သတင်း

ဖမ်းဆီးခံ ရတနာပုံကျောင်းသားများကို ပြန်လွှတ်ပေးရန် မိတ္ထီလာကျောင်းသားများ ဆန္ဒပြ

(မန္တလေး)  ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသားများအားအမြန်ဆုံးလွှတ်ပေးရန် မိတ္ထီလာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသအဖွဲ့ချုပ်) မှကျောင်းသား ၁၇ ဦးခန့်က ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် တွင် မိတ္ထီလာနည်းပညာတက္ကသိုလ်ရှေ့မှစ၍ မိတ္ထီလာမြို့တွင်း ငါးနေရာတွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ရတနာပုံတက္ကသိုလ်ကကျောင်းသား ခုနစ်ဦးကိုလွှတ်ပေးဖို့ပြတာပါ။ စာနဲ့တင်တောင်းတယ်။ စားပွဲဝိုင်းမှာညှိတယ်။ အဆင့်ဆင့်မရတော့လို့ ဆန္ဒပြတယ်။ ဆန္ဒပြတော့ဖမ်းတယ်လုံခြုံရေး၊ သန့်ရှင်းရေး တောင်းဆိုတာ ၅၀၅ (ခ) (နိုင်ငံတော်အကြည်ညိုပျက်စေမှု) နဲ့ဖမ်းတာမဖြစ်သင့်ပါဘူး။ အမြန်ဆုံး ပြန်လွှတ်ပေးပါ။ မပေးမချင်း ကျွန်တော်တို့ ဆက်လက် တောင်းဆို သွားပါမယ်”ဟု မိတ္ထီလာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသ) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမင်းထက်မြတ်ကပြောသည်။

အဆိုပါဆန္ဒပြကျောင်းသားများသည် မိတ္ထီလာနည်းပညာတက္ကသိုလ်ရှေ့မှစ၍ ဖဆပလစျေး မြို့မစျေး ဗိုလ်ချုပ်ကြေးရုပ် အစရှိသည့် ငါးနေရာတွင် ဆန္ဒပြခဲ့ကြသည်။

မိတ္ထီလာနှင့် မန္တလေးလေးရတနာပုံကျောင်းများတွင် ဖြစ်ရပ်ချင်းတူသော်လည်း အကျိုးဆက်ချင်း ကွာသွားသည်ဟု ၎င်းက ပြောသည်။

ကျွန်တော်တို့တက္ကသိုလ်မှာဆိုရင် စားပွဲဝိုင်းမှာတင်ကိစ္စပြီးတယ်။ ပါချုပ်ဆရာကြီးနဲ့ကျွန်တော်တို့တွေ့တယ်။ ဆရာကြီးတက္ကသိုလ်တွင်း ဒီသန့်ရှင်းရေးလိုအပ်တယ်ပြောရင် တန်းလုပ်ပေးတယ်။ လုံခြုံရေးဆိုလည်း ရဲစခန်းကနေ ကွင်းဆင်းပြီး တစ်ညနေကို ရဲသားလေးယောက် စောင့်ကြပ်ပေးတယ်။ ငွေရေးကြေးရေး အခက်အခဲရှိရင်တောင် နှောင့်နှေးတာပဲရှိတယ် ပြေပြေလည်လည်ပဲ။ သူတို့နဲ့ကျွန်တော်တို့ တောင်းဆိုတာ ချင်းလည်းတူတယ်၊ အချိန်လည်းတူတယ်၊ သူတို့ကတော့ဖမ်းခံရတယ်၊ ဒါမဖြစ်သင့်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

Show More

Related Articles

Back to top button