
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်မြေ ‘ဝ’ အထူးဒေသရှိ ဆေးလိပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ နေရပ်ပြန်ရာတွင် မိုင်းယန်းမြို့ကို ဝင်ရောက်ခွင့် မရသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းခုလတ်တွင် ပိတ်မိနေကြောင်း အလုပ်သမားများက ပြောသည်။
“ဝ”အထူးဒေသရှိ တရုတ်နိုင်ငံသားပိုင် ကျင်းဟွာဆေးလိပ်စက်ရုံသည် စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား ၁၅၀ ကျော်သည် နေရပ်ပြန်လာခဲ့ကြရာ “ဝ”နယ်အလွန် မိုင်းခတ်နှင့် မိုင်းယန်းမြို့ကြားတွင် ဇန်နဝါရီ ၁၄ နံနက်ပိုင်းကတည်းက ပိတ်မိနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့သည် လားရှိုး၊ ရန်ကုန်၊ မန္တလေး၊ နတ်မောက်မြို့သို့ ပြန်ကြမည့်သူများဖြစ်ပြီး မိုင်းယန်းမြို့ ရဲတပ်ဖွဲ့က တရားဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်း မဟုတ်ဟုဆိုကာ တားဆီးထားကြောင်း ပိတ်မိနေသည့် အသက် ၃၄ နှစ်အရွယ် ကိုဖြိုးကိုကိုက Myanmar Now ကို ပြောသည်။
ကျင်းဟွာဆေးလိပ်စက်ရုံက အလုပ်သမားများကို “ဝ” နယ်အလွန်ထိ မော်တော်ယာဉ်ဖြင့် လိုက်ပို့ခဲ့ပြီး ယင်းနေရာမှတစ်ဆင့် နေရပ်အသီးသီးသို့ စင်းလုံးငှားယာဉ်ဖြင့်ပြန်ရန် စီစဉ်ထားခြင်းဖြစ်ကာ မိုင်းယန်းရဲတပ်ဖွဲ့က ဝင်ရောက်ခွင့်မပေးသဖြင့် အခက်အကြုံနေကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က အကျိုးအကြောင်း ရှင်းပြတယ်။ ကျွန်တော်တို့ မသိဘူး။ နယ်မြေခံလည်း မဟုတ်ဘူး။ အလုပ်လာလုပ်တာ။ စက်ရုံပိတ်လို့ ပြန်တာ။ သူတို့လိုက်ပို့တဲ့ ဒီလမ်းကြောင်းကို မသိဘူး။ ကျွန်တော်တို့ ခိုးဝင်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပါ။ မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားပါတယ်” ဟု ကိုဖြိုးကိုကိုက ပြောသည်။
ဒေသခံများက ခေါက်ဆွဲခြောက်နှင့် အစားအသောက်များ ထောက်ပံ့ပေးခြင်းကြောင့် စားသောက်ရေးအဆင်ပြေသော်လည်း ရာသီဥတုအေးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများအတွက် နေထိုင်ရေးအခက်အခဲ ရှိနေကြောင်း မန္တလေးမြို့သို့ ပြန်မည့် ကိုစိုးထက်အောင်က Myanmar Now ကို ပြောသည်။
“(ရဲတပ်ဖွဲ့က) လာခဲ့တဲ့လမ်းအတိုင်း ပြန်လို့ပြောတယ်။ လာခဲ့တဲ့လမ်းအတိုင်း ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဟိုဘက်ကလည်း ပြန်လာရင် စက်ရုံနဲ့ မသက်ဆိုင်တော့ဘူးလို့ ပြောတယ်။ ဝ နယ်ကို သွားစရာလည်း မလိုတော့ဘူး” ကိုစိုးထက်အောင်က ပြောသည်။
မိုင်းယန်းမြို့သည် ရှမ်းမြောက်အထူးဒေသ (၂) ‘ဝ’ ဒေသနှင့် အဝင်အထွက်မရှိကြောင်း၊ မြို့ကိုလည်း ကိုဗစ်နိုင်တင်းရောဂါကာလ အသွားအလာကန့်သတ်ထားသဖြင့် ပိတ်မိနေသည့် မြန်မာလုပ်သားများအခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆိုမှုမရှိကြောင်း မိုင်းယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းက ပြောသည်။
“သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက အလွှဲအပြောင်းလုပ်မှ ကျွန်တော်တို့က လက်ခံမယ်။ ဒီအတိုင်းမဟုတ်ရင် ပယောဂပါလာရင်ကျွန်တော်တို့မြို့ ဒုက္ခရောက်မယ်” ဟု ၎င်းက ပြောသည်။
“ဝ” ဒေသတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရတို့ကြား ညှိနှိုင်း၍ ကိုဗစ်နိုင်တင်းရောဂါ မရှိကြောင်း ဆေးထောက်ခံချက်၊ သတ်မှတ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်ပြီးမှ ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ကြောင်း ဦးစိုင်းခမ်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ဧပြီတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာလုပ်သား ၂၀၀ ခန့်ကို မိုင်းယန်းမြို့က အဝင်မခံသဖြင့် မိုင်းလားထိန်းချုပ်ဒေသတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ကာ ဝင်ရောက်ခွင့်ပြုခဲ့ဖူးသည်။