သတင်း

မတ္တရာ လေကြောင်းရန်တပ်ကို တော်လှန်ရေးအင်အားစု တိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲများ ပေါ်ပေါက်လာရာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်စခန်းတစ်ခုကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဝင်တိုက်နေကြသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (ဇွန် ၂၅) နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့က ပြောသည်။

ဆည်တော်ကြီးရေလှောင်တမံအနီး အင်ကြင်းမြိုင်ကျေးရွာရှိ အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် အခြေစိုက်စခန်းကို စစ်ကောင်စီက လေကြောင်းပစ်ကူပေးသလို စစ်ကူပေးပို့ ခုခံနေသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“တိုက်ပွဲက မနက်ကတည်းက စတယ်။ အခုထိပြင်းထန်နေပါတယ်။ ကျွန်တော်တို့က မန္တလေးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို လိုက်ဖြတ်နေပါတယ်” ဟု သူက နေ့လယ်ပိုင်းတွင် ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)နှင့်  ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပူးပေါင်းတပ်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း စခန်းဌာနချုပ်ကို ရှေ့တိုက်ဒုံးများဖြင့် ပစ်ခတ်သလို၊ ကာကင်းစခန်းတစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ယနေ့တိုက်ခိုက်မှုတွင် လေယာဉ်ပစ်လက်နက်များ တပ်ဆင်ထားသည်ဟု ယူဆရသော လေကြောင်းရန် ကာကွယ်ရေးတပ်အခြေစိုက်စခန်း မည်သို့ ထိခိုက်သွားသည်ကို မသိရသေးပေ။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်တို့က အရပ်သားများကို ပစ်ခတ်မှု၊ နေအိမ်မီးရှို့မှုများ ကျူးလွန်လေ့ရှိရာ ထိုအမှုများအနက် ၂၀၂၃ နိုဝင်ဘာလက လက်ဖက်ရည်ဆိုင်တွင် စားသောက်နေသူ ၁၁ ဦးကို ပစ်ခတ်သတ်ဖြတ်မှုမှာ ထင်ရှားသည်။ ယနေ့တိုက်ခိုက်ခံရသည့် လေကြောင်းရန်တပ်သည် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်များ တပ်စွဲသည့် စခန်းလည်း ဖြစ်သည်။

ယနေ့ တိုက်ခိုက်ခံရမှုကြောင့် မတ္တရာမြို့တွင်းမှ စစ်ကောင်စီတပ်များ၊ ကျေးရွာများတွင် အထိုင်ချထားသည့် တပ်စခန်းမှ စစ်အင်အားများက မော်တော်ယာဉ်များဖြင့်ရော၊ ခြေလျင်ဖြင့်ပါ စစ်ကြောင်းများဖြင့် စစ်ပြင်နေပြီး မတ္တရာမြို့ကိုလည်း ပိတ်ဆို့နေရာယူထားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင်ပင် မတ္တရာမြို့နယ် အရှေ့ပိုင်းနေရာများတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အထင်ကရတောင်ပြုန်းပွဲ ကျင်းပလေ့ရှိသည့် မတ္တရာမြို့နယ်သည် ရှမ်းပြည်နယ်အတွင်း TNLA လှုပ်ရှားနယ်မြေဖြစ်သော နောင်ချိုမြို့နှင့် နယ်မြေချင်းထိစပ်နေသည်။

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများသည် တအာင်းတပ်မတော် PSLF/TNLA က ရှမ်းမြောက်ဒေသ ကျောက်မဲမြို့အနီးနှင့် နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်များရှိ စစ်စခန်းများကိုလည်း ယနေ့နံနက်ပိုင်း စတင် တိုက်ခိုက်ချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုစစ်ဆင်ရေးကို မန္တလေးတိုင်းအတွင်း လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်ဟု NUG မိုးကုတ်စစ်ဗျူဟာမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မဟာဗျူဟာမြောက် စစ်ဆင်ရေးပုံစံမျိုးနဲ့ စတင်နေကြတယ်၊ အကုန်လုံးပေါ့နော်။ နေရာကတော့ ရှမ်းမြောက်နဲ့ နောင်ချို၊ ပြင်ဦးလွင်၊ (မိုးကုတ် နဲ့) မတ္တရာဘက်တို့ အကုန်ပါပါတယ်။ ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့နေရာ အကုန်ပါတယ်” ဟု သူက ပြောသည်။

ယနေ့ ထိုးစစ်နှင့်ပတ်သက်၍ PSLF/TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် “၁၀၂၇ စစ်ဆင်ရေး (အဆက်)” ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ဌာနချုပ်များကို အာရက္ခတပ်တော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။

ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီစခန်းပေါင်း ၃၀၀ ကျော်နှင့် မြို့ပေါင်း ၁၆ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည့်အပြင် စစ်သည်၊ အရာရှိ ရာထောင်ချီ လက်နက်ချခဲ့ကြသည်။

Show More

Related Articles

Back to top button