စီးပွားရေး

ရောင်းအားကျလာသော အွန်လိုင်းဈေးဆိုင်များ Telegram နှင့် Tik Tok ပိုသုံးလာ

Facebook သုံးရခက်နေသည့် အခြေအနေကြောင့် အရောင်းအဝယ် ကျဆင်းသွားရာ အွန်လိုင်းစျေးသည်တို့က ပရိသတ်ရှိမည့် နေရာသို့ ပြောင်းရွှေ့နေကြသည်။

မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် Facebook ကို အသုံးပြုရာတွင် လိုအပ်သည့် Virtual Private Network (VPN) ဆော့ဝဲအသုံးပြုမှုကို စစ်ကောင်စီက ဇွန်လဆန်းမှစတင်ကာ တားမြစ်လိုက်ခြင်းကြောင့် အွန်လိုင်းဈေးဆိုင်များ ရောင်းအားထိုးကျနေသဖြင့် အပိတ်မခံရသေးသည့် Telegram နှင့် Tik Tok တို့မှ ဈေးရောင်းရန် စီစဉ်လာသည်။

Facebook အားကိုး၍ ဈေးရောင်းရန် မဖြစ်နိုင်တော့ကြောင်း အွန်လိုင်းဈေးသည်များက ပြောသည်။

သရုပ်ဆောင်များနှင့် ထင်ပေါ်ကျော်ကြားသူများကို ငှားရမ်းကာ Facebook တွင် ရုပ်သံတိုက်ရိုက်လွှင့်ပြီး ကုန်ပစ္စည်းများ ရောင်းချခြင်း၊ လူကြည့်များရန် ကြော်ငြာခပေး၍ အရောင်းမြှင့်တင်ခြင်းဖြင့် အဆင်ပြေခဲ့သည့်ကာလ ကုန်ဆုံးသွားပြီဟု ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အမည်မဖော်လိုသည့် အွန်လိုင်းဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“အရောင်းအဝယ်ကို လုပ်လို့မရတော့ဘူး။ Live Sale (အွန်လိုင်းမှ တိုက်ရိုက်ရောင်းချခြင်း) လည်း မရှိတော့ဘူး။ အရင်တုန်းက ၁၀ ယောက် ရောင်းရင် အခုကတော့ ၂ ယောက်လောက်ပဲ ကျန်တော့မယ်” ဟု ၎င်းက ဆိုသည်။

Follower တစ်သောင်းကျော်ရှိသည့် သူ၏ Facebook စာမျက်နှာမှ စားသောက်ကုန်များကို လက်လီလက်ကားရောင်းခြင်းမှ နေ့စဉ် ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ ရောင်းအားရှိခဲ့ရာမှ ယခုအခါ ဝယ်သူ အနည်းအငယ်သာရှိတော့ကြောင်း သူက ဆိုသည်။

ယခင်က Facebook တွင် လူကြည့်များရန် ကြော်ငြာခ ၃ ဒေါ်လာသုံး၍ ကုန်ပစ္စည်းတင်ရောင်းချပါက ရောင်းအားသိသိသာသာ တက်လေ့ရှိပြီး ယခုအခါ ထိုနည်းလမ်းလည်း အလုပ်မဖြစ်၊၊ အွန်လိုင်းမှ ကုန်ပစ္စည်းအမှာကို လက်ခံအကြောင်းပြန်ရန် ခန့်ထားသည့် ဝန်ထမ်းကိုလည်း အလုပ်မပေးနိုင်တော့ဟု သူက ဆိုသည်။

ထို့ကြောင့် အွန်လိုင်းဈေးသည်များသည် VPN သုံးရန် မလိုသော၊ အင်တာနက်မြန်နှုန်းအသင့်အတင့်နှင့် အဆင်ပြေသော Telegram နှင့် Tik Tok ကို ပြောင်းရွှေ့လာကြကြောင်း ၎င်းက ပြောသည်။

