတ်များ ပြီးခဲ့သည့်နှစ် ‘၁၀၂၇ စစ်ဆင်ရေး’ အစပိုင်း ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို ဝင်မတိုက်မီ UWSA ထိန်းချုပ်ဒေသများတွင် စစ်ပြင်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည်။
ဟိုင်ဂင်ဆွေးနွေးပွဲအပြီး လားရှိုးတွင် တိုက်ပွဲပြင်းထန်လာနိုင်
အခြားတစ်ဖက်တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့အကြား ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံတွင် ယနေ့ကျင်းပရန် စီစဉ်ထားကြသည်။
ထိုဆွေးနွေးပွဲကို စစ်ကောင်စီဘက်က သပိတ်မှောက်မည့် အရိပ်အယောင်များရှိကြောင်း စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနများက ရေးသားကြသည်။
ဟိုင်ဂင်ဆွေးနွေးပွဲအပြီး နောက်ရက်များဖြစ်သည့် သြဂုတ် ၉ နှင့် ၁၀ တွင် လားရှိုးမြို့ကို လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်မည်ဟု သိရကြောင်း ဗိုလ်ကြီးဇင်ယော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“စစ်ကောင်စီက လေကြောင်းကနေ စွတ်ရမ်းပြီးတော့ မတိုက်ခိုက်နိုင်တော့ဘူး။ တကယ်လို့ ရမ်းပြီးတော့ တိုက်ခိုက်လိုက်ရင်တော့ ရှမ်းတစ်ရှမ်းလုံးက တစ်ခါတည်းကြွလာပြီးတော့ ပင်လောင်းလမ်းဆုံကနေ နေပြည်တော်အထိ စစ်ရုံးကို ချီတက်မယ့်အနေအထားဖြစ်သွားမယ်” ဟု အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ပုန်ကန်၍ CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က Myanmar Now ကို ပြောသည်။
ပင်လောင်းသည် စစ်ဗိုလ်ချုပ်များရုံးထိုင်ရာ နေပြည်တော်၏အရှေ့ဘက် မိုင် ၅၀ ခန့်အကွာ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ရှိသည်။ ထိုနယ်မြေကို စစ်ကောင်စီကို ထောက်ခံသည့် ပအိုဝ်းပြည်သူ့စစ် PNO က ထိန်းချုပ်ထားသည်။
ယင်းဒေသတစ်ဝိုက်တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် ၎င်းတို့၏မဟာမိတ် ကရင်နီတော်လှန်ရေးတပ်များလည်း လှုပ်ရှားကြသည်။
မြန်မာစစ်တပ်သမိုင်းတွင် စစ်တိုင်းတစ်ခုလုံး ဆန့်ကျင်တော်လှန်သူများ လက်အောက် ပထမဆုံးအကြိမ် ကျရောက်ခဲ့ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လားရှိုးအပါအဝင် ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းမည်ဟု ရုပ်မြင်သံကြားမိန့်ခွန်းတွင် ကြုံးဝါးပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်းကလည်း ရှမ်းပြည်နယ် လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်တို့ရှိ ဈေး၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် တံတားများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် ဖျက်အားပြင်းဗုံးများသုံးပြီး တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်တပ်များက သတင်းထုတ်ပြန်ကြသည်၊ အရပ်သားများကို ပစ်မှတ်ထားသည့် ထိုလုပ်ရပ်များကို တားဆီးပေးရန် တရုတ်နိုင်ငံကို အကူအညီတောင်းခဲ့ကြသည်။
ဟိုင်ဂင်ဆွေးနွေးပွဲသည် မြောက်ပိုင်းမဟာမိတ်များက စစ်ကောင်စီအပေါ် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ ကို ယာယီအပစ်ရပ်ရန် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးထားသည့် ဆွေးနွေးပွဲဖြစ်သည်။
နှစ်ဖက်တပ်များသည် တရုတ်အကျိုးစီးပွားများကို မထိခိုက်ရန်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီအပစ်ရပ်ရန် အပါအဝင် နှစ်ဖက်သဘောတူညီချက်များကို ယခုနှစ် ဇန်နဝါရီလဆန်း ဆွေးနွေးပွဲတွင် ရရှိခဲ့ကြသည်။
ဟိုင်ဂင်သဘောတူညီမှုအောက်တွင် တရုတ်၏ကြီးကြပ်မှုဖြင့် နှစ်ဖက်အကြား ဆွေးနွေးမှုတချို့ ရှိခဲ့သော်လည်း ယခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် တအာင်းတပ် TNLA က ဟိုင်ဂင်သဘောတူညီချက်များကို စစ်ကောင်စီ ဖောက်ဖျက်သည်ဟုဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲနှင့် နောင်ချိုမြို့တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မြောက်ပိုင်းတပ်များထဲမှ ရခိုင်တပ် AA က နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေသလို ကိုးကန့်တပ် MNDAA ကလည်း လားရှိုးအထိ သိမ်းပိုက်ထားသည်။