အတွေးအမြင်

နိုင်ငံတစ်ခု၏ ကံကြမ္မာ၊ ပြည်သူများ၏ သန္နိဋ္ဌာန်

နွေဦးတော်လှန်ရေးသည် နိုင်ငံတော်သစ်တစ်ခု၏ ကြန်အင်လက္ခဏာသစ် ရရှိရန် အတူတကွ ရုန်းကန်ကြိုးပမ်း တည်ဆောက်နေခြင်း ဖြစ်သည်။

ကမ္ဘာကြီး၏ အတိတ်သမိုင်းတွင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန် အာဏာရှင်အစိုးရများက နိုင်ငံတစ်ခု၏ကံကြမ္မာကို စီရင်ဆုံးဖြတ်ခဲ့ကြပြီး၊ ပြည်သူများသည် ကျွန်စနစ် အပါအဝင် အဖိနှိပ်ခံ နင်းပြားလူတန်းစားအဖြစ် ရာစုနှစ်နှင့်ချီ ရှိခဲ့ဖူးသည်။

သို့သော် ၂၁ ရာစုခေတ် ကမ္ဘာကြီးတွင် နိုင်ငံတစ်ခု၏ ကံကြမ္မာနှင့် ပြည်သူများ၏ ကံကြမ္မာသည် ခွဲခြားမရနိုင်အောင် ပေါင်းစည်းခဲ့ပြီ ဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတိုင်း၏ နိုင်ငံရေးစနစ်နှင့် အာဏာအခြေခံအဆောက်အအုံ၏ တရားဝင်မှုသည် ထိုနိုင်ငံ၏ ပြည်သူဆန္ဒပေါ်တွင် မလွဲမသွေအခြေခံကြရပြီး၊ ပြည်သူများ၏ အဆုံးအဖြတ်ဖြင့်သာ နိုင်ငံတစ်ခု၏ ကံကြမ္မာကို ဖန်တီးနိုင်ပါလိမ့်မည်။

ထိုနည်းတူစွာပင် ပဒေသရာဇ်မင်းဆက်များနှင့် ကိုလိုနီခေတ်တို့ကို ရာစုနှစ်နှင့်ချီ ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံ၏ ၂၁ ရာစုကံကြမ္မာကို ဤနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုပေါင်းစုံ၏ ပြည်သူ့ဆန္ဒပေါ်တွင် အခြေခံရမည်ဖြစ်ပြီး၊ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ပြည်သူများက စုပေါင်းပိုင်ဆိုင်သော နိုင်ငံသာ ဖြစ်ရပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ကံကြမ္မာကို လူမျိုးရေးအပေါ် အခြေပြုပြီး လူအုပ်စုတစ်ဖွဲ့တည်းက ချုပ်ကိုင်စိုးမိုးခွင့် မရှိသလို၊ လူမျိုးစုလွတ်မြောက်ရေး ခေါင်းစဉ်ဖြင့် လူအုပ်စုအသီးသီးက ကိုယ်ပိုင်နယ်မြေ အသီးသီးထူထောင်ပြီး၊ ကိုယ့်စနစ် ကိုယ့်မူဖြင့် သွား၍မရနိုင်ပါ။

ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုသော၊ ပြည်သူများ၏ အဆုံးအဖြတ်နှင့် ဆန့်ကျင်သော၊ နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ကင်းမဲ့သော၊ နိုင်ငံတကာစနစ်က လက်ခံထားသော လွတ်လပ်သည့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုက်နက်နယ်မြေ သတ်မှတ်ချက် (Sovereignty and territory integrity of an independent state) ကို ပျက်ယွင်းစေသော မည်သည့်လူအုပ်စု၏ လက်နက်အင်အားသုံး၍ ကြိုးပမ်းပါစေ၊ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ငြင်းပယ်မှုကို မလွဲဧကန် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအခြေအနေကို ယနေ့ အာဏာသိမ်းစစ်ကောင်စီ ရင်ဆိုင်ကြုံတွေ့နေရသလို၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးရည်မှန်းချက်ကို ကြွေးကြော်လျက် လက်နက်ကိုင်တော်လှန်နေကြသည့် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအသီးသီး၏ ခေါင်းဆောင်များ ကောင်းစွာသိရှိထားပြီး ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် မည်သည့်အဖွဲ့အစည်းကမျှ နိုင်ငံတကာစနစ်က လက်ခံထားသော လက်ရှိ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုက်နက်နယ်မြေကို ပြောင်းလဲစေမည့်၊ နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော နိုင်ငံသစ်ထူထောင်မည့် ရည်မှန်းချက်အတွက် ကြိုးစားနေခြင်း မရှိကြောင်း တွေ့ရသည်။