“ဈေးသည်တချို့ ပေါက်ကြတယ် Tik Tok လိုင်း လိုက်ကြတယ်။ အကုန်လုံး Tik Tok နဲ့ Telegram တွေ ရှိတယ်။ ရန်ကုန်ကလူတွေကတော့ Telegram တွေ လုပ်ကြတာပေါ့ ဈေးရောင်းဖို့က အဓိကလေ Facebook လုံးဝ မရရင်တော့ Tik Tok လိုင်းကို ပြန်ရွှေ့ရမှာပဲ” ဟု သူက ပြောသည်။

မြန်မာတွင် စီးပွားဖြစ်လည်ပတ်သည့် အွန်လိုင်းဈေးဝယ် အက်ပလီကေးရှင်းနှင့် ဝက်ဆိုက်များရှိသလို ဈေးသည်အများစုသည် Facebook ပေါ်တွင် ပေ့ချ်များဖွင့်ကာ ဈေးရောင်းခဲ့ကြသည်။ အာဏာမသိမ်းမီ ကိုဗစ်ကပ်ဘေးကာလအတွင်း ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်များသည်ပင် Facebook ပေ့ချ်မှ ဈေးရောင်းလာခဲ့သလို ယနေ့တိုင် အွန်လိုင်းမှ ရောင်းချနေဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း Facebook သုံးစွဲခွင့်မရစေရန် စစ်တပ်က ပိတ်ပင်ခဲ့သော်လည်း VPN ဖြင့် ကျော်လွှား၍ ဆက်လက်အသုံးပြုခဲ့ကြသည်။

ယခုအခါ လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အများအပြားက လမ်းသွားလမ်းလာတို့၏ လက်ကိုင်ဖုန်း စစ်ဆေးသည့်အခါ VPN တွေ့ရှိလျှင် ဒဏ်ရိုက်၊ ငွေညှစ်နေကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။

VPN သည် အင်တာနက်အသုံးပြုသူ၏ IP address ကို အသစ်ဖန်တီးပေးကာ သုံးစွဲသူများ၏ တစ်ကိုယ်ရေလုံခြုံရေးကို အကာအကွယ်ပေးသည်။ သို့သော် VPN သုံးစွဲမှုကို အာဏာရှိသူများနှင့် ဆက်သွယ်ရေးကုမ္ပဏီများက တားမြစ်လိုလျှင် လူသုံးများသည့် အခမဲ့ VPN များ၏ ဆာဗာများက ဖန်တီးပေးသည့် IP address များကို ပိတ်ပင်နိုင်သည်။

အလားတူ VPN လမ်းကြောင်းများထုတ်လွှင့်၊ ထိန်းချုပ်သည့် နေရာဖြစ်သော VPN Port ကိုလည်း Firewall ကို အသုံးပြု၍ ပိတ်ပင်နိုင်သေးသည်။ VPN အသုံးပြုမှုလမ်းကြောင်း ပုံစံများကိုလည်း စိစစ်ထုတ်ကာ VPN သုံးစွဲမှုများကို ပိတ်ပင်နိုင်သေးသည်။

လူသုံးများသည့် VPN များကို စစ်တပ်က စောင့်ကြည့်ပိတ်ပင်နေကြောင်း၊ အွန်လိုင်းဈေးသည်တို့က အခကြေးငွေပေးရသည့် VPN များကို သုံးနိုင်သော်လည်း ကုန်ပစ္စည်းဝယ်ယူမည့်သူများမသုံးနိုင်လျှင် အရောင်းအဝယ်ဖြစ်မည်မဟုတ်ကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ် အွန်လိုင်းဈေးသည်တစ်ဦးက ပြောသည်။

“ဝယ်သူအပေါ် မူတည်တာပေါ့။ ကိုယ်ကဘာနဲ့ပဲ ရောင်းရောင်း ဝယ်သူက လက်ခံမှလေ။ ကြည့်တဲ့သူက ဒါပဲကြည့်မယ်။ ရောင်းတဲ့သူက ဟိုမှာ (Facebook မှာ) ပြမယ်ဆိုရင် သွားမကြည့်တော့ဘူး” ဟု သူက ဆိုသည်။

