ယမန်နေ့ (ဇွန် ၂၅) မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့တွင် ယနေ့ နံနက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒေသခံများကို မွန်းတည့်ချိန်မတိုင်ခင် မြို့မှ ထွက်ခွာကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲပထမနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ တအာန်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ပူးပေါင်းတပ်များက မြို့နယ်အတွင်းရှိ အုမ္မတီးလမ်းခွဲမှ စစ်စခန်း၊ မြို့အနောက်ဘက် ကပ်လျက်ရှိ ခမရ (၁၁၅) ကို တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြို့အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်း၊ ဆေးရုံနှင့် စစ်မှုထမ်းဟောင်းရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့သည်၊ ယနေ့နံနက်တွင် မြို့ပေါ်ရှိ နေရာအများစုကို သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးလာ၍ တိုက်ပွဲဆက်ဖြစ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှေ့တန်းတပ်ဖွဲ့ဝင်များကို ကိုးကားပြီး ပြောသည်။
“(နောင်ချိုမြို့ကို) သိမ်းပြီးတော့ တောင်ဘက်ကနေ ထင်တယ်၊ အင်အားအလုံးအရင်းနဲ့ ပြန်ပြီးတော့ ထိုးနေတာရှိတယ်။ စကစက ပြန်တက်လာတာပေါ့။ သေချာ မထိန်းသိမ်းနိုင်သေးဘူးလား။ ထိန်းထားပြီလားဆိုတာ တိတိကျကျတော့ မသိသေးဘူး” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
ဒေသခံတချို့ကလည်း ယမန်နေ့မွန်းလွဲမှ စတင်ကာ မြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ၊ စစ်မှုထမ်းဟောင်းရုံး၊ ထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဌာနဆိုင်ရာ အဆောက်အအုံအများစုကို TNLA နှင့် ပူးပေါင်းတပ်များ ထိန်းထားနိုင်ပြီဖြစ်သော်လည်း ယနေ့နံနက်အထိ မြို့ပေါ်ရှိ နေရာတချို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ပြောသည်။
မြို့မှ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည့်အတွက် ဒေသခံအများစု မြို့မှ ထွက်ခွာနေသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“နောင်ချိုမြို့ထဲကနေ ဒီမနက်ပြေးလာရပြီ။ ၁၂ နာရီနောက်ပိုင်း အပြီးစစ်ရှောင်ခိုင်းလို့ ၁၂ မထိုးခင် ထွက်လာကြတာ။ နောင်ချိုမြို့ထဲမှာ ရဲစခန်းတွေဘာတွေတော့ သိမ်းပြီးသွားပြီ။ အရေးကြီးဌာနဆိုင်ရာတွေကိုလည်း သိမ်းပြီးသွားပြီ” ဟု အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။
“မြို့ထဲမှာ ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတယ်”
ယနေ့ နံနက် ၆ နာရီမှစတင်ကာ ဘူတာရပ်ကွက်နှင့် ဈေးရပ်ကွက်တို့တွင် တိုက်ပွဲများဆက်ဖြစ်နေသည်၊ ထိုရပ်ကွက်များတွင် ဌာနဆိုင်ရာရုံးများရှိသည်ဟု သူက ဆက်ပြောသည်။
လတ်တလော လမ်းပွင့်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ခွာသွားကြသူများ ရှိသလို တချို့ကလည်း ဘုန်းကြီးကျောင်းများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု နောင်ချိုမြိုခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
“လောလောဆယ်တော့ မြို့ဝန်းကျင်က ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ အများစုရှိတယ်။ တောင်ကြီးဘက် ရပ်စောက်ဘက်လည်း သွားကြတယ်။ အခြေအနေမကောင်းရင်တော့ အဲဒီဘက်လည်း သွားကြရမှာပါ” ဟု သူက ပြောသည်။
နောင်ချိုမြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၁၁၅)၊ ခမရ (၁၁၄) ကို TNLA ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ အမြောက်တပ်ကို ပူးပေါင်းတပ်က သိမ်းပိုက်နိုင်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း TNLA က အတည်မပြုသေးပေ။
ထို့ပြင် ပြင်ဦးလွင်-လားရှိုး ကားလမ်းတစ်လျှောက် နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကာ ဘန့်ဘွေးကျေးရွာအနီး စစ်စခန်းများသာ ကျန်ရှိနေကြောင်း ဒေသခံတို့က ပြောသည်။
