စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား ရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို စစ်ကောင်စီတပ်က ချိုးဖောက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြောသည်။
ညီနောင်သုံးဖွဲ့ဖြစ်သော TNLA, အာရက္ခတပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့သည် ၂၀၂၄ ခုနှစ် မတ်လအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် စစ်ကောင်စီနှင့် ဆွေးနွေးရာမှ ရလာသော အပစ်ရပ်ရေး သဘောတူခဲ့ကြသည်။
ဟိုင်ဂင်သဘောတူညီချက်တွင် ရှမ်းပြည်နယ်အတွင်း ညီနောင်သုံးဖွဲ့၏ ထိုးစစ်များရပ်တန့်ရန်၊ စစ်ကောင်စီတပ်ကလည်း လက်လွှတ်ထားရသည့် နယ်မြေများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန်တို့ ပါဝင်သည်။
သို့သော် ထိုသဘောတူညီချက်ကို စစ်တပ်က လျစ်လျူရှုပြီး TNLA ထိန်းချုပ်ဒေသများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ လုပ်နေသည်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ လွေးယေဦးက ပြောသည်။
“စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေက ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်နေပြီးသားဖြစ်တယ်၊ အကြိမ်ကြိမ်လည်း ချိုးဖောက်တယ်” ဟု လွေးယေဦးက ပြောသည်။
“သူတို့ဘက်က (တိုက်ပွဲ) ဖော်ဆောင်နေပြီလားဆိုတာက မပြောတတ်သေးဘူး၊ ဒါပေမဲ့ လက်ရှိတွေ့နေတာက ကျွန်မတို့ကို ဦးတည်ပြီး တိုက်ခိုက်နေတဲ့ ပုံစံဖြစ်ပါတယ်”
ဇွန်လ ၁၈ ရက်နေ့က နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၃ မိုင်ခန့်အကွာရှိ ဆမ္မဆယ်ရွာအနီး TNLA တပ်စခန်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကြဲကာ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် TNLA ရဲဘော်တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယမန်နေ့ (ဇွန် ၁၉) တွင်လည်း ထိုစခန်းကိုပင် ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦး ထပ်မံသေဆုံးသည်ဟု TNLA က ဆိုသည်။
တစ်ရက်တည်းမှာပင် ကျောက်မဲမြို့နယ် တောင်နီကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရသည်၊ ရွာအတွင်းရှိ လူနေအိမ်နှစ်လုံးလည်း ပျက်စီးသွားခဲ့သည်ဟုလည်း သိရသည်။
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ထိစပ်နေသည့် နေရာတွင် TNLA တပ်ဖွဲ့များအပြင် MDY-PDF အဖွဲ့များပါ လှုပ်ရှားလေ့ရှိသည်။ သို့သော် ယမန်နေ့က ဗုံးကြဲခံရသည့် မိုးကုတ်မြို့ တောင်နီရွာတွင် TNLA စခန်းမရှိဟု လွေးယေဦးက ပြောသည်။
“မနေ့က မိုးကုတ်မှာ တိုက်ပွဲလည်း မရှိဘူး၊ တောင်နီကျေးရွာနားမှာလည်း ကျွန်မတို့ တပ်စခန်းတစ်ခုမှ မရှိဘူး၊ သက်သက်မဲ့ ပစ်တယ်လို့ ပြောလို့ရတယ်” ဟု သူက ဆိုသည်။
“တုံ့ပြန်မှုနဲ့ ပတ်သက်ပြီးတော့တော့ ကျွန်မ ဘာမှ ပြောနိုင်ခြင်းတော့မရှိသေးဘူး၊ ဗဟိုကလည်း ဘာမှ ညွှန်ကြားထားတာ မရှိသေးဘူး၊ လက်ရှိကတော့ ကျွန်မတို့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ကျွန်မတို့ ပြုစုထားတာရှိပါတယ်”
စစ်ကောင်စီကမူ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ဟိုင်ဂင်သဘောတူညီချက်အရ တိုက်ပွဲများ ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ရှမ်းမြောက်တွင် စစ်ပြင်မှုများပြုလုပ်နေပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့်မြို့များတွင် လမ်းများကို ဖျက်ဆီးထားကြသည်။
ထို့ပြင် ပြီးခဲ့သည့် မေလကလည်း လားရှိုးမြို့သို့ စစ်အင်အား ၃၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းအများအပြား ပို့ဆောင်ခဲ့ပြီး ဇွန် ၁၅ ရက်မှ စတင်ကာ မြို့တွင်း၌ စစ်ပြင်နေသည်ဟု ဒေသခံများက ဆိုသည်။