ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးတွင် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် AA က ယမန်နေ့ (ဇွန် ၁၇) နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
AA က အဆိုပါ ရေတပ်စခန်းကို တိုက်ခိုက်ကြောင်း ၁၀၂၇ စစ်ဆင်ရေးကာလ ဇန်နဝါရီလအတွင်း ကြေညာခဲ့ပြီးနောက် ထိုဒေသတွင် တိုက်ပွဲ လအနည်းငယ်အကြာ ငြိမ်သက်နေရာမှ ဒုတိယအကြိမ်ထိုးစစ်ဆင်ခြင်းဖြစ်သည်။
ဓညဝတီရေတပ်စခန်းဌာနချုပ်သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အရေးပါသည့် ရေတပ်စခန်းလည်းဖြစ်သည်။
ထို့ပြင် စခန်းတည်နေရာသည် တရုတ်-မြန်မာ ရေနံပိုက်လိုင်းအတွက် ရေနံစိမ်းတင်သင်္ဘောများ ဝင်ထွက်ရာ လမ်းကြောင်းပေါ်တွင် တည်ရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကျောက်ဖြူဆိပ်ကမ်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။
ရေတပ်စခန်းအနီးမှ ကျောက်ဖြူမြို့ဘက်သို့ ထွက်ခွာလာသည့် အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းကို မြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ သိုင်းချောင်းရွာအနီးတွင် ယမန်နေ့နံနက် ၇ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး၊ ထိုအထဲတွင် စစ်ကောင်စီက ရက်တိုသင်တန်းပေးထားသည့် မွတ်စလင်ပြည်သူ့စစ်တချို့လည်း ပါဝင်သည်ဟု သိရသည်။
“ပူးပေါင်းစစ်ကြောင်းက မြို့ထဲကို ပြန်တဲ့အချိန်မှာ AA က ဖြတ်တိုက်တာ။ ကားကို အရင်ချတာ။ ၁၀ ယောက်လောက် ကျတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ကြားဖြတ်တိုက်ခိုက်ခံရအပြီးတွင် ကျောက်ဖြူအခြေစိုက် အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြို့အနီးရှိ နှမ်းဖဲတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က တိုက်ပွဲဖြစ်ပွားရာအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရသည်။
ယမန်နေ့ည သန်းခေါင်ယံအချိန်ထိ လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီး ခြောက်လခန့်အကြာ ၂၀၂၁ သြဂုတ်လမှစတင်ပြီး သိုင်းချောင်းကျေးရွာတွင် စစ်တပ် ဝင်ရောက်တပ်စွဲခဲ့သည်ဟု ရခိုင်သတင်းဌာန Narinjara က ကျေးရွာအုပ်ချုပ်ရေးမှူးကို ကိုးကားပြီး ၂၀၂၁ အတွင်းက ရေးသားခဲ့သည်။
ပြည်နယ်၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သော AA တပ်သည် စီးပွားရေးအရ လွန်စွာအရေးပါသည့် ကျောက်ဖြူမြို့ကို အပြီးသတ် တိုက်ခိုက်၊ သိမ်းပိုက်ရေးတွင် တရုတ်အစိုးရ၏ အရိပ်အကဲကို သတိပြုရဖွယ်ရှိသည်။
ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအရာရှိ ၈ ဦးသည် ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများသို့ ယခုလ ၈ ရက်နေ့က စတင်ကာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့သေးသည်။
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများ ရှိသော်လည်း တိုက်ပွဲများရပ်တန့်ရန် အလွန်ခက်ခဲကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ AA သည် ကျောက်ဖြူမြို့ကို လတ်တလော ဝင်တိုက်ရန် အစီအစဉ်မရှိသေးသော်လည်း ယခုနှစ်မိုးရာသီတွင် တိုက်ပွဲများ ရပ်တန့်မည်မဟုတ်ဘဲ လက်ကျန် စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း AA က ထိုးစစ်ကြီး စတင်ခဲ့ပြီး၊ ယခုအခါ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။