လေ့လာသုံးသပ်ချက်

CDM ဝန်ထမ်းများကို စစ်ကောင်စီ ပြန်ဖိတ်ခေါ်ရသည့် အကြောင်းရင်း

အာဏာဖီဆန်မှု သက်တမ်း ၃ နှစ် ကျော်လာချိန်တွင် စစ်ကောင်စီက CDM ဝန်ထမ်းများကို ၎င်းတို့နှင့် ပြန်လည်ပူးပေါင်းရန် ဖိတ်ခေါ်လာသည်။ ၎င်းတို့၏ လုပ်ငန်းများ အဆင်ပြေစေရန် ကမ်းလှမ်း ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

အရပ်သားများကို နေ့စဉ် ဖမ်းဆီး၊ သတ်ဖြတ်နေသည့် စစ်ဗိုလ်ချုပ်များက ဇူလိုင် ၁၂ ရက်နေ့တွင် ထူးခြားသည့် ကမ်းလှမ်းချက်တစ်ခု ထုတ်ပြန်လာသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လာသည့်နည်းဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါက အမည်ပျက်စာရင်း သွင်းခံထားရခြင်းမှ ပယ်ဖျက်ပေးမည်ဟု ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

အသက်ရှင်ရပ်တည်ရေးအတွက် လွန်စွာခက်ခဲနေသည့် CDM ဝန်ထမ်းများထဲက ကမ်းလှမ်းချက်ကို လက်ခံသွားနိုင်သူတချို့ ရှိနိုင်သည်ဟု ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဆေးရုံတစ်ခုတွင် တာဝန်ယူခဲ့ဖူးသည့် အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။

လုပ်ငန်းခွင် ပြန်ဝင်မည့်သူများအတွက် တိကျရှင်းလင်းသည့် မူဝါဒ စစ်ကောင်စီ ထုတ်ပြန်မည်ကို စောင့်ကြည့်နေသူများလည်း ရှိကြောင်း သူက ဆိုသည်။

၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လုပ်ငန်းခွင်မှ ထွက်လာသူ CDM ဝန်ထမ်း နှစ်သိန်းခန့်ရှိကြောင်း သတင်းဌာနများ၊ CDM အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းတွက်ဆထားကြသည်။

CDM ဆရာဝန်များကို အလုပ်ခန့်သည့် ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်း အများအပြားကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့သည်။

စစ်ကောင်စီ၏ လတ်တလော ကမ်းလှမ်းချက်သည် ၎င်းတို့ကို ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများတွင် ဆေးကုသခွင့်ပြန်ပေးမည်ကို ဆိုလိုသည်လား၊ သို့မဟုတ် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအဖြစ်ဖြင့် ပြန်လည်ခန့်အပ်မည်ကို ဆိုလိုသည်လား ရှင်းရှင်းလင်းလင်းမသိရသေးဟု အထက်ပါ ဆရာဝန်က ဆိုသည်။

ထို့ပြင် CDM တွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသည့် လုပ်ဖော်ကိုင်ဖက်များကို ပြန်လွှတ်ပေးရန် အစီအစဉ် ရှိမရှိ စစ်ကောင်စီဘက်က တိတိကျကျ ပြောမထားသေးကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီသည် လာမည့်အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ၁၅ ရက်ကြာ ကောက်ယူမည့် သန်းခေါင်စာရင်း၊ ကျင်းပမည်ဟု ကြွေးကြော်ထားသော ရွေးကောက်ပွဲလုပ်ငန်းများအတွက် ပညာရေးဝန်ထမ်းတို့၏ လုပ်အား လိုအပ်သဖြင့် လုပ်ငန်းခွင် ပြန်ဝင်ရန် ကမ်းလှမ်းနေခြင်းဖြစ်နိုင်ကြောင်း ပင်စင်စားဝန်ထမ်းတစ်ဦးက ဆိုသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ပေးရန် နှိုးဆော်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ရန်ကုန်တွင် ၂၀၂၁ ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – Myanmar Now)

ဦးသိန်းစိန်အစိုးရက ၂၀၁၄ တွင် ကျောင်းဆရာနှင့် ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း ၁ သိန်းကျော်ကို သန်းခေါင်စာရင်းကောက်ဝန်ထမ်းအဖြစ် အသုံးပြုခဲ့သည်။

ထို့ပြင် ၂၀၁၀ နှင့် နောက်ပိုင်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံစောင့်ဝန်ထမ်းများအဖြစ် ကျောင်းဆရာ၊ ဆရာမများ တာဝန်ယူခဲ့ရသည်။

