နိုင်ငံတကာသတင်းသတင်း

ကျုပ်တို့နှစ်ဦး ပါတီမတူ၊ သို့သော် ထရမ့်ကို အရေးယူဖို့ သဘောတူသည်

ကျွန်ုပ်တို့နှစ်ဦးအနက် တစ်ဦးမှာ သမ္မတရေဂင်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်အား ၂၀၁၆ တွင် မဲထည့်ခဲ့သူဖြစ်သည်။ နောက်တစ်ဦးမှာ သမ္မတအိုဘားမားအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်အား ပထမအကြိမ်အဖြစ် ယမန်နှစ်က အောက်လွှတ်တော်ပြစ်တင်ရှုတ်ချမှုတွင် အောက်လွှတ်တော်၏ ဥပဒေပြုကော်မတီဆိုင်ရာ အထူးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။

ကျွန်ုပ်တို့နှစ်ဦးမှာ နိုင်ငံရေးအရ ကြီးမားသည့် ကွဲပြားခြားနားမှုများရှိပါသည်။ သို့သော် သမ္မတအဖြစ် ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန်ကျမ်းသစ္စာကြိမ်ဆိုသည့်နေ့ ဇန်နဝါရီ ၂၀ မတိုင်မီ သမ္မတဒေါ်နယ်ထရမ့်အား အောက်လွှတ်တော်တွင် ပြစ်တင်ရှုတ်ချပြီး အထက်လွှတ်တော်တွင်လည်း အမြန်ဆုံး အရေးယူမှုပြုလုပ်သင့်သည်ဟု ကျွန်ုပ်တို့နှစ်ဦးလုံး ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ ထိုယုံကြည်မှုသည် ပါတီနိုင်ငံရေးဆိုသည့် အခြေအနေများနှင့် မသက်ဆိုင်သင့်ပါ။

ဒေါ်နယ်ထရမ့်၏ ရုပ်ဆိုးအကျည်းတန်ဆုံးပြစ်မှုများမှာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးနှင့်တကွ ၎င်း၏ ဒုသမ္မတ မိုက်ပန့်စ်ကိုပင် လူစုလူဝေးဖြစ်အောင် သွေးထိုးလှုံ့ဆော်ကာ ပုန်ကန်စေခြင်းဖြစ်သည်။ ထို့ပြင် ဂျော်ဂျီယာပြည်နယ်အကြီးအကဲကိုလည်း ဖုန်းဆက်ပြီး ရှုံးနိမ့်ထားသည့် သမ္မတရွေးချယ်ပွဲတရားဝင်အတည်ပြုရလဒ်များ ပြောင်းပြန်လှန်သွားစေရန် “ငါလိုအပ်နေတဲ့မဲအရေအတွက်” ကို ရအောင်ကြံဖန်ပေးဦးဟု ဖိအားပေးခိုင်းစေခဲ့သည်။

ယမန်နေ့က အောက်လွှတ်တော်တွင် ဒေါ်နယ်ထရမ့်အား ပြစ်တင်ရှုတ်ချသည့်အဆိုကို အောင်မြင်စွာ မဲခွဲဆုံးဖြတ်ပြီးဖြစ်သည်၊ အရပ်စကားနှင့်ပြောရလျှင် တရားခွင်တွင် စွဲချက်တင်ပြီးဖြစ်သွားပါသည်။ ထိုအဆိုကို အထက်လွှတ်တော်သို့ တင်သွင်းပြီး အထက်လွှတ်တော်ရှိ ဒီမိုကရက်များနှင့်အတူတကွ ရီပါဘလစ်ကန်လွှတ်တော်အမတ်များက လိုအပ်သည့်မဲအရေအတွက် သုံးပုံနှစ်ပုံဖြင့် မဲခွဲကာ ဒေါ်နယ်ထရမ့်အား သမ္မတရာထူးမှ ချက်ချင်းဖယ်ရှားရမည်ဖြစ်ပါသည်။

ဆီးနိတ်အထက်လွှတ်တော်က ဒေါ်နယ်ထရမ့်အား နောက်တစ်ကြိမ် မည်သည့်နိုင်ငံ့ရာထူးမှ တာဝန်ထမ်းဆောင်နိုင်ရန် မသင့်ကြောင်းလည်း ဆုံးဖြတ်သင့်ပါသည်။ ထိုသို့ဆုံးဖြတ်ချက်ချရန် အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံမဲရရန်မလိုဘဲ အထက်လွှတ်တော်အမတ် ၁၀၀ ရှိသည့်အနက် ၅၁ မဲဖြင့် ရိုးရှင်းသည့် လူများစုကဆုံးဖြတ်သည့် ဆုံးဖြတ်ချက်မျိုးသာ လိုပါသည်။

သမ္မတဒေါ်နယ်ထရမ့်ကို အရေးတကြီး ယခုကဲ့သို့ အောက်လွှတ်တော်တွင် စွဲချက်တင် အထက်လွှတ်တော်တွင် ပြစ်ဒဏ်ပေးသင့်မပေးသင့် ဆွေးနွေးကြားနာသည့် လွှတ်တော်အစည်းအဝေး အမြန်ခေါ်ယူရပါမည်။ ယခုဖြစ်စဉ်သည် ရှည်လျားရှုပ်ထွေးနေသော အဖြစ်အပျက်မဟုတ်ပါ။

