အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ဘေးရှောင်များကို ကူညီရန် ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ ဖွဲ့စည်း

ရန်ကုန် – ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများကို ကိုယ်စားပြု ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများသည် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီဌာနချုပ်တွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ဘေးရှောင်များကို ကူညီရန် ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ ဖွဲ့ရန် သဘောတူခဲ့ကြသည်။

လာမည့်ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၆) တွင် အစည်းအဝေး ခေါ်ယူသွားမည်ဖြစ်ပြီး ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီကို ရခိုင်တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖွဲ့စည်းသွားမည်ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီက သိပ်ကြာမယ် မထင်ပါဘူး။ အထူးသဖြင့်ကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အမြန်ဆုံး ကူညီဖို့လိုအပ်နေတယ်။” ဟု ၄င်းက ပြောသည်။

ထို့အပြင် ဥပဒေနှင့်အညီ ငြိမ်းချမ်းရေးကိစ္စများကို ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် အချိန်ယူပြီး ဆွေးနွေး ညှိုနှိုင်းရမည်ဟု ၄င်းကဆိုသည်။

ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့အပြင် ရခိုင်ပြည်နယ်တွင်းတွင်ရှိသည့် ရခိုင်မျိုးနွယ်စုပါတီများ ပါဝင်မည်ဖြစ်သည်။

ရခိုင်အမျိုးသားများ၏ အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် စစ်ရှောင်များအရေး၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် စုပေါင်းအဖြေရှာရန်အတွက် ဖွဲ့စည်းမည့်အကြောင်း ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

“ ကယ်ဆယ်ရေးသွားလို့မရတဲ့နေရာတွေ ရှိတယ်။ အဲဒီအတွက် ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာလွှတ်တော်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာပါ ” ဟု ၄င်းကပြောသည်။

ရခိုင်မျိုးသားပါတီ၏ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီတွင် အဖွဲ့အစည်းပေါင်းစုံ လူတန်းစားပေါင်းစုံ ပါဝင်ပြီး အမြန်ဆုံး ဖွဲ့စည်းသွားရန် လိုအပ်သည်ဟု ပြောသည်။

“ လွှတ်တော်လမ်းကြောင်းကနေပြီးတော့ နိုင်သလောက်တော့ မေးခွန်းတွေ အဆိုတွေနဲ့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ကျွန်တော်တို့ လုပ်ဖို့ကြိုးစားပါမယ် ” ဟု ၄င်းကပြောသည်။

စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်တွင် ၅ နာရီကျော်ကြာ ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲတွင် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ လူဦးရေ ၅၀၀၀ခန့် နေရပ်စွန့်ခွာ ပြေးကြရသည်ဟု အပြည်ပြည်ဆိုင်ကြက်ခြေနီကော်မတီ(ICRC)က ဇန်နဝါရီ ၁၀ တွင် ကြေညာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button