စစ်ဗိုလ်ချုပ်များ၏ လတ်တလော ကမ်းလှမ်းမှုကို လက်ခံသူများသည် စစ်ကောင်စီ ကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်ပြီး စစ်တပ်ထဲ ရောက်နိုင်သည့် အလားအလာလည်း ရှိနေသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ဖေဖော်ဝါရီလအတွင်းက ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ အသက်သွင်းကာ အသက်ပြည့်ပြီးသူများ စစ်ထဲမဝင်မနေရစနစ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း အကျုံးဝင်သည်။

ထိုဥပဒေ၏ ပုဒ်မ ၁၅ (က)(၂) အရ စစ်ထဲဝင်ရန် အသက်ကန့်သတ်ချက်ပြည့်မီသည့် ဝန်ထမ်းများသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည်မဟုတ်ဘဲ ယာယီသာ ရွှေ့ဆိုင်းနိုင်သည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက ဝန်ထမ်းဖြစ်ခြင်းကြောင့် လက်ရှိအချိန်တွင် ယာယီကင်းလွတ်ခွင့်ရနိုင်သော်လည်း အသက်သတ်မှတ်ချက်ကျော်သွားသည့်တိုင် တစ်ချိန်ချိန်တွင် စစ်မှုပြန်လည်ထမ်းဆောင်ရမည်ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလဆန်းတွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများ၊ ထိုးစစ်များနှင့် ရင်ဆိုင်လိုက်ရသဖြင့် စစ်ကောင်စီသည် စစ်မျက်နှာများစွာ ဖြန့်ထားရပြီး စစ်သည်အင်အားအများအပြား လိုအပ်လာရာ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ စစ်သားသစ် စုဆောင်းနေခြင်း ဖြစ်သည်။

ထိုဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ၊ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိသည် စစ်ထဲဝင်ရန် အကျုံးဝင်သည်။

CDM လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တစ်ခု။

စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားမှာ သာမန်အခြေအနေတွင် ၂ နှစ်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ တိုးမြှင့်နိုင်ပြီး၊​ စစ်မှုထမ်းရန် ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီသည် ဇီးပင်ကြီးနှင့် ဖောင်ကြီးအပါအဝင် နိုင်ငံ့ဝန်ထမ်းဝန်ထမ်းတက္ကသိုလ်များတွင် ယခင်က ကျင့်သုံးခဲ့သည့် စစ်ပညာသင်ရိုးကို ပြန်လည်သွတ်သွင်းထားသည်။

ဒေသတချို့တွင်လည်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များကို အခြေခံစစ်ပညာသင်တန်းအတွက် အမည်စာရင်း ကောက်ခံကြောင်း သတင်းများလည်း မကြာခဏ ထွက်ပေါ်နေသည်။

CDM ဝန်ထမ်းများသည် စစ်ကောင်စီက ၎င်းတို့ကို ပြန်ဖိတ်ခေါ်နေ၊ ကမ်းလှမ်းနေခြင်းမှာ ရွေးကောက်ပွဲလုပ်အားပေးနှင့် စစ်သားသစ်များ အရေးပေါ်လိုအပ်မှုတို့ကြောင့် ဖြစ်ကြောင်း သဘောပေါက်ကြမည် ဖြစ်သည်။

ကမ်းလှမ်းချက်ကို လက်ခံပြီး လုပ်ငန်းခွင် ပြန်ဝင်လျှင် သတ်မှတ်ထားသည့် လစာပြန်ရမည်ဟူသော မက်လုံးသာ ရှိသည်။ လုပ်ငန်းခွင်တွင် အဆင်ပြေ၊ ပျော်ရွှင်မှု ရနိုင်မည် မဟုတ်ပေ။

ရုံးမတက်ဘဲ ရုန်းထွက်ခဲ့ကြသူများထဲတွင် တူညီသောအချက်မှာ ပြည်သူအများအပြားနည်းတူ ခက်ခဲနေကြခြင်း ဖြစ်သည်။ ကူညီထောက်ပံ့မှုကို အကန့်အသတ်နှင့် ရရှိထားသူ အများအပြားရှိသည်။ အကြောင်းကြောင်းကြောင့် ကူညီမှုများနှင့် ဝေးကွာ၊ မဆက်စပ်မိသူလည်း အများအပြားရှိသည်။

ဤအခြေအနေတွင် စစ်ကောင်စီ၏ ကမ်းလှမ်းချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၎င်းတို့၏ အာဏာဖီဆန်မှု သက်တမ်းမှာ ၃ နှစ် ကျော်လာပြီ ဖြစ်ရာ ယုံကြည်ချက်၊ သိက္ခာတို့ကို စွန့်လွှတ်ပြီး အလုပ်ပြန်ဝင်ခွင့်ပြုရန် တောင်းပန်လျှောက်ထားမည့်သူ လွန်စွာ နည်းပါးလိမ့်မည်ဟု ယူဆရပါသည်။

The form you have selected does not exist.

Show More

Related Articles

Back to top button