
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်လာချိန်တွင် တော်လှန်ရေးအင်အားစုက မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်တပ်နှင့် ပျူစောထီးများအခြေပြုထားသည့် ကျေးရွာများကို ဇူလိုင်လအတွင်း အဆက်မပြတ် တိုက်ခိုက်နေသည်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ပခုက္ကူမြို့နယ်၊ အောင်သာရွာအခြေစိုက် ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက ယမန်နေ့ (ဇူလိုင် ၁၇) နံနက်တွင် သိမ်းပိုက်ခဲ့သည်။
အလားတူ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာမှ ပျူစောထီးစခန်းများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူ၊ အောင်သာရွာတိုက်ပွဲအတွင်း သုံ့ပန်း ၁၀ ဦး ရခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကျောင်းသားတပ်မတော် ABSDF အမှတ် (၃) စစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ပြီး ထုတ်ပြန်ချက်တွင် ဓာတ်ပုံများလည်း ပါဝင်သည်။

စစ်တပ်က ပခုက္ကူမှတစ်ဆင့် စစ်ကူ ၁၀၀ ကျော်ကို ပို့ဆောင်ခဲ့သည်၊ တစ်နာရီနီးပါးကြာ ပစ်ခတ်ကြပြီးနောက် တော်လှန်ရေးအင်အားစုက ထိုစခန်းမှ ပြန်လည်ဆုတ်ခွာခဲ့သည်။
“စခန်းသိမ်းလိုက်နိုင်တဲ့အခြေအနေမျိုးတော့မရှိဘူး။ စခန်းနဲ့ ရွာကို ဝင်စီးရတာ။ ပခုက္ကူနဲ့လည်း နီးတယ်။ ပခုက္ကူရွာနဲ့ အောင်သာရွာကြားမှာလည်း ပျူစောထီးရွာတွေရှိတော့ တိုက်ပွဲကို ရေရှည်ထိန်းမထားနိုင်ဘူး။ မြန်မြန်လုပ်ပြီးတော့ လက်နက်ကောက်ပြီး ပြန်ဆုတ်လာရတဲ့သဘောရှိတယ်” ဟု ABSDF Column 3 မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။
မြင်းခြံ၊ ကျောက်ကန်ရွာ ပျူစခန်း
ထို့အတူ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြင်းခြံမြို့ မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ကျောက်ကန်ရွာတွင် ခြေကုပ်ယူထားသည့် ပျူစောထီး (ပြည်သူ့စစ်) များကို ဇူလိုင် ၁၅ ရက်နေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်အခိုင်အမာအခြေစိုက်ထားရာ မြင်းခြံမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် စစ်ကြောင်းထိုးပြီး ပစ်ခတ်ရာ တော်လှန်ရေးအင်အားစုက စခန်းမသိမ်းပိုက်နိုင်ခဲ့ကြောင်း မြင်းမြံမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့လည်း ပစ်ကူပေးတယ်။ စစ်ကူလာတာကလည်း အင်အား အနည်းဆုံး ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ တပ်ကူလာတဲ့ စစ်သားတွေ၊ ပျူတွေကလည်း ပစ်ကူပေးတဲ့အချိန်မှာ ပြန်ပြီးတော့ ဆုတ်ခဲ့ရတယ်။ လက်နက်ကောက်လို့မရဘူး” ဟု သူက ဆိုသည်။
စစ်ကူလာသည့် စစ်ကြောင်းက စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ဒေသခံ ၁၀ ဦးနီးပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ တူရွင်းဘို့ရွာ ဒေသခံ အသက် ၃၀ ကျော်အရွယ် ကိုမောင်လှဆိုသူဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့က သစ်ရုံရွာအနောက်ဘက် သင်္ချိုင်းကုန်းအနီးတွင် သူ၏ ဒဏ်ရာများနှင့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း အထက်ပါ ပကဖတာဝန်ခံက ဆက်ပြောသည်။

