ဇူလိုင် ၁၀ ရက်နေ့က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ရာ ရွာထဲ ပိတ်မိကျန်သည့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၆ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မြို့အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ထိုရွာကို အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က နံနက် အရုဏ်မတက်မီ ဝင်ရောက်စီးနင်းစဉ် ထိုဖြစ်ရပ် ပေါ်ပေါက့်ခဲခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့မိသားစုဝင်တွေကလည်း (ခါတိုင်းလိုပဲထင်ပြီး ဒီအတိုင်းပဲ ထားခဲ့လိုက်တာ။ ဒီလိုလည်း မီးရှို့မယ် မထင်ကြဘူးလေ။ သက်ကြီးရွယ်အိုနဲ့ လူငယ်ပိုင်း၊ ကျန်းမာရေးမကောင်းသူ၊ လေဖြတ်ထားသူလည်း ပါတယ်။ အခုထိ အတည်ပြုထားနိုင်တာ ၆ ယောက်တော့ အတည်ပြုထားနိုင်တယ်” ဟု လက်ဝဲမြင်းနီရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ လေဖြတ်ထားသည့် အသက် ၈၀ ကျော်အရွယ်များဖြစ်သော ဦးဟန်ငြိမ်း၊ ဦးကျော်အေး၊ ဒေါ်သန်းမြ၊ ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၊ သစ်ပင်ပေါ်မှ ပြုတ်ကျထားသဖြင့် လမ်းမလျှောက်နိုင်ဘဲ အိပ်ယာပေါ်လဲနေသည့် အသက် ၃၀ ကျော် အရွယ် လူငယ်တစ်ဦး၊ လေဖြတ်ထားသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ အတည်ပြုထားနိုင်ကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။
မီးရှို့ရသည့် အကြောင်းရင်းကို မသိရသေးပေ။
သေဆုးသူ ၆ ဦးအနက် ၅ ဦး၏ ရုပ်ကြွင်းနှင့် ကိုယ်ခန္ဓာအပိုင်းအစများ တွေ့ရှိရသည်ဟု ဆိုသည်။
“(တစ်ယောက်က) အကြွင်းအကျန်တော့ မတွေ့ရတော့ဘူး။ သူတို့အိမ်က သွပ်ပြားတွေက အောက်ကို ထိနေပြီ။ သူအိပ်တဲ့ခုတင်လည်း မရှိတော့ဘူး။ ဘာမှမရှိတော့ဘူး။ လုံးလုံး ပြာကျသွားတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
လမ်းသာခြားပြီး ကပ်လျက်တည်ရှိသည့် လက်ဝဲရွာနှင့် မြင်းနီရွာကို လက်ဝဲမြင်းနီရွာအဖြစ် ခေါ်ဆိုကြောင်း၊ နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀၀ ကျော်နီးပါးရှိပြီး တော်လှန်ရေးအားကောင်းသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
လက်ဝဲမြင်းနီရွာသည် ကပ်လျက်တည်ရှိသည့် မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပြည့်သူ့စစ် ခေါ် ပျူစောထီးတို၏ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီး ပစ်ခတ်မှုဒဏ်များကို ခံရလေ့ရှိကြောင်း သိရသည်။
ဇူလိုင် ၉ ရက် ညပိုင်းတွင် မြင်းခြံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေးရွာဆုံရွာသို့ အင်အားဖြည့်တင်းခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် လက်ဝဲမြင်းနီရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ် လာမည်ကို ကြိုတင်သတင်းရခဲ့သည်၊ စစ်ကြောင်းဝင်ရောက်လာစဉ် လမ်းတွင် ကာကွယ်ရေးအဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွာကို ပစ်ခတ်စီးနင်းခဲ့သည်ဟု ဒေသခံ အမျိုးသမီးက ဆိုသည်။