နောင်ချိုမြို့တောင်ဘက်တစ်လျှောက် ကျေးရွာများဖြစ်သည့် ကျောက်ကြမ်း၊ အုမ္မခါး၊ အုမ္မသီး၊ ဂန့်ဂေါ စသည့်ကျေးရွာများရှိ စစ်ကောင်စီတပ်စခန်းများကို TNLA+PDF ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်ကာ၊ စစ်ကောင်စီတပ်အနေဖြင့် ဘန့်ဘွေးကျေးရွာတွင်း ရဲစခန်း၊ ရွာအရှေ့ဘက်ရှိ ကော်ဖီခြံအတွင်း စစ်စခန်းများသာ ကျန်ရှိနေကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီ၏ တပ်စခန်းများတွင် အင်အားဖြည့်တင်းခြင်း၊ သွားလာခြင်းများ မတွေ့ရသော်လည်း ဘန့်ဘွေး၊ ဝက်ဝံ စသည့်ကျေးရွာများအနီး စစ်စခန်းများမှ လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားနေရကြောင်းလည်း ပြောသည်။
ကျောက်မဲမြို့အခြေအနေ
အလားတူ ကျောက်မဲမြို့တွင်လည်း ယနေ့နံနက် ၈ နာရီခွဲခန့်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ရဲစခန်းကိုလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတချို့က ပြောသည်။
လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရသည်ဟု အသက် ၄၀ ခန့်အရွယ် ကျောက်မဲမြို့ခံ အမျိုးသားက ပြောသည်။
“၈ နာရီခွဲလောက်မှ လက်နက်ကြီးတစ်လုံး ပစ်သံကြားရတယ်၊ ပြီးရင် လက်နက်ငယ်သံလေးတွေ ကြားရတယ်၊ ပြီးတော့ ခဏနားသွားပြီး ၉ နာရီလောက်မှာ လက်နက်ကြီး သုံးလေးလုံးလောက် ထပ်ပစ်တယ်” ဟု သူက ပြောသည်။
ယနေ့နံနက် တိုက်ပွဲမဖြစ်မီ မြို့မဈေးကြီးမှ စျေးသည်တို့က ပစ္စည်းများ အလျင်အမြန်သယ်ယူကြသလို ဒေသခံတချို့လည်း အလုအယက်ဈေးဝယ်ယူကြသည်၊ ပစ်ခတ်သံများ ပြန်ကြားရပြီးနောက် မြို့မှာ ပြန်လည် တိတ်ဆိတ်သွားသည်ဟု သူက ဆက်ပြောသည်။
မြို့စွန်ရပ်ကွက်တချို့တွင် TNLA တပ်များ ဝင်ရောက်နေရာယူထားကြသည်၊ မြို့ပေါ်တွင်လည်း ယူနီဖောင်းဝတ်မထားသည့် လက်နက်ကိုင်တချို့ကို တွေ့ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းများကို ပိတ်လိုက်သည့်အတွက် မြို့တွင်း၌ ဒေသခံအများအပြား ပိတ်မိနေပြီး မိမိနေအိမ်များအတွင်း၌သာ ပုန်းအောင်းနေကြရသည်ဟု သိရသည်။
ယမန်နေ့က ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက် (၈) အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်တစ်လုံးကို ထိမှန်ပြီး အသက် ၄၄ နှစ်အရွယ် ကိုမျိုးဆိုသူ ဒေသခံ သေဆုံးသည်၊ ရပ်ကွက် (၉) ရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ဆန်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။
ဒဏ်ရာပြင်းထန်သူ ၃ ဦးရှိပြီး ၎င်းတို့ကို ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိခိုက်သူများထဲတွင် ကလေးတစ်ဦး ပါဝင်ကြောင်း လူမှုကူညီရေးအသင်းမှ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့သယ်တာ နှစ်ယောက်ပေါ့နော်၊ တစ်ယောက်ကတော့ ဆုံးသွားတယ်၊ အပြင်းအထန်ထိခိုက်ဒဏ်ရာကတော့ မနေ့ညက သုံးယောက်ပေါ့၊ ကလေးလေးက ပေါင်တစ်ဖက်ကျိုးတယ်၊ လူကြီးတစ်ယောက်ကတော့ ပေါင်နှစ်ဖက်ကျိုးသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
TNLA ကလည်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် (၃၂၅) အမြောက်တပ်နှင့် မြို့အဝင် စခန်းသာတွင် ယနေ့နံနက် ၆ နာရီခန့်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်နေသည့်သတင်းသာ ကြားရပြီး မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ စသည့်တို့မှ တိုက်ပွဲအသေးစိတ်သတင်းများကို မကြားရသေးဟု ပြောသည်။
၂၀၂၁ တွင် အာဏာသိမ်းပြီး နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်က တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။
၂၀၂၃ အောက်တိုဘာ ၂၇ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီကို “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ အောင်ပွဲ အကြီးအကျယ်ရရှိခဲ့သည်။
တရုတ်၏ ဖိအားကြောင့် ရပ်တန့်လိုက်ထားရသည့် ထိုးစစ် ပြန်လည်စတင်ရာ ရှမ်းပြည်နယ်ရှိ နောင်ချို၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်တို့တွင် TNLA က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။
MDY-PDF, ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) နှင့် ရှမ်းပြည်နယ်မြာက်ပိုင်းမဟာမိတ်တပ်ရင်း (NSSAA) တို့လည်း TNLA နှင့်အတူ ပါဝင်တိုက်ခိုက်နေသည်။
စစ်ကောင်စီတပ်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကာ မကြာခဏတိုက်ခိုက်နေသောကြောင့် ခုခံစစ်အနေဖြင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်သည်ဟု TNLA က ပြောသည်။