စစ်အာဏာရှင်ပေးသော “ဒုက္ခ” မခံစားဖူးသော တိုင်းရင်းသားလူမျိုးစု မရှိ

နိုင်ငံတွင် ဆယ်စုနှစ်များစွာ လူတစ်စုက အာဏာချုပ်ကိုင် ကြီးစိုးခဲ့သော စစ်အာဏာရှင်စနစ်အောက်တွင်၊ ဖိနှိပ်ရက်စက်မှု ဒုက္ခမျိုးစုံ ခါးစည်းခံစားရခြင်းမှ လွတ်ကင်းသော မည်သည့်တိုင်းရင်းသားလူမျိုးစု ရှိသလဲဟု မေးလျှင် “လုံးဝမရှိ” ဟုသာ အဖြေထွက်ပါလိမ့်မည်။

သို့သော် စစ်အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်ရက်စက်မှုများက နေရာဒေသလိုက်၍ ကွဲပြားမှုနှင့် ပြင်းထန်မှု မတူညီသော အခြေအနေများ ရှိခဲ့သည်မှာ အမှန်ဖြစ်သည်။

ထိုကွဲပြားသော ဖိနှိပ်ရက်စက်မှုပုံသဏ္ဌာန်နှင့် အခြင်းအရာများကပင် မည်သူက ဖိနှိပ်ရက်စက်မှုဒဏ် ပို၍ခံရပြီး၊ မည်သူက အနည်းငယ်သာခံရကြောင်း၊ အကြီးအသေးငြင်းခုံပြီး အချင်းချင်း မညီမညွတ်ဖြစ်စေခဲ့သည် မဟုတ်ပါလား။

စင်စစ် စစ်အာဏာရှင်အဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုတိုင်းကို ဖိနှိပ်ရက်စက်မှု “အပြင်း အပျော့” ကပင်လျှင် “သွေးခွဲဗျူဟာ” ဖြစ်သွားခဲ့ပြီး၊ “ငါတို့က သူတို့ထက် ပို၍ ခံစားရသည်” ဟု ပြိုင်ဆိုင်လျက် အချင်းချင်း သွေးကွဲခဲ့ကြသည်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ခြင်း၏ အဓိကအကြောင်းတရား မဟုတ်ပါလား။

ထို့အတူ စစ်အာဏာရှင်များပေးသော အခွင့်အလမ်း မက်လုံးများကြောင့် သွေးကွဲခဲ့သည်များလည်း ရှိခဲ့သည်။ ပမာပြုရလျှင် စစ်အာဏာရှင်တို့၏ အခွင့်အလမ်း ငါးဖမ်းပိုက်ထဲ မိနေပါလျက်နှင့်၊ မိနေသည်ဟု မခံစားမိဘဲ မည်သူက ငါးစာ ပိုစားရ၍၊ မည်သူက နည်းနည်းပဲ စားရသဖြင့် အချင်းချင်း ငြင်းခုံလျက် ငါးဖမ်းပိုက်မှ လွတ်မြောက်ရန် ပြိုင်တူရုန်းကန်ခြင်းမပြု၊ သင်းကွဲနေခဲ့၍ အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ခြင်း မဟုတ်ပါလား။

ထိုအတိတ်သင်ခန်းစာများက လုံလောက်သည်ထက်ပင် ပိုလျှံနေပြီ ဖြစ်သည်။ စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် ဝိုင်းဝန်းတော်လှန်ရမည့်အစား၊ အချင်းချင်း ဒုက္ခအကြီးအသေး ပြိုင်ဆိုင်ငြင်းခုံလျက် ညီညွတ်ရေးမရနိုင်သော အဟန့်အတား တံတိုင်းများကို ဖြိုချပြီး၊ ခြေဖဝါးအောက် မြေမှုန့်များအဖြစ် ပြောင်းလဲနိုင်သော အချိန်ရောက်လာပြီ ဖြစ်သည်။

