သတင်း

ဖမ်းဆီးခံ တောင်ကုတ် NLD အမတ်လောင်း သုံးဦးကို AA ပြန်လွှတ်

ရက္ခိုင့်တပ်တော် (AA) က ရက်ပေါင်း ၇၉ ရက်ကြာ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်မှ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ယနေ့တွင် မင်းပြားမြို့နယ်အတွင်းရှိ မီးချောင်းသိုက်ရွာ၌ လွှတ်ပေးမည်ဟု AA အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုသည်။

“ရက္ခိုင့်တပ်တော်ရဲ့ လွှဲပြောင်းရေးအဖွဲ့ကနေပြီး မြန်မာစစ်တပ်ရဲ့လက်ခံရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စိုးတင့် ဦးဆောင်တဲ့အဖွဲ့ဆီကို ကောင်းကောင်းမွန်မွန်ပြန်လည်လွှဲပြောင်းပြီးတော့မှ လွှတ်ပေးမှာဖြစ်တယ်ဗျ” ဟု ခိုင်သုခက ယနေ့ (ဇန်နဝါရီ ၁ ) တွင် Myanmar Now ကို ပြောသည်။ 

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဒီဇင်ဘာ ၃၀ က အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲရလဒ်အနေနှင့် ယခုလို လွှတ်ပေးခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။ 

သို့သော် NLD ပါတီမှ အမတ်လောင်း ၃ ဦးကို မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ကိုတော့ အတည်ပြုခြင်း မရှိပေ။

ထို့အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားပြီး ဆေးကုသရန် လိုအပ်နေသည့် ဒဏ်ရာရ တပ်မတော်သားသုံးဦးကိုလည်း ပလက်ဝမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ့သူတွေထဲက အသက်ကြီးပြီး နာမကျန်းဖြစ်နေတဲ့သူတွေ၊ နောက် နဂိုကျန်းမာရေးအခံ ချို့ယွင်းပြီးမှ အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေ ပိုပြီးတော့ ဆိုးဝါးလာတဲ့သူတွေ၊ တိုက်ပွဲကာလတွေမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့သူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု အပြန်အလှန်တည်ဆောက်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်ဖြစ်ပေါ်မှုအပေါ် မူတည်ပြီး ကျွန်တော်တို့ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတဲ့ မြန်မာစစ်သားအချို့ကို ကျွန်တော်တို့ ပြန်လည်လွှတ်ပေးမှာ ဖြစ်တယ်ဗျ” ဟု ခိုင်သုခက ပြောသည်။ 

” ဒီမနက် (ဇန်နဝါရီ ၁) မှာ ပလက်ဝဘက်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ခံရေးအဖွဲ့လက်ထံကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်” ဟု ခိုင်သုခက ဆက်ပြောသည်။ 

အဆိုပါ တပ်မတော်သားသုံးဦးမှာ တပ်မ ၇၇ ၏ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်းမှဖြစ်ပြီး ကိုယ်ပိုင်အမှတ် ၆၉၂၁၈၇ အရာခံဗိုလ် ဦးမြင့်အောင်၊ ကိုယ်ပိုင်မှတ် ၄၀၄ ၈၉၄ တပ်သားနန်းဝင်းမောင်၊ ကိုယ်ပိုင်အမှတ်၄၈၁၅၀၈ တပ်သားဝေလင်းအောင်တို့ဖြစ်သည်။ 

၎င်းသုံးဦးကို ၂၀၁၉ ၊ နိုဝင်ဘာ ၁၉ က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပုန်းညင်းဝကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း AA ဘက်က ပြောသည်။ 

NLD အမတ်လောင်းများကို တပ်မတော်တပ်ရင်းတစ်ခုသို့ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရကြောင်း ဖမ်းဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၏အမျိုးသား ဦးလင်းနိုင်က ပြောသည်။

” ပြန်လွတ်တယ် ကြားရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်ပြန်ရောက်မလာသေးတော့ အပြည့်အဝတော့ မပျော်နိုင်သေးဘူးပေါ့ဗျာ” ဟု ကိုလင်းနိုင်က ပြောသည်။ 

ယခုလိုပြန်လည်လွှတ်ပေးသည့်အတွက် AA အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကို ကျေးဇူးတင်ကြောင်း လွှတ်တော်အမတ်လောင်း မချစ်ချစ်ချော၏အစ်မဖြစ်သူ မအေးအေးငြိမ်းက ပြောသည်။

“အရမ်းပျော်ပါတယ်။ ရင်ထဲမှာလည်းပျော်လို့ ငိုချင်သလိုကြီးဖြစ်နေတယ်။ AA ကိုလည်း တကယ်ကို ကျေးဇူးတင်တာပါ” ဟု မအေးအေးငြိမ်းက ပြောသည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ကြပြီး အောက်တိုဘာ ၁၄ နံနက်ပိုင်းတွင် လက်နက်ကိုင် ၁၀ ဦးခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၉ တွင် ၎င်းတို့အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA က အတည်ပြုခဲ့ပြီး အစိုးရက ဖမ်းဆီးအရေးယူထားသည့် နိုင်ငံရေးသမားများနှင့် ဆန္ဒပြကျောင်းသားများကို ပြန်လွှတ်ပေးမှသာ ယင်းကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန်လည်း အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန်  NLD ပါတီကလည်း  ကြေညာချက် သုံးကြိမ်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

တောင်ကုတ်ကိုယ်စားလှယ်လောင်းသုံးဦးနည်းတူ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည်လည်း ၂၀၁၉ နိုဝင်ဘာ ၃ တွင် ပလက်ဝမြို့နယ်နှင့် ကျောက်‌တော်မြို့နယ်ကြားတွင် AA ၏ ဖမ်းဆီးမှု ခံရပြီး နှစ်လခွဲခန့်ကြာမှသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅  တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် AA တို့ အင်တာနက်မှတစ်ဆင့် ဆွေးနွေးခဲ့သည့်အပြင် ဒီဇင်ဘာ ၃ တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဆန်းမြို့တွင်လည်း တစ်နာရီခန့်ကြာ တွေ့ဆုံဆွေနွေးခဲ့ကြသေးသည်။ 

လက်ရှိ ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၈ မှစ၍ တပ်မတော်နှင့် AA အကြား တိုက်ပွဲများရပ်တန့်နေပြီး ဒီဇင်ဘာ ၃၀ တွင် ပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်အနေဖြင့် ရခိုင်တွင် စစ်အင်အားတိုးချဲ့ခြင်း မရှိကြောင်း ပြောထားသည်။

Show More

Related Articles

Back to top button