သတင်း

မူဆယ်မြို့တွင် စစ်တပ် ခံစစ်ပြင်၊ မြို့ခံတချို့ စစ်ရှောင်

ရှမ်းမြောက်ဒေသ တိုက်ပွဲများ ဖြစ်လာချိန်တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်တွင် စစ်ကောင်စီက ခံစစ်ပြင်နေပြီး ဒေသခံတချို့က နေရပ်စွန့်ခွာသွားကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာရာ တရုတ်နယ်စပ်ရှိ မူဆယ်မြို့တွင် စစ်ကောင်စီတပ်က ခံစစ်ပြင်ထားပြီး မြို့ခံတချို့ စစ်ရှောင်နေကြသည်။

စစ်တပ်က မူဆယ်မြို့အဝင် အေးရှားဝေါတိုးဂိတ်၊ ရဲစခန်းနှင့် ခရိုင်အားကစားကွင်းတို့တွင် လက်နက်နှင့် လူအင်အားများ ပိုချထားသည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“လက်နက်ကြီးတွေရော အကုန်လုံးတော့ အင်အားအများကြီး တိုးထားကြတယ်။ ရဲစခန်းထဲဆိုလည်း ဝန်ထမ်းတွေ အကုန်အပြင်မထွက်ကြတော့ဘူး” ဟု သူက ပြောသည်။

တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်၍ မူဆယ်ဒေသခံတို့က စားနပ်ရိက္ခာနှင့် အသက်လုံခြုံရေးအတွက် ပြင်ဆင်နေကြသည်၊ ငွေကြေးတတ်နိုင်သူများနှင့် အဆက်သွယ်ရှိသူများက တရုတ်နိုင်ငံဘက်အခြမ်းသို့ တိမ်းရှောင်သွားကြသည်ဟုလည်း သူက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်တို့တွင် ဇွန် ၂၅ ရက်နေ့မှ စတင်ကာ တအာင်းလက်နက်ကိုင်တပ် (TNLA) နှင့် မဟာမိတ်များက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာသည်။

လတ်တလော ထိုးစစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ အဆက်ဟု TNLA က ဆိုသည်။

ကနဦး စစ်ဆင်ရေး ရက်ပေါင်း ၇၀ ကျော်အတွင်း TNLA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် အင်အားစုက ရှင်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းအများအပြားနှင့် မြို့တချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခု စစ်ကောင်စီ ခံစစ်ပြင်နေသည့်၊ တရုတ်နယ်စပ်မျဉ်းနှင့် ကပ်လျက်တည်ရှိပြီး နယ်စပ် ကုန်သွယ်ရေးနှင့် စီးပွားရေးအချက်အချာကျသည့် မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်ရေးတွင် အသိမ်းမခံရဘဲ နယ်စပ်တွင် တစ်မြို့တည်းကွက်၍ ကျန်နေသောမြို့ဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံ၏ဖိအားကြောင့် အပစ်ရပ်ခဲ့ပြီးနောက် မူဆယ်ဒေသခံများ နေရပ်ပြန်လာခဲ့ကြပြီး ယခုအခါ တိုက်ပွဲဖြစ်မည့်အလားအလာရှိသောကြောင့် ထပ်မံစစ်ရှောင်ရန် ပြင်ဆင်နေကြကြောင်း အထက်ပါ မူဆယ်ဒေသခံက ပြောသည်။

“စိုးရိမ်ချက်တွေကတော့ ရှိတယ်။ ပြင်ဆင်နေတာလည်း ရှိတယ်။ စားနပ်ရိက္ခာနဲ့ လုံခြုံဖို့အတွက်တော့ အားလုံးက စီစဉ်နေကြတာပေါ့နော်။ … စိုးရိမ်ပြီးတော့ ဆန်တွေဝယ်စုတယ်” ဟု သူက ပြောသည်။

မူဆယ်မြို့အခြေအနေနှင့်ပတ်သက်၍ ထုတ်ဖော်ပြောရန် မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ပြောသည်။

နိုင်ငံအနှံ့ ၃ နှစ်ကြာ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီကမူ ရှမ်းမြောက်ဒေသထိုးစစ်ဆင်ခံရမှု၊ ခံစစ်ပြင်ဆင်မှုတို့နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဇန်နဝါရီလဆန်းတွင် ရရှိခဲ့သည့် အပစ်ရပ်သဘောတူညီမှု ရှိထားလင့်ကစား ရှမ်းမြောက်တွင် တိုက်ပွဲများ ပေါ်ပေါက်လာသဖြင့် မူဆယ်သည်လည်း တိုက်ပွဲနယ်မြေ ဖြစ်လာနိုင်သည်ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“မူဆယ်မြို့ကို ဝင်နိုင်တယ်ဆိုတာ မြို့ခံတွေသိပါတယ်။ အခုက လမ်းတွေပိတ်တော့ ပြည်သူတွေ ရှောင်ဖို့မလွယ်ဘူး။ ပိုက်ဆံရှိတဲ့လူလောက်ပဲ ရှောင်နိုင်မှာ” ဟု သူက ဆိုသည်။

“ရှောင်စရာက နမ့်ခမ်းမြို့ပဲ ရှိတယ်။ စစ်ဖြစ်ရင် တရုတ်က ပိတ်ပစ်မှာ။ အဝင်ခံမှာ မဟုတ်ဘူး”

နမ့်ခမ်းသည် ၁၀၂၇ စစ်ဆင်ရေးတွင် TNLA သိမ်းပိုက်အုပ်ချုပ်နေသော နယ်စပ်မြို့ ဖြစ်သည်။

စီးပွားရေးအချက်အချာကျသည့် မြို့များဖြစ်သော မူဆယ်၊ လားရှိုးတို့ကို မတိုက်ခိုက်ရန် တရုတ်က ဖိအားပေးသည်ဟု သတင်းထွက်နေကြောင်း၊ မူဆယ်မြို့ခံများက ပုံမှန်သွားလာနေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီတပ်များအပြင် ၎င်း၏ ဩဇာခံ ပြည်သူ့စစ်အဖွဲ့များစွာရှိနေကာ ဒုစရိုက်မှုများ များပြားနေသည်ဟု သိရသည်။

မူဆယ်မြို့သည် မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၈၀ မိုင်အကွာတွင် ရှိပြီး မန္တလေး-လားရှိုး-မူဆယ် လမ်းအတိုင်း ကားဖြင့် ခရီးနှင်ပါက ၉ နာရီကျော် ကြာနိုင်သည်။ ထိုလမ်းအတိုင်း ပြင်ဦးလွင်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာ စသည့်မြို့များကို ဖြတ်သန်းပြီးနောက် မူဆယ်မြို့သို့ ရောက်မည်ဖြစ်သည်။

မြို့အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တောင်ဘက်နှင့် အနောက်ဘက်၌ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

မူဆယ်မြို့နယ်အတွင်း ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ‌၁၆ စုတွင် အိမ်ထောင်စု ၂၂,၂၁၄ ရှိကာ စုစုပေါင်းလူဦးရေ ၁၁၇,၅၀၇ ဦးအနက် မြို့ပြနေထိုင်သူ ၆၃ ရာခိုင်နှုန်းရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button