ထိုအချက်ကို နိုင်ငံတကာအသိုက်အဝန်းအား ရှင်းလင်းပြတ်သားစွာ သတင်းစကားပါးရပေလိမ့်မည်။ ယနေ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေခြင်းသည် နိုင်ငံကို အစိတ်စိတ်အပိုင်းပိုင်း (Fragmentation) ဖြစ်သွားအောင် လုပ်ဆောင်ခြင်းမဟုတ်၊ နိုင်ငံတော်သစ်တစ်ခု၏ ကြန်အင်လက္ခဏာသစ်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို၊ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ အတူတကွ ရုန်းကန်ကြိုးပမ်း တည်ဆောက်နေခြင်းသာ ဖြစ်သည်။

နိုင်ငံတော်သစ်၏ ကြန်အင်လက္ခဏာသစ်

စနစ်ဟောင်းကို ဖြိုဖျက်ပြီး စနစ်သစ်ဖြင့် အစားထိုးခြင်းသည် လွယ်ကူသောအရာမဟုတ်မှန်း လူတိုင်း မှန်းဆနိုင်ပါသည်။ ပြည်သူအားလုံး ဝိုင်းဝန်း ရုန်းကန်မှ ရပါလိမ့်မည်။

ယနေ့ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လက်နက်ကိုင်တော်လှန်ရေးသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရုံသက်သက်မဟုတ်၊ နိုင်ငံတော်သစ်၏ ကြန်အင်လက္ခဏာသစ်ကို တစ်ပြိုင်နက်ထဲ တည်ဆောက်ပုံဖော်နေခြင်း ဖြစ်သည်။

နိုင်ငံတော်သစ်၏ ကြန်အင်လက္ခဏာသစ် ဆိုရာတွင် နိုင်ငံတစ်ခု၏ကံကြမ္မာကို စုပေါင်းပိုင်ဆိုင်သော အခြေခံမူအပေါ်တွင် အတူတကွရပ်တည်ပြီး၊ လူမျိုးစုအသီးသီးအကြား တန်းတူခြင်း၊ ညီမျှခြင်းနှင့် အပြန်အလှန် လေးစားတန်ဖိုးထားခြင်း စသည့် မျှဝေလက်ခံထားသော တန်ဖိုးများအပေါ် အခြေခံ၍၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသော “ဖက်ဒရယ်စနစ်” နှင့် “ဒီမိုကရေစီ” နည်းကျ ပြည်သူ ရွေးချယ် တင်မြှောက်သော ဒေသန္တရအစိုးရများနှင့် နိုင်ငံတကာစနစ်အတွင်း နိုင်ငံကိုယ်စားပြု ဗဟိုအစိုးရတစ်ရပ်ကို အတူတကွပေါင်းစည်း ဖွဲ့စည်းတည်ဆောက်သော “ပြည်ထောင်စု” ဖြစ်ရပေလိမ့်မည်။

ထိုအချက်ကို ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစု “ပြည်သူ” တစ်ဦးချင်းစီက ရှင်းလင်းပြတ်သားစွာ မျှဝေလက်ခံထားကြမည်မှာ သံသယဖြစ်စရာ လိုမည်မထင်ပါ။

ထိုအချက်ကို သက်သေပြရလျှင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ နေ့စဉ်နေ့တိုင်း ပြည်တွင်းနှင့် နိုင်ငံတကာရောက် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ မြန်မာနိုင်ငံသား တစ်ဦးချင်းစီ၏ တော်လှန်ရေးအင်အားစုအသီးသီးကို ကိုယ့်လူမျိုး၊ သူ့လူမျိုး ခွဲခြားမှုမရှိ ငွေကြေးအရင်းအမြစ်၊ ဥစ္စာဓနများစွာ စွန့်လွှတ်လှူဒါန်းထည့်ဝင်ခြင်း အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ထောက်ခံပံ့ပိုးနေကြခြင်းက နိုင်ငံတော်သစ်ကို အတူတကွတည်ဆောက်နေခြင်း ဖြစ်သည်။

ဤတော်လှန်ရေးသည် ပြည်သူတစ်ရပ်လုံး စုပေါင်းအားဖြင့် (Whole-society Approach) ရုန်းကန်နေသော “ပြည်သူ့တော်လှန်ရေး” စစ်စစ်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် ရှားပါးသော လူထုရုန်းကန်မှုကြီး ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ် မုချ ကျရှုံး၍ မြန်မာနိုင်ငံတော်သစ်ကို ကြန်အင်လက္ခဏာသစ်ဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။

Show More

Related Articles

Back to top button