“လေးရွာစုံကို မြင်းခြံကနေ ဖောကား ၃ စီးနဲ့ ည ၁၂ နာရီလောက်က ဝင်လာတာကို ကျွန်မတို့ ၁ နာရီခွဲလောက်မှာ သတင်းရတယ်။ အဲ့ဒီတော့ ရွာထဲက လူတွေက ချက်စရာရှိချက်၊ တောထဲမှာ စားဖို့ပေါ့။ အထုပ်အပိုးတွေ ပြင်ဆင်ပြီးတော့ အဆင်သင့်လုပ်ထားတာပေါ့။ ၃ နာရီခွဲလောက် သူတို့ ဝင်လာတဲ့အချိန်မှာ ထိတွေ့မှုဖြစ်တော့ ပစ်သံခတ်သံတွေ ကြားတော့ ကျွန်မတို့ စပြေးရတာ” ဟု သူက ပြောသည်။
စစ်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်စီးနင်းခဲ့ရာ ဒေသခံတစ်ဦးမှာ ဦးခေါင်းနောက်စေ့ကို ထိမှန်ပြီး နောက်တစ်ဦးမှာ ခြေထောက်ထိမှန်ဒဏ်ရာ ရရှိကာ ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။
ထို့နောက် နံနက် ၅ နာရီခန့်တွင် စစ်တပ်က မီးတင်ရှို့ခဲ့ရာ ရွာလယ်ပိုင်းမှ အိမ်ခြေ ရာနှင့်ချီ ပြာကျပျက်စီးခဲ့ကြောင်း၊ ဒေသခံများနေရပ်မပြန်ရဲသေးသဖြင့် အသေးစိတ် မသိရှိရသေးကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။
“မြင်းနီပိုင် ရွာအလယ်တည့်တည့်ကနေ ရှို့လိုက်တာ။ အဲ့ဒီနားက လက်ဝဲရွာမြောက်ပိုင်းထိ ပါသွားတာ။ အိမ်ခြေက အတိအကျတော့ မသိရသေးဘူး။ သုံးလေးရာကနေ အလွန်ဆုံး ငါးရာလောက်ထိ ပါမယ်လို့ ခန့်မှန်းနေကြတယ်” ဟု သူက ပြောသည်။
ဒေသခံများမှာ စစ်ကြောင်းရန်ကြောင့် ရွာထဲ မီးဝင်ငြှိမ်းရန် မဝံ့ရဲကြကြောင်း ဒေသခံများက ဆိုသည်။
“တစ်နေကုန် မီးကလောင်တာ။ လေကလည်း တိုက်တယ်။ ဝါဆို၊ ဝါခေါင်ချိန်ဆိုတော့ လေကလည်း အမြဲ တိုက်နေတာလေ။ တိုက်နေတော့ မီးငြှိမ်းမယ့်သူလည်း မရှိတော့ တစ်အိမ်ပြီးတစ်အိမ်ကူးတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်က နေ့လယ်ပိုင်းတွင် ပြန်ထွက်သွားသော်လည်း အနီးရှိ ကျေးရွာများကို ဝင်ရောက်နေဆဲ ဖြစ်သဖြင့် ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ဝဲမြင်းနီရွာကို ယခင်က စစ်ကြောင်း ၂ ကြိမ် ဝင်ဖူးသော်လည်း နေအိမ်များအတွင်းရှိ ပစ္စည်းများ ခိုးယူသွားသည့် ဖြစ်ရပ်သာ ရှိကြောင်း သိရသည်။
ဇွန်လကုန်ပိုင်းက လေးရွာဆုံရွာမှ လက်ဝဲမြင်းနီရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်း လူသေဆုံးသည့် ရွာမီးရှို့မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို ၎င်းတို့၏ သတင်းထုတ်ပြန်ချက်စာမျက်နှာများတွင်လည်း သတင်းဖော်ပြခြင်း မရှိသေးပေ။
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သည် တော်လှန်ရေးအင်အားစုများ လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းရာဒေသ ဖြစ်သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးဆိုင်ရာရုံးက ဇူလိုင်လဆန်းပိုင်း ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နိင်ငံအနှံ့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည့်အနက် ချင်း၊ မကွေး၊ စစ်ကိုင်းတိုင်းမှ ၁.၆ သန်းကျော် ပါဝင်သည်။