သတင်း

TNLA ၏ နောင်ချိုနှင့် ကျောက်မဲမြို့သိမ်းတိုက်ပွဲ နောက်ဆုံးရသတင်းများ

နောင်ချိုမြို့ပေါ်ရှိ မြို့အနောက်ဘက် မိုးဇလရုံး၊ မြို့အထွက်ရှိ တိုးဂိတ်နှင့် မြို့လယ်ရှိ ရဲစခန်းများကို ယမန်နေ့က TNLA က သိမ်းပိုက်လိုက်ပြီး ယနေ့တွင် မြို့ပေါ် နေရာတစ်ချို့တွင် တပ်စွဲကာ မြို့ကို ထိန်းချုပ်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့နှင့် နောင်ချိုမြို့၏ နေရာအများစုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ (ဇွန်လ ၂၆) တွင် ထိန်းချုပ်ထားနိုင်ကြောင်း မြို့ခံများက ဆိုသည်။

ယနေ့ နံနက် ၉ နာရီခွဲကျော်တွင် ကျောက်မဲမြို့ပေါ် လက်ကျန်စခန်းဖြစ်သည့် အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်ရဲစခန်းကို TNLA က သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်ကြောင်း ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေ လုံး၀ကင်းစင်သွားပြီ။ မြို့ပြင်က စကခ ၁ ဘက်မှာ တိုက်ပွဲတွေ ရောက်သွားတာပေါ့။ “ ဟု ပြောသည်။

မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို လိုက်လံရှင်းလင်းပြီး TNLA က မြို့ပေါ် နေရာယူထားခြင်းမရှိဘဲ မြို့ပတ်ဝန်းကျင်များတွင်သာ နေရာယူ ထိန်းချုပ်ထားဟု အထက်ပါ အမျိုးသားက ဆိုသည်။

မြို့မြောက်ဘက်ရှိ အခိုင်မာတပ်စွဲထားသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁) နှင့် ခြေလျင်တပ်ရင်း အမှတ် (၅၀၁၊ ၅၀၂ )တို့ကို TNLA က ဆက်လက်တိုက်ခိုက်နေပြီး နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်နေသည်။

မြို့ အနောက်မြောက်ဘက် ၂ မိုင်အကွာ ငြိမ်းချမ်းရေးကုန်းရှိ စစ်ကောင်စီတပ်စခန်း၊ ကျောက်မဲ-နောက်ချိုလမ်းပိုင်းပေါ်ရှိ မြို့နှင့် ၆ မိုင်အကွာက စခန်းသာတပ်စခန်းနှင့် မြို့ပေါ် အမှတ် (၇) ရပ်ကွက်ရှိ ခရိုင်ရဲရုံး၊ ဌာနဆိုင်ရာရုံးများကို TNLA က သိမ်းပိုက်ထားသည်။

ကျောက်မဲမြို့ခံများသည် မြို့ပေါ်နေအိမ်များတွင်သာ ခိုလှုံနေကြပြီး ယနေ့မနက်အစောပိုင်းတွင် မြို့၏နေရာတစ်ချို့တွင် အခြေခံစားသောက်ကုန်များ အလုအယက် ဝယ်ယူနေကြကာ မြို့ပေါ် ပြန်လည်တိတ်ဆိတ်နေသည်။

နောင်ချိုမြို့အခြေအနေ

နောင်ချိုမြို့ပေါ်ရှိ မြို့အနောက်ဘက် မိုးဇလရုံး၊ မြို့အထွက်ရှိ တိုးဂိတ်နှင့် မြို့လယ်ရှိ ရဲစခန်းများကို ယမန်နေ့ (ဇွန် ၂၅) ညနေ ၄ နာရီခန့်တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်နေရာတချို့တွင် တပ်စွဲကာ မြို့ကို ထိန်းချုပ်ခဲ့သည်။

မြို့အနီးရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများဖြစ်သည့် မြို့အနောက်ဘက် ၁ မိုင်အကွာရှိ ခြေမြန်တပ်ရင်း (၁၁၄၊ ၁၁၅) နှင့် မြို့တောင်ဘက် ၂ မိုင်အကွာရှိ အမြောက်တပ်စု (၆၀၆) တို့ကို TNLA က တစ်နေ့ကုန်နီးပါး စီးနင်းတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားသောကြောင့် ထိုစခန်းများ ကျသွားကြောင်း မြို့ခံများက ယူဆပြောဆိုကြသည်။

ယနေ့ မနက်ပိုင်းတွင် မြို့ပေါ်ရှိ မြို့မစျေးနှင့် ရဲစခန်းအနီးတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ မြို့ပေါ်တွင် ပြန်လည်ရောက်ရှိလာကြောင်း နောင်ချိုမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီမနက်တော့ မြို့ပေါ်မှာ အပြန်အလှန်ပစ်သံတွေ ပြန်ကြားလာတယ်။ ဘယ်လိုဖြစ်လို့ စစ်ကောင်စီတပ်သားတွေ မြို့ပေါ်ပြန်ရောက်လာလဲမသိဘူး။ မနေ့ညကနေ အခုထိ ခမရ ၁၁၄၊ ၁၁၅ နဲ့ အမြောက်တပ် ၆၀၆ တပ်တွေမှာ ပစ်ခတ်သံတွေ မကြားရတော့ဘူး သိမ်းလိုက်ပြီလို့ ပြောကြတာ။ “ ဟု ပြောသည်။

အမြောက်တပ်စု ၆၀၆ တပ်က အနီးရှိ ဒေသခံတစ်ဦး၏ ၂၄ ဘီးတွဲကားရှည်တစ်စီးကို မနေ့ ညပိုင်းတွင် အတင်းယူဆောင်ပြီး မြို့တောင်ဘက် ၂၀ မိုင်ကျော်ကွာဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အသွားလမ်းပေါ်ရှိ တောင်ခမ်း အမြောက်တပ်စုတွင် တပ်ဆုတ်သွားခဲ့ကြောင်း အထက်ပါ မြို့ခံက ဆိုသည်။

တိုက်ပွဲများကြောင့် နောင်ချိုမြို့ခံ ထက်ဝက်ခန့်သည် နီးစပ်ရာ ကျေးရွာများတွင် သိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်ကျန်ရစ်နေသူများက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို စိုးရိမ်နေကြဟု ဆိုသည်။

ကျောက်မဲနှင့် နောင်ချိုမြို့တို့ တိုက်ပွဲတွင် TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF/DPLA တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်တချို့ ပါဝင်တိုက်ခိုက်နေဟု စုံစမ်းသိရသည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲသည် မြို့အနီး ရောက်ရှိလာနေကြောင်း သိရသည်။

Show More

Related Articles

Back to top button