VPN ဆော့ဝဲမျိုးစုံကို ဖုန်းထဲ ထည့်သွင်းထားသော်လည်း တစ်ခုပြီးတစ်ခု ပိတ်ပင်ခံနေရသည်ကို ကြုံတွေ့လာရကြောင်း ၎င်းက ဆိုသည်။

“ဈေးရောင်းတဲ့ အရောင်းအဝယ်သမားတွေကတော့ Tok Tok ရောက်မယ်။ Telegram Channel တွေ လုပ်ရောင်းမယ် ဒါပဲရှိတာပဲ ကျန်တာ ဘာမှမရှိဘူး အဲ့တော့ အရောင်းအဝယ်သမားက ရောင်းနေမှ အဆင်ပြေမှာလေ ဒီပစ္စည်းကို ကိုင်ထားလို့မှမရတာ” ဟု ၎င်းက ပြောသည်။

အခြားတစ်ဖက်တွင် ဒေါ်လာဈေးနှုန်းမြင့်တက်မှု၊ စက်သုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှု၊ စစ်မှုထမ်းဥပဒေကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သူ ရှားပါးမှု၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုနှင့် ဝယ်လိုအားကျဆင်းမှုကြောင့်လည်း အရောင်းအဝယ်ထိခိုက်နေကြောင်း သိရသည်။

ပိတ်ဆို့မခံရသေးသည့် VPN အသုံးပြု၍ Facebook မှတစ်ဆင့် ဆက်လက်ရောင်းချဆဲဖြစ်သော်လည်း ခေတ်မကောင်းတော့ကြောင်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှ အသုံးပြုပြီးအဝတ်ထည်များရောင်းချသည့် အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ခေတ်ကောင်းတဲ့အချိန်တုန်းကနဲ့စာရင်တော့ ရောင်းအားတစ်ဝက်နီးပါးလောက်တော့ ကျသွားတာပေါ့။ ပစ္စည်းတွေသယ်ရတာလည်း လမ်းအခက်အခဲတွေကြားဆိုတော့ တန်ဆာခတွေတက်၊ ဈေးတွေတက် တချို့ကျတော့ အခုခေတ်ကာလကြီးမှာ မဝယ်နိုင်ကြတော့ဘူး” ဟု သူက ဆိုသည်။

၎င်းတို့ဆိုင်၏ Facebook စာမျက်နှာ၌ Follower ပေါင်း ၅ သိန်းကျော်ရှိသော်လည်း ထိုပရိသတ်သည် ဆိုင်နှင့် အချိတ်အဆက် မရှိတော့ပေ။

စစ်အာဏာသိမ်းမှုအကျိုးဆက် အထွေထွေစီးပွားရေးပြိုကျမှုနှင့် ရင်ဆိုင်နေသည့် မြန်မာနိုင်ငံသည် အင်တာနက်ပိတ်ပင်မှုကြောင့် စီးပွားရေးအရဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

အင်တာနက်ပြတ်တောက်မှုကြောင့် အာဏာသိမ်းစ ၂၀၂၁ တွင် စီပွားရေးအရဆုံးရှုံးမှုမှာ ၂ ဒသမ ၈ ဘီလျံ၊ ၂၀၂၂ တွင် ဒေါ်လာ ၂၄၁ ဒသမ ၄ သန်းရှိကြောင်း အင်တာနက်လုံခြုံရေးနှင့် VPN သုံးသပ်ရေးဆိုင်ရာ Top10VPN အဖွဲ့က ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

VPN များပိတ်ပင်ခြင်းသည် ပြည်သူများ၏ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လူမှုဘဝလုံခြုံမှုကို ချိုးဖောက်ခြင်းကြောင့် ပိတ်ပင်မှုကို ရပ်တန့်ရန် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက တောင်းဆိုနေသည်။

