မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုက စဉ့်ကူးမြို့နယ်အတွင်း ရဲစခန်းတစ်ခုနှင့် စစ်စခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ယနေ့ (ဇူလိုင် ၃) တွင် သိရသည်။
နွယ်ရုံကျေးရွာရဲစခန်း၊ ဒိုးနွယ်ရွာ၊ နမ့်ဟပ်ရွာ၊ ရွာတော်လေးရွာတို့မှ တပ်စခန်းများ၊ မာလဲဆည်အနီးရှိ တပ်စခန်းနှင့် ရွှေမာလဲစေတီတပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY- PDF) က ယနေ့ ညနေတွင် သတင်းထုတ်ပြန်သည်။
MDY-PDF နှင့် စဉ့်ကူးအခြေစိုက် PDF များက မန္တလေး-သပိတ်ကျင်းကားလမ်းဘေး ကျေးရွာများဖြစ်သည့် နွယ်ရုံ၊ ပင်လယ်ကြီး၊ လက်ပန်လှတို့တွင်ရှိသော စစ်စခန်းများကို ဇွန် ၂၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့ကြောင်း ဒေသခံများနှင့် PDF များက ဆိုသည်။
“လမ်းမတစ်လျှောက်က အဲ့ဒီရွာတွေက စစ်စခန်းတွေချည်းပဲဆိုတော့ အဲ့ဒါကို ဝိုင်းတိုက်နေကြတာပါ။ နွယ်ရုံ (ရဲ) စခန်းကိုတော့ သူတို့ သိမ်းထားပြီလို့ သိရတယ်။ လက်ပန်လှမှာလည်း တိုက်ပွဲက ပြင်းထန်ပြီးတော့ ဗုံးတွေနဲ့ ကြဲတာ၊ အတော်အပျက်အစီးများတယ်။ PDF က လက်ပန်လှအထိ ရောက်နေပြီလေ” ဟု စဉ့်ကူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း ဇွန် ၂၅ ရက်မှ စတင်ကာ တအာင်းတပ် (TNLA) က ရှမ်းမြောက်နှင့် မန္တလေးနယ်စပ်တွင် “၁၀ ၂၇” စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တစ်ကျော့ပြန် ထိုးစစ်ဆင်နေရာ MDY-PDF ကလည်း ပူးပေါင်းတိုက်ခိုက်နေသလို မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများ တစ်ပြိုင်နက်ဆင်နွှဲနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းကြား မြို့နယ်များကို စစ်ထိုးမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက “ရှမ်းမန်း” စစ်ဆင်ရေးစတင်နေကြောင်း ဇွန် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ မိုးကုတ်ဗျူဟာ တပ်ရင်း (၁၂၂၁)၊ ( ၁၂၂၂) ၊ (၁၂၂၃) ၊( ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ မိုးကုတ်မြို့နယ်ပကဖ၊ မတ္တရာမြို့နယ်ပကဖတို့ ပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စဉ့်ကူးမြို့နယ်အတွင်းတွင်သာမက မြောက်ဘက်ကပ်လျက်ရှိ သပိတ်ကျင်းမြို့နယ်တွင်းမှ ချောင်းကြီးကျေးရွာတွင်လည်း ယနေ့ ပြင်းထန်နေကြောင်း တိုက်ပွဲများတွင် ပါဝင်နေသည့် စဉ့်ကူးဒေသခံလည်းဖြစ်သော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နွယ်ရုံကတော့ ရလိုက်ပါပြီ၊ အခုကတော့ စကစက လေကြောင်းကနေ ပစ်နေတာတွေ၊ စစ်ကူကို လေကြောင်းကနေ ပို့နေတာတွေ လုပ်နေတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ အနားဝန်းကျင်မှာလည်း ဖြတ်တောက်ရေးလုပ်တာတွေရောဆိုတော့ ဒီနားဝန်းကျင်ကတော့ တိုက်ပွဲက အခြေအနေပြင်းထန်နေတယ်လို့ ပြောလို့ရတယ်” ဟု ယနေ့ မွန်းလွဲပိုင်းက ဆိုသည်။
မွန်းလွဲအချိန်ထိ စစ်ကောင်စီက စစ်ကူပေးပို့ခြင်း၊ ပင်လယ်ကြီးနှင့် လက်ပန်လှကျေးရွာတို့ကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အတွက် လေတပ်ကို အသုံးပြုနေသည်။
တိုက်ပွဲပြင်းထန်နေသည့် နေရာမှ ဒေသခံတို့သည် လမ်းများပိတ်နေသည့်အတွက် ကားလမ်းတစ်လျှောက် သွားလာ၍မရဘဲ၊ စဉ့်ကူးမြို့ဘက်မှတစ်ဆင့်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ ကျောက်မြောင်းမှ ရွှေဘိုလမ်းအတိုင်း မန္တလေးဘက်သို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
MDY-PDF သည် တအာင်း/ပလောင်တပ် TNLA နှင့်အတူ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် တိုက်ပွဲများတွင်လည်း ပူးပေါင်းပါဝင်လျက်ရှိသည်။
ထို့ပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်မြို့ မန္တလေး၏ မြောက်ဘက်တွင် ရှိသည့် မတ္တရာမြို့နယ်အတွင်း ဇွန် ၂၅ ရက်မှ စတင်၍ ယနေ့အထိ စစ်စခန်း ၈ ခုကို MDY-PDF က တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ပြင် အခြားတပ်စခန်းများကိုလည်း ထပ်မံတိုက်ခိုက်နေလျက်ရှိနေသည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံက ပြောထားပြီး ယမန်နေ့ ညနေတွင် ကပ်လျက် စဉ့်ကူးနယ်ထဲမှ ရဲစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့အတွင်းမှ မန္တလေး-သပိတ်ကျင်း-မြစ်ကြီးနား ကားလမ်းတစ်လျှောက်ရှိ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ချောင်းကြီးတို့သည် ရွှေထွက်ရှိရာဒေသဖြစ်ပြီး၊ ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရာ ကျေးရွာများတွင် နိုင်ငံအနှံ့မှ လာရောက်အလုပ်လုပ်ကိုင်သူ အများအပြားရှိသည်။