သတင်း

ကျောက်မဲမြို့ လူနေရပ်ကွက် လက်နက်ကြီးကျည်ကျ၊ ဒေသခံ ၃ ဦးသေဆုံး

ရှမ်းနှင့်မန္တလေး နယ်စပ်တွင် “၁၀၂၇” စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တိုက်ပွဲများပြင်းထန်နေရာ ကျောက်မဲမြို့စွန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ၃ ဦး သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယမန်နေ့ (ဇူလိုင် ၂) မွန်းလွဲက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တအာင်းတပ် (TNLA) ထံမှ သိရသည်။ 

မြို့မြောက်ဘက်တွင်ရှိသည့် ခြေမြန်တပ်ရင်း (၅၀၁)၊ (၅၀၂) တပ်နှစ်ခုနှင့် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမှတ် (၈) ရပ်ကွက်တွင် လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ အသက် ၃၀ ဝန်းကျင်အရွယ် သားနှစ်ဦး ထိခိုက်သွားကြသည်ဟု ကျောက်မဲမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“သားနှစ်ယောက်က အဝေးကနေ ပြန်လာတာ၊ တံခါးရှေ့ ရောက်တဲ့အချိန် မိခင်ဖြစ်သူက တံခါးသွားဖွင့်ချိန်မှာ သုံးယောက်လုံးက ဗိုင်းခနဲ လဲကျသွားတာပဲ သိလိုက်တယ်။ ပစ်တာတော့ ဘယ်ကနေပစ်တာလဲ၊ ဒရုန်းလား လက်နက်ကြီးကြောင့်လား မသိရဘူး” ဟု သူက ပြောသည်။

သို့သော် သေဆုံးသူ သုံးဦး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အဆိုပါ မြို့ခံ အမျိုးသားက ဆက်ပြောသည်။

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့သည်ဟု TNLA က ယနေ့ မွန်းလွဲတွင် ထုတ်ပြန်ထားသည်။

ရုပ်အလောင်းများကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့သည့် နမ့်ခုမ်းလူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူ သုံးဦးတွင်ဒဏ်ရာများ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“မိုင်းဆန်လိုမျိုးပေါ့၊ လက်နက်ကြီးဒဏ်ရာလိုမျိုးပေါ့၊ ဗိုက်တစ်ကြောနဲ့ ခေါင်းနည်းနည်းစီ ထိကြတယ်၊ သင်္ဂြိုဟ်လိုက်ပြီ၊ အခုက မစောင့်တော့ဘူး၊ နည်းနည်း အခြေအနေပေးတာနဲ့ တစ်ခါတည်း သင်္ဂြိုဟ်လိုက်ပြီ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မြို့စွန်ဘက်တွင်ရှိသော အဆိုပါ အမှတ် (၈) ရပ်ကွက်ကို မကြာခဏ လက်နက်ကြီး ကျရောက်လေ့ရှိကြောင်း မြို့ခံတချို့ထံမှ သိရသည်။

ကျောက်မဲနှင့် သီပေါမြို့မှ အလောင်းတချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ – TNLA)

တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့တွင် ယနေ့နံနက်ကလည်း စစ်ကောင်စီတပ်များရှိရာဘက်မှ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရကြောင်း ဆိုကြသည်။

မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းများတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးသံများအပြင် လက်နက်ငယ်သံများပါ ကြားနေရသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမရှိသေးကြောင်း သိရသည်။

ဇွန် ၂၅ ရက်က စတင်ပြီး ကျောက်မဲမြို့တွင် တိုက်ပွဲများပြင်းထန်လာရာ မြို့ပေါ်မှ ဒေသခံတချို့ တိုက်ပွဲအကြား သေဆုံးမှုများရှိလာစဉ် မြို့ခံလူဦးရေ၏ ထက်ဝက်ခန့်မှာ မြို့မှ တိမ်းရှောင်သွားကြသည်။

ဇွန် ၃၀ ရက် ညသန်းခေါင်တွင် စစ်ကောင်စီလေတပ်က ကျောက်မဲမြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ One Love ဟိုတယ် ထိမှန်ပျက်စီးခဲ့သလို အနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့လည်း ပျက်စီးခဲ့သည်။

အလားတူ သီပေါမြို့၊ စံဖိတ်ကွက်သစ်တွင် ယမန်နေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်က ဆိုသည်။

ညနေ ၆ နာရီခွဲခန့်တွင် စံဖိတ်ကွက်သစ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ကျရောက်စဉ် အနီးအနားတွင် ရှိနေသည့် ဒေသခံတို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဒဏ်ရာရတာက ငါးယောက်‌မှာ မစိုးရိမ်ရက သုံးယောက်ပေါ့၊ နည်းနည်းပြင်းထန်တာကတော့ နှစ်ယောက်ပါ” ဟု ဖြစ်စဉ်ကို သိသည့် သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဇွန် ၂၅ မှစတင်သည့် တစ်ကျော့ပြန် “၁၀၂၇ ရှမ်းမြောက်ထိုးစစ်” အတွင်း ရှမ်းမြောက်ရှိ နောင်ချိုမြို့၊ ကျောက်မဲနှင့် မိုးမိတ်မြို့တို့တွင် တိုက်ပွဲများ ပြင်းထန်နေသလို မန္တလေးတိုင်းရှိ မိုးကုတ်၊ မတ္တရာ စသည့်မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

တိုက်ပွဲများအကြား ၆ ရက်တာအတွင်း သေဆုံးသူ ကျောက်မဲဒေသခံ ၂၅ ဦးနှင့် ဒဏ်ရာရသူ ၃၇ ဦးရှိပြီး အရပ်သားနေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု TNLA က ယနေ့ ထုတ်ပြန်သည်။

သို့သော် ကျောက်မဲမြို့အခြေစိုက် နမ့်ခုမ်းပရဟိတအသင်းက ကျောက်မဲမြို့တွင် ၎င်းတို့ ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရသည့် အလောင်းအရေအတွက်မှာ ၅၅ ခုအထိ ရှိနေပြီး ထိုအထဲတွင် အရပ်သားများအပြင် လက်နက်ကိုင်အဖွဲ့တချို့လည်း ပါဝင်နိုင်သည်ဟု ဆိုသည်။

ကျောက်မဲမြို့ပေါ် တောင်ဘက်ရှိ အမြောက်တပ် ၃၅၂ တပ်စခန်းနှင့် မြို့ပေါ် တပ်စွဲထားသည့် စခန်းများကို TNLA က ဇွန် ၂၆ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် မြို့မြောက်ဘက် ၂ မိုင်အကွာမှ ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်နှစ်ခုနှင့် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) နှင့် အင်ဂျင်နီယာတပ် ကျန်ရှိနေသည်။

လေတပ်မှ ဗုံးကြဲပြီးနောက် ဇူလိုင် ၁ ရက်တွင် တွေ့ရသော ကျောက်မဲမြို့တွင်းမြင်ကွင်း။ (ဓာတ်ပုံ -Thaungpaw Tharlay)

Show More

Related Articles

Back to top button