အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်စခန်းရုပ်သိမ်းရန် ဆန္ဒပြသည့် ကျောက်တော်ဒုက္ခသည်များ ခံဝန်ထိုးရ

နေရပ်ပြန်လို၍ ရွာအနီးတပ်စွဲထားသည့် တပ်မတော်စခန်းများကို ရုပ်သိမ်းပေးရန် ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ဒေသခံ ၅ ဦးကို ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့တွင် ၅ နာရီခန့်ကြာ ခေါ်ယူစစ်ဆေး သတိပေးပြီး ခံဝန်ထိုးခိုင်းခဲ့သည်။ 

မာလာကျေးရွာအနီး တောင်ကုန်းတွင် တပ်မတော်က တပ်စွဲနေသောကြောင့် ရွာသို့ မပြန်ရဲကြသည့်အပြင် ရွာတွင် ကျန်ရှိနေသည့် ဆန်၊ စပါး စသည်တို့ကိုကို သွားရောက်ယူဆောင်ရန် မဝံ့ရဲသဖြင့် စစ်‌ရှောင် ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“နောက်နောင် ဒီလိုမဖြစ်ရရေးအတွက် လက်မှတ်ထိုးခဲ့ရတယ်။ သူတို့တွေက အခုဆန္ဒပြတဲ့ အထဲမှာ အချက်တွေက များတယ်ဆိုပြီး ကျွန်တော်တို့ကို အပြစ်ယူချင်တယ်။ ဒါပေမယ့် ဒီတစ်ခါကို ခွင့်လွှတ်ပေးလိုက်မယ်တဲ့။ နောက်တစ်ခါ မဖြစ်ရအောင်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်”ဟု မာလာကျေးရွာရာအိမ်မှူး ဦးသန်းလှိုင်က Myanmar Now ကို ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းနှင့် စုဝေးခြင်းဆိုင်ရာဥပဒေနှင့် ငြိစွန်းသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း နောက်နောင် ဆန္ဒပြလျှင် “အချုပ်ထဲဝင်ပေါ့”ဟု သတိပေးခဲ့ကြောင်း ရာအိမ်မှူးက ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော်လည်း ဒေသခံများကို ခေါ်ယူစစ်ဆေးရာတွင် ပါဝင်သော မီးရထားဘူတာ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးမောင်ဝင်းကမူ ဆန္ဒပြရေးအတွက် ရဲစခန်းတွင် စာတင်နိုင်ရန် ၎င်းက ကူညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း ရာအိမ်မှူးက ဆိုသည်။

နောက်နောင် မည်သည့်ကိစ္စမဆို စစ်ဘေးရှောင်စခန်းတာဝန်ခံကို တင်ပြပြီးမှ လုပ်ဆောင်ရမည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက မှာကြားလိုက်သည်ဟု ခံဝန်လက်မှတ်ရေးထိုးခဲ့ရသူ စစ်ရှောင် ဦးစောရွှေသိန်းက ဆိုသည်။

“အဲဒီလိုဆိုရင် သတင်းမီဒီယာသမားတွေမေးရင်တောင် ပြောခွင့်မရှိတော့ဘူးဆိုတဲ့ အနေအထားဖြစ်သွားပြီလေ။ သတင်းမီဒီယာကအစ အစစအရာရာတွေဟာ စခန်းတာဝန်ခံရဲ့ ခွင့်ပြုချက်မရှိဘဲ လုံးဝပြောဆိုခွင့်၊ လုပ်ပိုင်ခွင့် မပြုဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်   ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးလုပ်နေသည်ဟုသာ ပြန်ဖြေကြားခဲ့သဖြင့် တုံ့ပြန်ချက်မရရှိခဲ့ပေ။ 

မာလာကျေးရွာမှ ဒေသခံ ၈၀၀ ခန့်သည် ပြီးခဲ့သည့်နှစ် မတ်လက ရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် ကျောက်တော်မြို့၊ မီးရထားဘူတာကယ်ဆယ်ရေးစခန်းနှင့် မဟာကံကြီးရှင်ဘုရားပရိဝုဏ် ကယ်ဆယ်ရေးစခန်းတို့တွင် ခိုလှုံနေကြခြင်းဖြစ်ပြီး စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေကြသည်။

ရွာတွင်ကျန်ရှိလိုက်သည့် ပစ္စည်းများကို သွားရောက်ယူဆောင်လိုသော်လည်း ရွာအနီး တပ်စခန်းများရှိနေသောကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်တောင်းဆိုခဲ့ရာ မထူးခြားသောကြောင့်ဟု ဆိုကာ ဇန်နဝါရီ ၁၉ တွင် ဆန္ဒပြခဲ့ကြသည်။ 

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာ ပထမပတ်မှစ၍ တိုက်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း တရားဝင်အပစ်အခတ်ရပ်စဲမှုလည်း မရှိခြင်း၊ တပ်စခန်းများ ရွာအနီး ရှိနေသေးခြင်းတို့ကြောင့် အများစုက နေရပ်မပြန်ရဲကြသေးဘဲ စစ်ရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေကြရသည်။

၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြည်နယ်တွင်းတွင် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိ ရှိနေပြီး ဒေသခံများသည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button