ဂျော်ဂျီယာပြည်နယ်အကြီးအကဲ Brad Raffensperger အား မဲအကြံအဖန်လုပ်ရန် တောင်းဆိုသော ဒေါ်နယ်ထရမ့် ဖုန်းထဲတွင် ပြောထားသည့် အသံဖိုင်သည် အများပြည်သူရှေ့မှောက်တွင် ရောက်ရှိနေပြီးဖြစ်ပါသည်။ လွှတ်တော်အဆောက်အအုံသို့ ချီတက်ပြီးဆန္ဒပြရန် ၎င်းက ၎င်းကိုထောက်ခံသူများကို ပြောဆိုမှုများသည် ရုပ်သံမှတ်တမ်းများတွင် သက်သေရှိသကဲ့သို့၊ ထို့နောက်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် လွှတ်တော်ဝင်စီး၊ အကြမ်းဖက်ခဲ့သမျှကို ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အားလုံး ကြည့်ရှုခဲ့ရပြီးဖြစ်ပါသည်။

ဥပဒေသဘောတရားအားဖြင့်လည်း ဘာမျှနားလည်ရန် ခက်ခဲသည့်အရာ မဟုတ်ပါ။ ရာဇဝတ်မှုကြီးများနှင့် မပြုအပ်သင့်သည့် ကိစ္စရပ်များဆိုသည်ကို အခြေခံဥပဒေတွင် ပြစ်တင်ရှုတ်ချထိုက်သည့် ပြစ်မှုများဖြစ်ကြောင်း အနက်ဖွင့်ဆိုထားပြီး ထိုအမှုများသည် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအားလည်း တိုက်ခိုက်ကျူးလွန်သည့် ပြစ်မှုများပင်ဖြစ်ပါသည်။ ထရမ့်၏ ပုန်ကန်ရန် သွေးထိုးလုပ်ဆောင်မှုများသည် ပြစ်တင်ရှုတ်ချထိုက်သည့်အမှုဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုပါ။

ဆီးနိတ်အထက်လွှတ်တော်အမတ် (ရီပါပဘလစ်ကန်ပါတီမှ) မစ်(ချ်) မက်ကောနဲလ်က အထက်လွှတ်တော်အမတ်အများစု သဘောမတူလျှင် ဂျိုးဘိုင်ဒန်ကျမ်းသစ္စာခံသည့် ဇန်နဝါရီ ၂၀ မတိုင်မီတွင် ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချသည့် ကြားနာပွဲမစတင်နိုင်ကြောင်း ပြောဆိုထားပါသည်။

အမှန်မှာ အထက်လွှတ်တော်တွင် ဒီမိုကရက် လွှတ်တော်အမတ်အနည်းစုကို ဦးဆောင်သူ ချက်ရှုးမားက အရေးပေါ်အခြေအနေများတွင် အထက်လွှတ်တော်ကို ချက်ချင်းဆင့်ခေါ်ကျင်းပခွင့်ရှိကြောင်းဆိုထားပြီး ထိုကဲ့သို့လုပ်ခွင့်ရှိသည့် စည်းမျဉ်းများ ရှိပြီးဖြစ်ပါသည်။ ကိုယ့်နိုင်ငံအား ပုန်ကန်စေရန် လှုံ့ဆော်ရန်အားထုတ်ခဲ့သော သမ္မတတစ်ဦးကို ရာထူးမှဖယ်ရှားဖို့အရေးသည် အရေးပေါ်အခြေအနေထဲ သေချာပေါက်အကျုံးဝင်ပါသည်။

ယခုအခြေအနေတွင် ထရမ့်သည် အမေရိကန်ဒီမိုကရေစီအား ခြိမ်းခြောက်နိုင်ရန် အင်အားချည့်နဲ့သည့် အနေအထား ဖြစ်နေနိုင်ပါသည်၊ သို့ရာတွင် သူသည် ၂၀၂၄ တွင် သမ္မတရာထူးအတွက် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်ကြောင်း အရိပ်အမြွတ် ဆိုထားပါသည်။ လွန်ခဲ့သည့် ဆောင်းဦးကာလတွင် ဒေါ်နယ်ထရမ့်သည် မဲဆွယ်လှုပ်ရှားမှုများအတွက် ရန်ပုံငွေရှာရာတွင် ဒေါ်လာ ၄၉၅ သန်း ရရှိခဲ့ပါသည်။

၎င်းကို ပြည်သူအချို့က မည်သို့ပင်ဆက်ပြီးထောက်ခံနေစေကာမူ ဒေါ်နယ်ထရမ့် သမ္မတရာထူး နောက်တစ်ကြိမ်မယူနိုင်ရေးအတွက် ပိတ်ဆို့တားမြစ်ရန်မှာ သင့်တော်သည်သာမက လိုလည်းလိုအပ်ပါသည်။ ထိုသို့မဖြစ်လာစေရန် ကျွန်ုပ်တို့ကြိုးပမ်းရမည်ဖြစ်ပါသည်။ သူသည် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ကောင်သာဖြစ်ပြီး လက်ရှိရာထူးမှ ဖယ်ရှားရုံသာမက နောက်တစ်ကြိမ် နိုင်ငံ့တာဝန်ထမ်းဆောင်ရန် အရည်အချင်းချို့ယွင်းကြောင်း သတ်မှတ်ရမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၃ ရက်တွင် ဖော်ပြထားသော New York Times သတင်းစာ၏ အတွေးအမြင်ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button