သတင်း

ကျောက်မဲနှင့် နောင်ချိုမြို့ပေါ်အထိ TNLA တပ်များရောက်လာ

ကျောက်မဲခရိုင်ရဲရုံးနှင့် ဌာနဆိုင်ရာရုံးများကို TNLA က ဝင်ရောက်စီးနင်းပြီး သိမ်းပိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အဆိုပါ မြို့နှစ်မြို့လုံးရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံတချို့ကို ယနေ့ (ဇွန် ၂၅) ညနေပိုင်းတွင် သိမ်းပိုက်ထားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်စွဲထားသည့် ကျောက်မဲမြို့ ရပ်ကွက် (၇) ရှိ ကျောက်မဲခရိုင်ရဲရုံးကို TNLA နှင့် ပူပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်သည်ဟု အသက် ၄၀ ခန့်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလိုက်သည့် မီးသတ်ရုံးရှိသည့် ရပ်ကွက် (၂) တွင် ပစ်ခတ်သံများကြားနေရသည်၊ မွန်းလွဲ ၂ နာရီခန့်တွင် TNLA တပ်များ မြို့ပေါ်ရှိ နေရာအများစုတွင် ရောက်ရှိနေပြီး မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

“နေ့လယ် ၂ နာရီလောက်ကတည်းက မြို့ကို စီးတော့ စီးနေတာပဲ၊ လက်ရှိကလည်း ဖြစ်နေတုန်းပဲ၊ ဟိုဘက်ဖြစ်လိုက် ဒီဘက်ဖြစ်လိုက်နဲ့၊ အသံက အခုချိန်ထိတော့ မရပ်သေးဘူး” ဟု အထက်ပါ မြို့ခံအမျိုးသားက ယနေ့ညနေ ၄ နာရီခန့်က ပြောသည်။

မွန်းလွဲ ၃ နာရီခန့်တွင် ကျောက်မဲမြို့မဈေး၏ မြောက်ဘက်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်မှု ရှိမရှိ မသိရသေးဟု အထက်ပါမြို့ခံအမျိုးသားက ပြောသည်။

တအာင်း TNLA တပ်မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – PSLF/TNLA)

ယနေ့နံနက် ၆ နာရီခန့်မှ စတင်ပြီး မြို့အနောက်မြောက်ဘက်ရှိ ငြိမ်းချမ်းရေးကုန်းမှ တိုက်ပွဲဖြစ်ပွားသံများကြားနေရသည်၊ ထို့ပြင် မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် ခမရ (၅၀၁) နှင့် ခမရ (၅၀၂) တို့ဘက်တွင်လည်း ပစ်ခတ်သံများကို ကြားနေရသည်ဟု ဒေသခံတချို့က ပြောသည်။

နံနက်အစောပိုင်းမှစတင်ကာ မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်သည့်အတွက် နှစ်ဖက်ပစ်ခတ်မှုများအကြား မြို့ခံအများစုမှာ မိမိတို့၏ နေအိမ်များတွင်း၌သာ ပုန်းအောင်းနေကြသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကျောက်မဲမြို့နှင့် ကပ်ရပ်တွင်ရှိသည့် ပန်ဟတ်ရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို မြို့ပေါ်ရှိ ဒေသခံအမျိုးသားတစ်ဦးလည်း လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။

“အခုပြောနေကြတာကတော့ ပန်ဟတ်နဲ့ မြို့ပေါ်က တစ်ယောက်သေတယ်ပြောတယ်၊ ဒါပေမဲ့ သေတဲ့သူက ၄ ယောက်လောက်ရှိနေပြီ၊ အပြင်ထွက်မရတဲ့အခါကျတော့ ဘယ်သူမှလည်း အလောင်းသွားမကောက်ရဲကြဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးသားက ပြောသည်။

ကျောက်မဲမြို့တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး TNLA ပြန်ကြားရေးရုံးကို ဆက်သွယ်ရာ မြေပြင်ရှိ အသေးစိတ်အချက်အလက်များကို မသိရသေးဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

အလားတူ နောင်ချိုမြို့ပေါ်ကိုလည်း TNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးတချို့ကို သိမ်းပိုက်ထားသည်ဟု သိရသည်။

ရဲစခန်းအပြင် စစ်မှုထမ်းရုံးကိုလည်း သိမ်းပိုက်ထားသည်ဟု သတင်းကြားရကြောင်း၊ စစ်မှုထမ်းဟောင်းရုံးများအနီးတွင်လည်း TNLA တပ်စွဲထားပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မြို့ခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ TNLA နှင့် ပူးပေါင်းတပ်များ မြို့တွင်းသို့ ဝင်ရောက်လာပြီး ရဲစခန်း၊ ဆေးရုံနှင့် မီးသတ်ဌာနတို့ကို သိမ်းပိုက်ထားပြီး မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း မြို့ခံတစ်ဦးကို ကိုးကားပြီး Shan News သတင်းဌာနက ရေးသားထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရန်ချန်နယ်တချို့တွင်လည်း နောင်ချိုမြို့တွင်း TNLA တပ်များရောက်ရှိနေပြီး ရဲစခန်းကို သိမ်းပိုက်ထားကြောင်း၊ ပြည်သူ့ဆေးရုံရှေ့တွင်လည် TNLA တပ်များ တပ်စွဲထားကြောင်း ရေးသားထားကြသည်။

တအာင်းတပ် TNLA ၏ ထိုးစစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေသည်။

ထို့ပြင် နောင်ချိုတိုက်ပွဲအတွင်း TNLA ပူးပေါင်းတပ်များနှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) ကလည်း ပါဝင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်လာသည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယခုနှစ် ဇန်နဝါရီလဆန်းတွင် ရှမ်းမြောက်၌ တိုက်ပွဲများ ရပ်တန့်ရေး ယူနန်ပြည်နယ် ကူမင်းမြို့ရှိတွင် ဆွေးနွေးပြီး သဘောတူခဲ့ကြသည်။

သို့သော် စစ်ကောင်စီတပ်က အဆိုပါ သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး မိမိတို့ကို တိုက်ခိုက်နေသည့်အတွက် ခုခံစစ်ပြန်လည်ဆင်နွှဲနေခြင်းဖြစ်ကြောင်း TNLA က ပြောသည်။

Show More

Related Articles

Back to top button