စစ်ကောင်စီလက်အောက်တွင် မြန်မာပြည်သူများ စက်သုံးဆီပြတ်လပ်မှုကို သုံးကြိမ်မြောက် ရင်ဆိုင်နေကြရပြီး၊ ယခုသီတင်းပတ် တနင်္လာနေ့မှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် အောက်တိန်း 92 နှင့် 95 အမျိုးအစား စက်သုံးဆီဝယ်ယူရန် မလွယ်ကူတော့ဟု မြို့ကြီးများရှိ ဒေသခံတို့က ဆိုသည်။
ဆိုင်များတွင် စက်သုံးဆီ ရောင်းရန် မရှိပါက ဆီစျေးနှုန်းပြ LED ဆိုင်းဘုတ်ကို မီးပိတ်ထားကြကြောင်း ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
“LED ဘုတ်တွေမှာ မီးမလင်းရင် ဆီမရှိတော့ဘူးပဲ၊ အရင်ကလို ဆီဆိုင်ဝန်ထမ်းတွေက လက်ထောင်မပြတော့ဘူး။ ဆီထည့်ချင်တဲ့သူက ဘုတ်ကိုသာ အရင်ကြည့်၊ မီးမလင်းရင် ဆီမရှိတော့ဘူး၊ ပြန်သာပြန်လိုက်တော့” ဟု သူက ပြောသည်။
ဆီရောင်းနိုင်သေးသည့် ဆိုင်များကလည်း ကားတစ်စီးလျှင် ကျပ်သုံးသောင်းမှ ငါးသောင်းဖိုးသာ ရောင်းချပေးတော့သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုပမာဏသည် 92 အမျိုးအစားစက်သုံးဆီအတွက် ၁၂ လီတာမှ လီတာ ၂၀၊ 95 အမျိုးအစားစက်သုံးဆီအတွက် ၁၁.၅ လီတာမှ ၁၉.၂ လီတာဖြစ်သည်။
သို့သော် ဒီဇယ်ကိုမူ ရန်ကုန်မှ စက်သုံးဆီဆိုင်အများအပြားတွင် လိုသလောက် ဝယ်ယူနိုင်သေးသည်ဟုလည်း သိရသည်။
ဇူလိုင် ၂၉၊ တနင်္လာနေ့မှစခဲ့သည့် အဆိုပါအခြေအနေသည် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင်လည်း ဆက်လက်ကြုံတွေ့နေရကြောင်း၊ မြို့ပြ ဆီဆိုင်များတွင် မော်တော်ကားနှင့် ဆိုင်ကယ် ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း စက်သုံးဆီဆိုင်တချို့ ပိတ်ထားသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှေ့ရှိ စစ်တပ်ပိုင်စက်သုံးဆီဆိုင်သည်လည်း နေ့တစ်ဝက်သာ ရောင်းချပြီးနောက် ဆိုင်ပိတ်ပစ်ခဲ့သည်၊ ပျဉ်းမနားမြို့နယ်တွင်လည်း စက်သုံးဆီ ၅ ဆိုင်ထက်မနည်း ပိတ်ပင်ထားသည်၊ တချို့ဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်။
“ဒီမနက် တန်းစီတာ နှစ်သောင်းဖိုး (၈ လီတာခန့်) တော့ ရတယ်” ဟု နေပြည်တော်မှ ဒေသခံတစ်ဦးက ဆိုသည်။
နိုင်ငံအနှံ့ မိုးကြီးရေလျှံခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ သယ်ယူပို့ဆောင်သည့်ကားများ အချိန်မီ မရောက်ခြင်းကြောင့် စက်ဆုံးဆီပြတ်လပ်ခြင်း ဖြစ်ကြောင်း ဆီဆိုင်များဘက်က အကြောင်းပြသည်ဟု ဒေသခံတို့က ဆိုသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ဒေသအသီးသီး၌ ရေကြီးရေလျှံနေပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ မြို့ပေါင်း ၁၃ မြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
မန္တလေးမြို့ပေါ်မှ စက်သုံးဆီဆိုင်ကြီးများဖြစ်သည့် Denko ,Max, Asia Energy တို့၏ ဆီဆိုင်အများစုသည် အရောင်းရပ်ထားကြပြီး BOC ဆီဆိုင်များတွင်သာ လူအများ တန်းစီဝယ်ယူနေကြရသည်။
“ဆိုင်ကြီးတွေက အတော်များများပိတ်ထားကြတယ်။ ရောင်းပေးတဲ့ဆိုင်မှာ လူတွေက ပြုံတိုးနေတာပေါ့။ တစ်ခါရောင်းပေးရင်လည်း (ဆိုင်ကယ်ဆိုရင်) ကျပ် ၃၀၀၀ (၁ လီတာဝန်းကျင်) ဖိုးပဲ” ဟု သူက ပြောသည်။
ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များ၏ ထိုးစစ်သည် ရှမ်းမြောက်ကို ကျော်လာပြီး မန္တလေးမြို့၏ မြောက်ဘက်သို့ တဖြည်းဖြည်း နီးကပ်လာချိန်တွင် မြို့ခံတချို့က စက်သုံးဆီများကို ကြိုတင်ဝယ်ယူစုဆောင်းနေသဖြင့် ဝယ်လိုအားမြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့၏ မြောက်ဘက် မတ္တရာမြို့နယ်အတွင်းတွင် MDY-PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပါအဝင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ စခန်းပေါင်း ၃၅ ခုထက်မနည်းကို သိမ်းယူထားပြီး မတ္တရာမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။
မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်နေသည့် အကြောင်းရင်းကို စစ်ကောင်စီ၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အသင်းရုံးကို Myanmar Now သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ဆီပြတ်ရသည့်အကြောင်းရင်းသည် ပြည်ပမှ တင်သွင်းရသော စက်သုံးဆီဖိုး ငွေပေးချေရန် စစ်ကောင်စီက လုပ်ငန်းရှင်များကို ဒေါ်လာ မရောင်းချပေးနိုင်ခြင်း၊ ဒေသအသီးသီးတွင် ရေဘေးသင့်နေခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်တချို့က ခန့်မှန်းကြသည်။
မေလကုန်ပိုင်းမှ စတင်ပြီး ရွှေနှင့် အမေရိကန်ဒေါ်လာစျေး တရိပ်ရိပ်မြင့်တက်လာပြီး ယခုတွင် ပြင်ပစျေးကွက်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၅၂၀၀ ကျော်၊ ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၆၀ ကျော်သည်အထိ မြင့်တက်နေသည်။
ထို့သိုသော အခြေအနေတွင် စစ်ကောင်စီသည် စက်သုံးဆီလုပ်ငန်းရှင်များကို ဆီဖိုးချေရန် ဒေါ်လာအလုံအလောက်မရောင်းချပေးနိုင်သည့်တိုင် စက်သုံးဆီစျေးကွက် ရည်ညွှန်းစျေးလည်း ပြင်ပဒေါ်လာပေါက်စျေးထက်နည်းသော နှုန်းထားများဖြင့် တွက်ချက်ရောင်းချခိုင်းထား၍ အရှုံးခံမရောင်းချလိုခြင်းကြောင့် ဆီကို အကန့်အသတ်ဖြင့် ထုတ်ရောင်းနေကြခြင်းဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဒေါ်လာကလည်း စျေးအရမ်းထိုးတက်နေတယ်၊ အဝယ်ကလည်း ပိုခက်လာတယ်။ ဒီအခြေအနေမှာ ဆီစျေးကျတော့ ဆီသမားတွေ အမှန်တကယ်ဝယ်လို့မရတဲ့ ဒေါ်လာစျေးနဲ့ ဖြတ်တော့ ဘယ်သူမှ တွက်ခြေမကိုက်တော့ဘူးလေ” ဟု သူက ဆိုသည်။
စစ်ကောင်စီ၏ စျေးကွက်ရည်ညွှန်းစျေးအရ ယနေ့စက်သုံးဆီစျေးနှုန်းမှာ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂၄၈၇၊ 95 တစ်လီတာလျှင် ကျပ် ၂၆၀၃၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၆၅ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၇၀ ဖြစ်သည်။
၁ ဒေါ်လာ ကျပ် ၄၆၀၀ ဝန်းကျင်ရှိခဲ့သော မေလကုန်ပိုင်းတွင်လည်း စက်သုံးဆီစျေးနှုန်းသတ်မှတ်ထားချက်မှာ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂၅၆၅၊ 95 တစ်လီတာလျှင် ကျပ် ၂၆၆၅၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၃၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၅၀ ဖြစ်သည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ဦးဆောင်ပြီး စက်သုံးဆီရည်ညွှန်းစျေး သတ်မှတ်ချက်ကို စက်သုံးဆီတင်သွင်းသောလုပ်ငန်းရှင်များ အမှန်တကယ်ဝယ်ယူနေရသော ဒေါ်လာစျေးဖြင့် တွက်ချက်ပေးရန် စစ်ကောင်စီကို ဇူလိုင်လလယ်ပိုင်းတွင် တင်ပြတောင်းဆိုထားကြသည်။
ဒေါ်လာမရှိလျှင် လုပ်ငန်းလည်ပတ်နိုင်မည်မဟုတ်ဟု စက်သုံးဆီတင်သွင်းနေသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုက ဗဟိုဘဏ်က ဒေါ်လာမချပေးရင် ဆီဆက်မရောင်းတော့ဘူးပေါ့၊ Importer တွေ (ဆီတင်သွင်းသူတွေ) အားလုံးကတော့ အပြင်ဒေါ်လာပေါက်စျေးနဲ့ပဲ တွက်ပြီး ရောင်းချင်နေကြတယ်” ဟု သူက ပြောသည်။
ဆီဖိုးငွေပေးချေရန်အတွက် လိုအပ်သော ဒေါ်လာကို ဗဟိုဘဏ်ထံမှ ၄၀ ရာခိုင်နှုန်း၊ ကျန် ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးဖြင့် ဝယ်ယူပြီး လုပ်ဆောင်ခဲ့ကြသည်။
ယခုတွင် ဗဟိုဘဏ်က ဆီကုမ္ပဏီများကို ထို ၄၀ ရာခိုင်နှုန်းပင် ထုတ်ရောင်းပေးနိုင်ခြင်း မရှိတော့ကြောင်း သူက ပြောသည်။
“ဆီတွေ သွင်းထားတာ ရှိတယ်၊ လုံး၀ပြတ်သွားတယ်ဆိုတာမျိုးအထိတော့ မဖြစ်ဘူး။ တွက်ခြေမကိုက်တော့လို့ ထိန်းရောင်းနေကြတဲ့ သဘောမျိုးပေါ့” ဟု သူက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ၂၀၂၂ စက်တင်ဘာနှင့် ၂၀၂၃ ဒီဇင်ဘာတို့တွင်လည်း အလားတူအခြေအနေမျိုးနှင့် ကြုံခဲ့ရသည်။
စစ်ကောင်စီက ကြုံတွေ့နေရသည့် ပြဿနာများကို သူ့ကို ထောက်ခံသည့် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး ဖြေရှင်းမည်ဟု ကြွေးကြော်ဖူးသည်။