မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အခြေစိုက်စခန်းနှင့် ကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ဇူလိုင် ၁၅၊ နံနက် ၃ နာရီခန့်တွင် အင်ကြင်းမြိုင်ကျေးရွာဝန်းကျင် ဆည်တော်ကြီးရေလှောင်တမံအနီးရှိ အဆိုပါ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ပြီးနောက် ကင်းစခန်းကို တိုက်ခိုက်ခဲ့သည်ဟု မန္တလေးတိုင်းအခြေစိုက် PDF (MDY-PDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“၁၀၇ တွေနဲ့ ပစ်ခတ်မှုမှာ ပစ်ခတ်မှုတွေ အကုန်လုံးက တပ်ထဲကို ကျရောက်ပေါက်ကွဲတယ်၊ ရှေ့ကာကွင်းစခန်းကိုလည်း အောင်အောင်မြင်မြင် စီးနင်းနိုင်ခဲ့တယ်” ဟု ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။
မန္တလေးနှင့် ကပ်လျက်တည်ရှိသော မတ္တရာမြို့နယ်အတွင်း အဆိုပါတိုက်ခိုက်မှုသည် “ကနောင်စစ်ဆင်ရေး” ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမြို့နှင့် သပိတ်ကျင်းမြို့မှ လာသော စစ်ကူများက မတ္တရာမြို့အနီး အင်အားစုစည်း၍ အင်ကြင်းမြိုင်ရွာဆီသို့ ရေမြောင်းလမ်းပေါင်အတိုင်း ကား ၃ စီးစီဖြင့် ယဉ်တန်းနှစ်ခု ခွဲလာစဉ် ဖြတ်တောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“စစ်ကောင်စီတပ်က မနက်လင်းမှ စစ်ကူလာတာ တွေ့ရတယ်။ စစ်ကူလာတော့လည်း ကြားဖြတ်တိုက်ခိုက်ခံရတာ ရှိတယ်။ အဲ့ဒီနောက်မှာတော့ အင်အား ၅၀-၆၀ လောက်ပါတဲ့ စစ်ကြောင်း ၆ ကြောင်းလောက် ဝင်လာတာ တွေ့ရတယ်” ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်အင်အားများ အပါအဝင် ကပ်လျက်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ မတ္တရာမြို့နယ်အရှေ့ခြမ်းသို့ စုပြုံ၍ စစ်ကူရောက်လာကြကြောင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။
ထိုစစ်ကြောင်းများကြောင့် လက်ရှိတွင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံအများအပြား တိမ်းရှောင်နေရသည်ဟု သိရသည်။
မြို့နယ်အရှေ့ခြမ်းရှိ အောင်ချမ်းသာ၊ မြောင်းဦး၊ ကြပ်ပြင်၊ မြောင်းသစ်၊ ရှားစေးချက်၊ ချောင်းပေါက်၊ ကျွဲကျ၊ သပြေလှ၊ ကျောက်ဆည်လေး၊ ရေပြန်တောင်၊ စခန်းသာ၊ ဇီးဖြူပင်၊ ကြာပင်၊ သဖန်းကိုင်း စသည့် ရွာများနှင့် အင်ကြင်းမြိုင်၊ ဆည်တော် စသည့် ၁၆ ရွာထက်မနည်းမှ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ကောင်စီတပ် ရွာနှင့် ဝေးသည့် နေရာရောက်မှ ရွာသားများ နေရပ်ပြန်ကြမည်ဟု စစ်ရှောင်နေသည့် ရွာသားတစ်ဦးက ပြောသည်။
“ရွာတွေကတော့ များတယ်၊ ကျွန်တော်တို့ကတော့ နီးစပ်ရာ တောတောင်တွေထဲ ရှောင်ကြရတာပါ၊ ဒီဘက်မှာကတော့ စစ်ဘေးရှောင်စခန်းလည်း မရှိဘူးဆိုတော့လေ။ အခုတော့ ဘယ်လောက်ကြာအောင် ထိုးမလဲ မသိဘူး။ အခါတိုင်း စစ်ကြောင်းထိုးရင်တော့ သုံးလေးငါးရက် ကြာတတ်တာပေါ့” ဟု သူက ပြောသည်။
အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်သည် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။ တောင်ပြုန်းပွဲတော်ကြောင့် ထင်ရှားသည့် မတ္တရာမြို့နယ်အတွင်း အခြားစစ်ရေးပစ်မှတ်တစ်ခုမှာ ထီးတော်မိုးကျေးရွာအနီးရှိ စစ်သားစုဆောင်းရေးတပ် ဖြစ်သည်။
မကြာသေးမီရက်ပိုင်းက မတ္တရာနယ်အရှေ့ခြမ်းတွင် အခြေစိုက်သည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ဖမ်းဆီးခံထားရသည်။
မန္တလေးတိုင်း PDF သည် ပြီးခဲ့သည့် မေလအတွင်းက သပြေညိုစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနှင့် ကပ်လျက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ တစ်လနီးပါး ကြာမြင့်သည့် နောင်ချိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိအဆင့်များ ပါဝင်သလို PDF ဘက်မှလည်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှ မန္တလေးတိုင်း PDF ကို အမှတ် (၁၂၀၁) ၊ (၁၂၀၂) ၊ (၁၂၀၃) ၊ (၁၂၀၄)၊ (၁၂၀၅) စသည့် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)