သတင်း

သမ္မတရူး မင်းအောင်လှိုင်အဆုံးထိမိုက်ဖို့ ကြေညာခြင်းဖြစ်

သမ္မတရာထူးကလားဖန်ထိုးအပ်နှင်းခြင်းသည် မင်းအောင်လှိုင်က ပြည်သူပြည်သားတို့၏ အကျိုးစီးပွားနှင့် မိမိ၏ သံသရာအကျိုးစီးပွားများကို မကြည့်တောဘဲ မိုက်လက်စ နောက်ဆုံးထွက်သက်ထိ မိုက်ချင်တိုင်းမိုက်တော့မည်ဖြစ်ကြောင်း တိုင်းပြည်ကိုကြေညာလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မျက်မှောက်မြန်မာ့သမိုင်းတွင် အရက်စက်ဆုံးနှင့် ဉာဏ်ပညာအမဲ့ဆုံး အာဏာရှင်တစ်ဦးဖြစ်ကြောင်း ၎င်း၏ သုံးနှစ်ကျော်ကြာ စစ်အုပ်ချုပ်ရေးကာလ အဖြစ်အပျက်များက မော်ကွန်းတင်စေခဲ့ပြီဖြစ်သည်။ 

ယမန်နေ့က သူ့ကိုယ်သူ သမ္မတဟု ကြေညာလိုက်သည့်အတွက် သူသည် အာဏာရှင်အများစုဖြစ်လေ့ရှိသည့် စိတ်ပေါ့သွပ်သည့် ဝေဒနာသည်တစ်ဦးအဖြစ်လည်း မြန်မာပြည်သားတို့ သြချရပြီဖြစ်သည်။ 

အာဏာရှင်စနစ်သည် အာဏာရှင်အသစ်၊ အသစ်ကလေးများကို ပေါက်ဖွားလာစေသည့် သဘောရှိရာ အသက်နှစ်ဆယ်ခန့် ၁၉၇၄ တွင် စစ်ထဲဝင်သော မင်းအောင်လှိုင်သည် ၁၉၆၂ မှ ၂၀၁၀ စစ်အုပ်ချုပ်ရေးခေတ်တွင်ရှိခဲ့သော အာဏာရှင် ကောင်စီဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေဝင်းနှင့် နဝတနှင့် နအဖအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို ကြည့်ပြီး အကြွင်းမဲ့ စစ်အာဏာရှင်တပ်ချုပ်ကြီး၊ ဥက္ကဌကြီး ဖြစ်ချင်ခဲ့ပုံရသည်။ ထို့အတူ ၂၀၁၁ မှ ၂၀၂၀ စစ်တပ်ချုပ်ကိုင် ဒီမိုကရေစီခေတ်၌ အများပရိသတ်အလယ်တွင် တင့်တယ်သော နိုင်ငံတော်သမ္မတများ၏ ဇာတ်ဝင်ခန်းများကို စိတ်ကူးယဥ်ပြီး သမ္မတရာထူးကိုလည်း မှန်းခဲ့ပုံရသည်။ 

ထိုအခြေအနေများကြောင့် အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သော မင်းအောင်လှိုင်သည် ယခုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဌနှင့် နိုင်ငံတော်သမ္မတ ရာထူးများ ကိုယ့်ဖာသာကို အပ်နှင်းလိုက်ခြင်းပင်ဖြစ်သည်။  

ထိုရာထူးများ ဖန်တီးထားသော်လည်း မင်းအောင်လှိုင်၏ နိုင်ငံရေးနှင့်စစ်ရေးသြဇာမှာ ယခင်အာဏာရှင်များနှင့် ယှဥ်ပါက အနိမ့်ဆုံးအမှတ်တွင် ကျရောက်နေသည်။

မင်းအောင်လှိုင်စစ်တပ်သည် တပ်ရင်းတပ်မလိုက် ကျဆုံးအညံ့ခံနေရမှုများ ဆက်တိုက်ဖြစ်နေပြီး၊  ရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးနှင့် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးစွန့်လွှတ်ရတော့မည့် အခြေအနေကျရောက်နေသည့်အပြင်၊  မန္တလေးတိုင်းဒေသကြီးသို့ပင် တော်လှန်ရေးအင်အားစုများက အလုံးအရင်းထိုးဖောက်ဝင်ရောက်နေကြပြီဖြစ်သည်။ 

အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်တွင် သီတဂူဆရာတော်အစီအစဥ်ဖြင့် ကွယ်လွန်သူ နိုင်ငံသံဃမဟာနယကဥက္ကဌဆရာတော်က မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာ သူရဲကောင်းဘွဲ့ပေးပွဲကိုပြုလုပ်စဥ်။ (ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထိုအခြေအနေတွင် ကိုယ့်ကိုယ်ကို သမ္မတရာထူးကလားဖန်ထိုးအပ်နှင်းခြင်းသည် မင်းအောင်လှိုင်က ပြည်သူပြည်သားတို့၏ အကျိုးစီးပွားနှင့် မိမိ၏ သံသရာအကျိုးစီးပွားများကို မကြည့်တောဘဲ မိုက်လက်စ နောက်ဆုံးထွက်သက်ထိ မိုက်ချင်တိုင်းမိုက်တော့မည်ဖြစ်ကြောင်း တိုင်းပြည်ကိုကြေညာလိုက်ခြင်းဖြစ်သည်။ 

များစွာသော မြို့ရွာများသည် ပြာပုံအတိဖြစ်ဦးမည်၊ များစွာသောပြည်သူများသည် အသက်ဘေးကျရောက်ဦးမည်ဟု မင်းအောင်လှိုင်၏  သမ္မတရူးလုပ်ရပ်က ထင်ရှားစေသည်။ 

ပြည်သူလူထုအပေါ်ရက်စက်သော အာဏာရှင်တို့သည် သွေးထွက်သံယိုပင် သေဆုံးတတ်ကြသည်ကို ရေမြောင်းပိုက်ထဲမှဆွဲထုတ်ကာ ပစ်သတ်ခံရသည့် လစ်ဗျားနိုင်ငံအာဏာရှင်ဟောင်း မာမက်ကဒါဖီ၊ ကြိုးစင်တင်ပြီးမသေသေးသဖြင့် လည်မြိုကို ဓားထိုးခံရပြီး မရှုမလှဇာတ်သိမ်းရသူ အီရတ်နိုင်ငံအာဏာရှင် ဆတ်ဒန်ဟူစိန်တို့၏ ဘဝဖြစ်စဥ်များက သက်သေခံနေသည်။ မိုက်ဆဲရိုင်းဆဲ မင်းအောင်လှိုင်သည်လည်း ကဒါဖီ နှင့်  ဆတ်ဒန်ဟူစိန်တို့ကဲ့သို့ အဆုံးတစ်နေ့၌ မလွဲမသွေနိဂုံးချုပ်လိမ့်မည်ဖြစ်သည်။

Show More

Related Articles

Back to top button