သို့သော် စစ်ကောင်စီသည် တင်းတင်းကျပ်ကျပ်ပိတ်ပင်ရုံသာမက လက်ကိုင်ဖုန်းအတွင်း VPN ဆော့ဝဲ ထည့်သွင်းထားပါက ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း၊ အခက်ခဲမျိုးစုံဖြင့် ချိတ်ဆက်ရသည့် Facebook ကို အသုံးနည်းလာကြောင်း မန္တလေးမှ အသက် ၃၀ ကျော်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“YouTube ပိုကြည့်ဖြစ်တော့တာ။ သူများတွေတော့ Tik Tok ပဲ ကြည့်ကြတော့တယ် ထူးပြီးတော့ စိတ်မပင်ပန်းတော့ပါဘူး၊ ခုကာလက လူတောင် ဘယ်အချိန်ပြေးရမလဲ မသိဘူးဖြစ်နေတော့လေ (Facebook သုံးမရတာက) ဆုံးရှုံးပြီးသားလွတ်လပ်ခွင့်ထဲက နောက်ထပ်ဆုံးရှုံးမှုပဲပေါ့” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံအတွင်း စိတ်အပန်းဖြေရန်၊ သတင်းသိရှိ ဝေမျှရန် Facebook ကို အသုံးပြုနေသူများအတွက် ပိုမို ခက်ခဲလာသလို Facebook ကို အားပြုသည့် သတင်းဌာနအများအပြားကလည်း ပရိသတ်လျော့နည်းလာသဖြင့် Telegram စာမျက်နှာဖွင့်လာကြသည်။

ရန်ကုန်မြို့ ဂျပန်သံရုံးကလည်း Telegram စာမျက်နှာ ဖွင့်ထားသဖြင့် ဝင်ရောက် ကြည့်ရှုကြရန် ဖိတ်ခေါ်နေသည်။ ထိုသို့ ဖွင့်ထားကြောင်းကို ပရိသတ် နှစ်သိန်းကျော်ရှိသော၊ ဝင်ရောက်ကြည့်ရှုသူ သိသိသာသာ နည်းပါးလာသော ၎င်းတို့၏ Facebook တွင် ဇွန်လ ၁၉ ရက်နေ့က ဖော်ပြထားသည်။

Facebook တွင် နေရာမရသည့် စစ်ကောင်စီဝါဒဖြန့်သူတို့ကမူ Telegram တွင် မင်းမူနေသည်မှာ ကာလကြာပြီ ဖြစ်သည်။

လုံခြုံရေး အလေးထားသူများ ဆက်သွယ်ပြောဆိုရာတွင် အသုံးပြုကြသည့် Signal သည် ဇူလိုင် ၁၄ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံတွင် ပိတ်ဆို့ခံလိုက်ရသည်ဟု မြို့ကြီးများတွင် နေထိုင်သည့် သတင်းသမားတချို့ထံမှ သိရသည်။

Signal သည် စစ်ကောင်စီ ကြားဖြတ်ထောက်လှမ်းမည်ကို စိုးရိမ်သူတို့ ပိုမို အသုံးပြုကြသည့် အွန်လိုင်းလူမှုကွန်ရက်တစ်ခုဖြစ်သည်။

အမေရိကန်အခြေစိုက် Signal Foundation က စီမံခန့်ခွဲသည့် Signal သည် စာတို၊ အသံဖိုင်၊ ရုပ်သံဖိုင်၊ ဓာတ်ပုံ အပြန်အလှန်ပို့ခြင်း၊ အုပ်စုဖွဲ့ ပြောဆိုဆက်သွယ်ခြင်းအတွက် လူသုံးများပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမို လူကြိုက်များလာသည်။

စစ်ကောင်စီက အသုံးပြုခွင့်ကန့်သတ်ခြင်းမရှိသည့် Tik Tok သည် ဗီဒီယိုအတိုများဝေမျှနိုင်သည့် လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်ပြီး ပေကျင်းမြို့ အခြေစိုက် တရုတ်နည်းပညာကုမ္ပဏီ ဘိုက်ဒန်းစ်က တည်ထောင်ပိုင်ဆိုင်သည်။

Telegram ကိုမူ ၂၀၂၁ တွင် ပြင်သစ်နိုင်ငံသားဖြစ်လာသည့် ရုရှားလူမျိုး Pavel Durov ဆိုသူက ပိုင်ဆိုင်သည်။

Show More

Related Articles

Back to top button