“မျက်နှာပေါ်မှာ ရောင်ကိုင်းနေတယ်။ ချိုင်းအုံမှာ အပေါက်ကြီး။ တခေါက်ခွက်ကြောတွေကို ဓားနဲ့ လှီးခဲ့တာ” ဟု အထက်ပါ မြင်းခြံပကဖ တာဝန်ခံက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ကန်ရွာအနီး ကျေးရွာများဖြစ်သည့် သစ်ရုံရွာမှ ဒေသခံ ၂ ဦးနှင့် တူရွင်းဘို့ရွာမှ ၁၀ ဦးကို ဖမ်းဆီးသွားပြီး ၎င်းတို့အနက် တူရွင်းဘို့ရွာခံ ၂ ဦးကို မြင်းခြံမြို့ ခမရ (၁၅) အတွင်းသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ကန်ရွာသို့ အင်အား ထပ်မံဖြည့်တင်းထားပြီး အနီးအနားဝန်းကျင်တွင်လည်း ကင်းပုန်းဝပ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
ကျွဲတလင်းရွာ၊ ပျူစခန်း
မြင်းခြံမြို့နှင့် ကပ်လျက်ရှိ တောင်သာမြို့နယ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပျူစောထီးအခြေစိုက်သည့် ကျေးရွာတစ်ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တောင်သာမြို့ တောင်ဘက်ရှိ ပျူစောထီးအင်အား ၄၀ နီးပါး တပ်စွဲထားရာ ကျွဲတလင်းရွာ ပျူစောထီးစခန်းကို ဇူလိုင် ၁၁ ရက် နံနက်တွင် ဝင်တိုက်ခြင်း ဖြစ်သည်။
နှစ်နာရီခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ပျူစောထီး ၄ ဦး အရှင်ဖမ်းဆီးရမိကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြောင်းချောသေနတ်များအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်သာနယ်နှင့် မလှိုင်နယ်စပ်တွင် ရှိပြီး အရေးပါသည့် နေရာတစ်ခုဖြစ်သည့် ကျွဲတလင်းရွာ ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်နိုင်သော်လည်း အထိုင်ချ တပ်စွဲထားနိုင်ခြင်းမရှိဘဲ စစ်တပ်က ပြန်လည်ဝင်ရောက်တပ်စွဲသွားကြောင်း သိရသည်။
“စခန်းကိုတော့ သိမ်းလိုက်တယ်။ ကျွန်တော်တို့က (စခန်း) ထိုင်နိုင်တဲ့ အင်အားလည်း မရှိဘူးလေ။ တိုက်ထုတ်လိုက်တာပေါ့။ ခုတော့ သူတို့ပြန်ထိုင်နေပြီလို့ သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။
တောင်သာနယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သော ကွယ်လွန်သူ ဦးအောင်သောင်း၏ ဇာတိဖြစ်ပြီး လက်နက်ကိုင်ပျူစောထီးများ အားကောင်းသည်။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာတို့ပါဝင်သည့် မြင်းခြံခရိုင်အတွင်း ပျူစောထီးစခန်းများကို စီးနင်းတိုက်ခိုက်မှုများအပါအဝင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဇူလိုင်လဆန်းပိုင်းက စတင်ကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
မကြာသေးမီကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာသို့ စစ်ကြောင်းထိုးလာသည့်တပ်ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။ စစ်တပ်ကလည်း လက်ဝဲမြင်းနီရွာကို မီးရှို့ခဲ့ရာ ရွာထဲ ပိတ်မိကျန်ရစ်သည့် သက်ကြီးရွယ်အိုများအပါဝင် ကျန်းမာရေးမကောင်းသူ ၆ ဦး သေဆုံးပြီး အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့ရသည်။
စစ်တပ်နှင့်အတူ ပျူစောထီးများ အခြေပြုထားသည့် ကျေးရွာများသည် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပျူရွာအင်အားများ ထပ်မံတိုးချဲ့လာနိုင်ခြင်း စသည့်အခြေအနေတို့ကြောင့် ၎င်းတို့ ခြေကုပ်ယူထားသည့်စခန်းများကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
ကျောက်ကန်ရွာအခြေစိုက် စစ်သား ၁၀ ဦးခန့်နှင့် ပျူစောထီးအင်အား ၃၀ ခန့်သည် ရွာအနီးရှိ မြင်းခြံ-တံတားဦး ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ကားများကို တားဆီးကာ လုယက်၊ ငွေညှစ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကားလမ်းပေါ် တက်တယ်။ ပိုက်ဆံယူတယ်။ နားကပ်ဖြုတ်တယ်။ ဖုန်းတွေသိမ်းတယ်။ ဈေးကားအပြန်တွေဆို ထဘီကအစ ယူတာ။ စစ်ကြောင်းထိုးတယ်ဆိုလည်း တချို့ဆို ခေါင်းစည်းကွင်း၊ မိတ်ကပ်ဘူးကအစ ယူတာ” ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။

အလားတူပင် ပခုက္ကူမြို့နယ်၊ အောင်သာရွာရှိ ပျူစောထီးများသည် အနီးအနားဝန်းကျင်များကို စစ်ကြောင်းထိုးလေ့ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများကို လုယက်ဖျက်ဆီးခြင်း၊ လမ်းပေါ်တွင် ဖြတ်သန်းသွားလာသူများကို နှောင့်ယှက်မှုများ ပြုလုပ်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ကိုပြည့်ဖြိုးကျော်က မှတ်ချက်ပြုသည်။
ရှမ်းမြောက်နှင့် မန္တလေးတွင် ဇွန်လကုန်ပိုင်းကစပြီး ၁၀၂၇ စစ်ဆင်ရေးအဆက် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နေချိန်တွင် နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများကလည်း ပျူစောထီး (ပြည်သူ့စစ်) တပ်စွဲနေရာယူထားသည့် နေရာများကို ဆက်တိုက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကျွန်တော်တို့ကတော့ လက်နက်ခဲယမ်းလည်း အင်အားနည်းတဲ့ဒေသဆိုတော့ ရှိတာ စုဆောင်းပြီးတော့ ခြစ်ခြုတ်ပြီးတော့ အကောင်းဆုံးတော့ လုပ်နေကြတာပဲ။ စစ်ကောင်စီကို ရရင်ရသလို တော်လှန်နေတာပါ” ဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်ကာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရာနှင့်ချီသည့် စစ်ကောင်စီအခြေစိုက်ရာနေရာများကို သိမ်းပိုက်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ဇွန်လကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် စတင်လာချိန်တွင် ရှမ်းပြည်မြောက်ပိုင်းမှသည် မန္တလေးတိုင်းထိ စစ်ရေးလှုပ်ရှားမှု ကျယ်ပြန့်လာကာ လက်ရှိအချိန်တွင် နောင်ချိုမြို့ကို TNLA က သိမ်းပိုက်ထားသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်ခုခံမှုများ၏ အချက်အချာဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း ကျယ်ပြန့်သည့် စစ်ဆင်ရေးများဖော်ဆောင်နိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ကြုံတွေ့နေရသည့် အခက်အခဲများရှိသည်ဟု ABSDF Column 3 မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။
“လက်နက်ခဲယမ်းမပြည့်စုံမှုနဲ့ (တော်လှန်ရေးအဖွဲ့များ) အချင်းချင်းအားပြိုင်နေတဲ့ ကျပ်တည်းမှု၊ စိန်ခေါ်မှုတွေရှိတယ်” ဟု သူက ပြောသည်။