သတင်း

ထောင်နှင့်ချီသည့် လားရှိုးစစ်ရှောင်များ မြို့ကို စွန့်ခွာ

မြို့အနီးတိုက်ပွဲများကြောင့် လက်နက်ကြီးများကျကာ သေဆုံးသူ ၁၃ ဦးထက်မနည်းရှိလာပြီးနောက် ယနေ့ နံနက်တွင်လည်း မြို့တွင်းသို့ မဟာမိတ်တပ်များထိုးစစ်ဆင်လာ၍ မြို့ခံအများအပြား တိမ်းရှောင်နေကြပြီ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ထောင်ချီသည့် မြို့ခံများသည် ယနေ့ (ဇူလိုင် ၅) နံနက်မှစတင်၍ မြို့ကို စွန့်ခွာနေကြရာ သီပေါဘက်အထွက်တွင် လမ်းခရီးကြန့်ကြာပြီး ပိတ်မိနေကြောင်း သိရသည်။

မော်တော်ကားများတွင် အလံဖြူများထောင်ပြီး မြို့မှ ထွက်ခွာနေကြခြင်းဖြစ်ကာ မွန်းလွဲ ၁ နာရီကျော်အထိ ထွက်ခွာနေကြဆဲဖြစ်ကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“မြို့ပေါ်မှာတော့ လေယာဉ်တွေလည်း ပျံနေတယ် လက်နက်ကြီးတွေလည်း တောက်လျှောက်ထုနေတယ်။ ရှောင်တဲ့သူတွေလည်း ရှောင်နေတာပေါ့။ ဒီနေ့ တစ်နေကုန်ပဲ အလံဖြူထောင်ပြီး ထွက်ခွာနေကြပြီ”

ယနေ့ နံနက်အစောတွင် မန်အိုင် အမှတ် (၅) ရပ်ကွက်နှင့် မန်နား အမှတ် (၁၂) ရပ်ကွက်အနီးရှိ စစ်ကောင်စီ တပ်စခန်းများကို မြောက်ပိုင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေ၍ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုလည်း ရှိနေသည်ဟု သိရသည်။

မြို့ပေါ် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်သည် စွန့်ခွာတိမ်းရှောင်နေပြီး မြို့ပေါ် ကျန်ရစ်နေသူများလည်း စစ်ရေးအခြေအနေများကို စောင့်ကြည့်နေကာ တိမ်းရှောင်ရန် ပြင်ဆင်ထားကြောင်း ထိုအမျိုးသမီးက ပြောသည်။

လားရှိုးမြို့ကို စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။

တစ်ခုတည်းသာကျန်ရှိသည့် ထိုလမ်းကြောင်းပေါ်ရှိ စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး စစ်ရှောင်ကား အစီးရေ ၅၀၀ ကျော်ခန့် စောင့်ဆိုင်းနေရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖောင်ဆိပ်ကူးဖို့ တစ်နာရီကို ကား ၈ စီးပဲ ကူးနိုင်တယ်လေ။ ကားတန်းရှည်ကြီးက ၇ မိုင်ကျော်လောက် တန်းစီနေရတယ်။ တချို့တော့ မစောင့်နိုင်တော့လို့ ပြန်လှည့်တာတွေရှိတယ်။ မတတ်နိုင်ဘူးလေ ဒီလမ်းပဲ ရှိတော့တယ် ဆိုတော့” ဟု ထိုသူက ဆိုသည်။

စဉ့်အင်ဖောင်ဆိပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့မှ ကားတစ်စီးလျှင် ကျပ်နှစ်သောင်း ကောက်ခံနေပြီး ဖောင်ဆိပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း စစ်ရှောင်ကားများကို ငွေကြေးကောက်ခံနေကြောင်း ထိုအမျိုးသားက ဆက်သည်။

ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး MNDAA နှင့် TNLA တို့ကို ဆက်သွယ်မရသေးပေ။

လားရှိုးမြို့၏ အနောက်တောင်ဘက် ၄၅ မိုင်ခန့်အကွာတွင် ရှိသည့် သီပေါမြို့နှင့် ဆက်သွယ်ထားသော စဉ့်အင်တံတားသည် ပြီးခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံထားရသဖြင့် ဖောင်ဆိပ်တွင်သာ ကမ်းကူး၍ အသုံးပြုနေရသည်။

သီပေါနှင့်လားရှိုးအကြား ဆက်သွယ်ထားသည့် စဉ့်အင်းတံတား ကျိုးသွားပြီးနောက် ၂၀၂၃ ဒီဇင်ဘာ ၂ က တွေ့ရစဉ်။ (ဓာတ်ပုံ- Supplied)

ရာနှင့်ချီသည့် ကားတန်းကြီးမှာ သီပေါမြို့ဘက်သို့ ဦးတည်ထွက်ခွာနေကြပြီဖြစ်ပြီး မြို့ပေါ်တွင်လည်း အသွားအလာ တိတ်ဆိတ်သွားသည်ဟု လားရှိုးမြို့ခံ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ရှောင်တာကတော့ အများကြီးပဲ၊ ကားအစီးရေ တော်တော်များတယ် အဆက်မပြတ်ပဲ အလံဖြူထောင်ပြီးတော့မှ ထွက်ကြတာ၊ တော်တော်လေးကို ထွက်ကြတယ်၊ ကားတွေစီပြီးမှ ထွက်ကြတာပေါ့” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

တိုက်ပွဲအခြေအနေအပေါ် မူတည်၍ လာမည့်ရက်များတွင် ၎င်းတို့၏ မိသားစုဝင်တချို့လည်း တိမ်းရှောင်ကြမည်ဖြစ်သည်ဟု လားရှိုးဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လားရှိုးမြို့မှ အများစုသည် ကားဖြင့် ထွက်ခွာသလို ဆိုင်ကယ်နှင့် အထုပ်အပိုးများတင်ဆောင်ကာ ထွက်ခွာသူများလည်းရှိနေသည်ဟု သိရသည်။

စစ်ရှောင်ရန် ကျန်ရှိသည့် လားရှိုး-မိုင်းရယ်-နမ့်လန်မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ လမ်းကြောင်းသည် သွားလာရမြန်ဆန်နိုင်သော်လည်း လားရှိုး-မိုင်းရယ်အကြားရှိ နမ့်ပေါင်တိုက်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသောကြောင့် ထိုလမ်းကို အသုံးပြုလို့ မရသေးပေ။

ယနေ့ နေ့လယ်အထိ လားရှိုးမြို့ အမှတ် (၅၊ ၁၂) ရပ်ကွက်အနီးနှင့် နမ့်ပေါင်တိုက်နယ်၊ မန်စံရေကျကျေးရွာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူမှုများ ဆက်လုပ်နေသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ နှင့် ၄ ရက်နေ့ နှစ်ရက်တာအတွင်း မြို့ပေါ် အမှတ် (၁၊ ၅၊ ၉၊ ၁၁) ရပ်ကွက်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားဒေသခံ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

လတ်တလောတွင် စက်သုံး ဓာတ်ဆီများ အကန့်အသတ်ဖြင့် ရောင်းချမှုများနှင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုများ ဖြစ်ပေါ်လာနေကြောင်း မြို့ခံများထံမှ သိရသည်။

လားရှိုးမြို့အနီးရှိ တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ တိုက်ပွဲများတွင် ၎င်းနှစ်ဖွဲ့ ဦးဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

Show More

Related Articles

Back to top button